- By CNI
- Category: အားကစား
- Hits: 1426
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀
ဘန်လေအသင်းဟာ အခုနှစ်ရာသီ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် ၁ အဖွင့်ပွဲစဉ်အဖြစ် ဟတ်ဒါဖီးစ်အသင်းနဲ့ ကစားခဲ့တာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီး ချန်ပီယံရှစ်ကို ရောက်ရှိလာခဲ့တဲ့ ဘန်လေအသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို မာတ့်ဆန်က သွင်းယူခဲ့တာပါ။
မန်စီးတီး နောက်ခံလူဟောင်း ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေအသင်းဟာ ဒီပွဲမှာ ဟတ်ဒါဖီးစ်အသင်းကို တစ်ပွဲလုံးနီးပါး ဖိကစားသွားခဲ့ပြီး ပြိုင်ဘက် ဂိုးသမားနဲ့ နောက်ခံလူတွေ ကောင်းမွန်နေလို့ ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့ ဟတ်ဒါဖီးစ်အသင်းဟာ နည်းပြသစ်လက်အောက်မှာ ရုန်းကန် နေရပါတယ်။
ဒီပွဲမှာ ဘန်လေအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့ပြီး ဟတ်ဒါဖီးစ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု မရှိခဲ့ပါဘူး။

ဘန်လေနဲ့ဟတ်ဒါဖီးစ်တို့ ယှဉ်ပြိုင်နေစဉ်
ဘန်လေအသင်းနည်းပြ ကွန်ပနီက “ကစားကွက် နည်းစနစ်တွေ အကြောင်း အများကြီး ကြားခဲ့ရပါတယ်။ ဒါပေမယ့် ကျနော် လိုချင်တာက ဘန်လေဖြစ်ပြီး၊ ဘန်လေက အလုပ်ကြိုးစားရပါမယ်။ ရဲရဲရင့်ရင့် ကစားနိုင်တဲ့ ကစားသမားတွေကို ကျနော် တွေ့ခဲ့ပါတယ်။ ဒီမှာ အခြေခံ ကောင်းတွေလည်း ရှိပါတယ်။ ဒါကို တစ်ချိန်ချိန်မှာ ပုံမှန်ထုတ်လုပ်နိုင်မှာပါ။ ဒီနေ့မှာတော့ ကောင်လေးတွေအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပြီး မနက်ဖြန် ထပ်သွားကြတာပေါ့လို့” ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဟတ်ဒါဖီးစ် အသင်းနည်းပြ ဒန်နီက “ဘန်လေအသင်းရဲ့ ကွင်းလယ်ပိုင်း စိုးမိုးထားတာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အပြောင်းအလဲတွေ လုပ်ခဲ့လို့ ပြိုင်ဆိုင်မှု ပိုမိုကောင်းမွန်လာတယ်လို့ ထင်ပါတယ်။ ဘောလုံး ပေးပို့မှုတွေကလည်း မကောင်း မွန်ခဲ့ပါဘူး။ ဒါက ရာသီရဲ့ ပထမဆုံးပွဲပါ။ ဘန်လေနဲ့ ပွဲက ခက်ခဲတဲ့စမ်းသပ်မှုတွေ ဖြစ်ခဲ့တာကြောင့် ဒီကနေ သင်ယူစရာတွေ သင်ယူပြီး တိုးတက်အောင်လုပ်ကာ လာမယ့်ပွဲအတွက် အဆင်သင့် ဖြစ်နေရမယ်”လို့ ပြောခဲ့ပါတယ်။
ဘန်လေအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် ၂ အဖြစ် လူတန်တောင်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဟတ်ဒါဖီးစ် အသင်း ကတော့ ဘာမင်ဂမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒီပွဲတွေကို သြဂုတ်လ ၆ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1400
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀
ရော်နယ်ဒိုက တနင်္ဂနွေနေ့ အိုးထရက်ဖိုဒ့်မှာကစားမယ့် ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်း အတွက် ပါဝင်ကစားမှာဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။
အခုနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုဟာ မိသားစုအကြောင်း ပြချက်နဲ့ အသင်းရဲ့ရာသီကြိုခရီးစဉ်တွေကို မလိုက်ပါခဲ့ပါဘူး။ပေါ်တူဂီကစားသမားဟာ သောကြာနေ့က အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဒါပေမယ့် အသလက်တီကိုအသင်းနဲ့ ကစားဖို့ အော်စလိုကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့လူစာရင်းမှာ ရော်နယ်ဒို မပါဝင်ခဲ့ပါဘူး။ ဘောလွန်း ဒီအော ၅ ကြိမ်ရ ကစားသမားဟာ ဗယ်လက်ကာနိုနဲ့ ပွဲမှာတော့ သူပါဝင်ကစားမယ်လို့ အင်စတာဂရမ်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
နော်ဝေမှာကစားမယ့်ပွဲမှာ ရော်နယ်ဒို မပါဝင်တဲ့အကြောင်းနဲ့ပတ်သက်ပြီး ကစားသမားရဲ့ ဖန်ပေ့ချ်တစ်ခုက မှတ်ချက်ပေးခဲ့တာပါ။ဒီအချိန်မှာ ရော်နယ်ဒိုက “တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ အသလက်တီကိုနဲ့ပွဲအတွက် ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆန်၊ လီဆန်ဒရိုမာတီးနတ်စ်အပါအဝင် ကစားသမား ၂၁ ဦးကို ခေါ်ဆောင်သွားခဲ့တာပါ။အော်စလိုကိုသွားတဲ့ ခရီးစဉ်မှာ မပါဝင်တဲ့ ကစားသမားတွေဟာ ဗယ်လက်ကာနိုနဲ့ပွဲမှာ ပါဝင်ကစားသွားမယ်လို့ ယူနိုက်တက်အသင်းက ထုတ်ပြန် ထားပါတယ်။

ရော်နယ်ဒိုဟာ အင်္ဂါနေ့က နည်းပြ အဲရစ်တန်ဟတ်နဲ့ တွေ့ဆုံခဲ့ပြီး အသင်းက ထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောကြားခဲ့ကာ ရက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ်ခြေစမ်းပွဲမှာလည်း မပါဝင်ခဲ့ပါဘူး။
အဲရစ်တန်ဟတ်က ရော်နယ်ဒိုကို ရောင်းမှာမဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာပါဝင်တယ်ဆိုတဲ့ အကြောင်းကို သတင်းစာရှင်းလင်းပွဲတွေ မှာ ပြောထားခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အခုရာသီသစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာကို ရော်နယ်ဒိုက စိတ်ပျက်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရမယ့် အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။
လက်ရှိအချိန်မှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားခြင်း မရှိ ကြောင်း ပြောထားပါတယ်။
ဒါ့အပြင် အသလက်တီကိုပရိသတ်တွေကလည်း ရော်နယ်ဒိုကို ကြိုဆိုမှာမဟုတ်တဲ့ အကြောင်း စာတန်းတွေချိတ်ဆွဲထားခဲ့သလို အွန်လိုင်းပေါ်မှာလည်း ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ သြဂုတ်လ ၇ ရက်မှာ ပရီးမီးယားလိဂ်ရာသီသစ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1153
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉
ချီလီ ဘောလုံးအဖွဲ့ချုပ်က အီကွေဒေါ အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသုံးပြုလို့မရတဲ့ ကစားသမားကို အသုံးပြုခဲ့ တယ်ဆိုပြီး တိုင်ကြားခဲ့တာကို ပယ်ချခဲ့တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင် လိုက်ပါတယ်။
ဖီဖာရဲ့ ဇွန်လ ၁၀ ရက်က ဆုံးဖြတ်ချက်ကြောင့် အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့်ရဖို့ ရှင်းလင်းခဲ့ပေမယ့် ချီလီကတော့ ဒီကိစ္စကို ဆက်လက် တွန်းအားပေးနေတာပါ။
ချီလီဘောလုံးအဖွဲ့ချုပ်က အီကွေဒေါကစားသမား ကတ်စတီလိုဟာ သူ့ရဲ့ တရားဝင် စာရွက်စာတမ်းမှာ ဖော်ပြထားတဲ့ အတိုင်း ၁၉၉၈ အီကွေဒေါမြို့တော် ပလာရက်စ်မှာ မွေးဖွားခဲ့တာ မဟုတ်ဘဲ ၁၉၉၅ ကိုလံဘီယာနိုင်ငံ တူမာကာမှာ မွေးဖွား ခဲ့တဲ့ အထောက်အထားရှိကြောင်း ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၁၈ ပွဲမှာ ၈ ပွဲ ပါဝင်ကစားခဲ့တဲ့ ကတ်စတီလိုဟာ နိုင်ငံကူးလက်မှတ်နဲ့ မွေးစာရင်းအတုကို အသုံးပြုခဲ့တယ်လို့ ချီလီဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာ ဖြစ်ပါတယ်။
ဖီဖာဟာ အချက်အလက်တွေ အားလုံးကို သုံးသပ်ပြီးနောက် အရေးယူခြင်း မရှိခဲ့ပါဘူး။ ကြာသပတေးနေ့မှာတော့ ချီလီဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ထံ အယူခံဝင်ခဲ့တယ်လို့ ပြောခဲ့တာပါ။

အီကွေဒေါအသင်းမှ ကတ်စတီလိုကို တွေ့ရစဉ်
ချီလီဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက “ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေရဲ့ ကောက်ချက်နဲ့ ပတ်သက်ပြီး ဒါက လုံးဝသေချာပါတယ်။ ကစားသမားက အီကွေဒေါ စာရွက်စာတမ်း အတုတွေကို သုံးတယ်ဆိုတာ လုံးဝရှင်းပါတယ်။ ဒါက ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ နေရာတစ်ခုတည်းတင် မဟုတ်ပါဘူး။ မျှတတဲ့ ကစားနည်းရဲ့ နိယာမတစ်ခုလုံးပါ” လို့ ပြောခဲ့ပါတယ်။
ချီလီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်မှာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်ကာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာပါ။
အီကွေဒေါအသင်းက အဆင့် ၄ နဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အဆင့် ၅ နေရာက ပီရူးအသင်းက ပလေးအော့ဖ် ပွဲစဉ် ကစားခဲ့ရ ပါတယ်။ ပီရူးအသင်းဟာ ပလေးအော့ဖ်ပွဲစဉ်မှာ သြစတြေးလျအသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် နောက်ဆုံး အဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။
အီကွေဒေါအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင် ကာတာ၊ ဆီနီဂေါ၊ နယ်သာလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ ကာတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1674
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉
ဝိန်းရွန်နီဟာ အမေရိကန်ကို ပြောင်းပြီးနောက် ဇနီးသည် ကောလင်းနဲ့ သားဖြစ်သူ ၄ ဦးတို့အတွက် နေအိမ်ကို လုံခြုံရေး တိုးမြှင့်ထားခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။
အင်္ဂလန်နဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဝိန်းရွန်နီဟာ သူတို့နေထိုင်တဲ့ ချက်ရှိုင်းယားဒေသမှာ မိသားစု အရေ အတွက် တိုးလာတာကြောင့် သူ့ရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ ပစ်မှတ်ထား တိုက်ခိုက်ခံမှာကို စိုးရိမ်မှုရှိနေတာပါ။
အဲ့ဒါကြောင့် ဝိန်းရွန်နီဟာ သူတို့ရဲ့ ပေါင်သန်း ၂၀ တန်ကြေးရှိ နေအိမ်တစ်ဝိုက်မှာ လုံခြုံရေးတွေကို တိုးမြှင့်ခဲ့တာ ဖြစ်ပါ တယ်။ အသက် ၃၆ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေ တာကြောင့် မိသားစုကိုထားပြီး တစ်ဦးတည်း အမေရိကန်ကို ထွက်ခွာလာခဲ့တာပါ။
သတင်းရင်းမြစ် တစ်ခုက “ဝိန်းဟာ သူနေထိုင်ရာအနီးမှာ လုယက်မှုတွေ အများကြီး ဖြစ်တယ်ဆိုတာကို သိရှိနားလည်ထားပြီး ဒါဟာ အမြဲတစေ စိုးရိမ်ရတဲ့ အရာပါပဲ။ ဒါကြောင့်လည်း ဝိန်းနဲ့ ကောလင်းတို့ဟာ လုံခြုံရေးကို အချိန်အတော်ကြာအောင် ထားရှိခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ကို မသွားခင်မှာ ကောလင်းနဲ့ ကောင်လေးတွေကို သူအနားမှာ မရှိချိန် ဘေးကင်းစေ ဖို့အတွက် ဝိန်းဟာ အကောင်းဆုံး အစီအမံတွေကို လုပ်ဖို့ အချိန်ယူခဲ့ပါတယ်။ လုံခြုံရေးအဖွဲ့ တစ်ဖွဲ့ကို ၂၄ နာရီ ၇ ရက်လုံး စောင့်ကြည့်ဖို့ အခကြေးငွေ ပေးထားပြီး အိမ်အတွင်း တစ်စုံတစ်ခုဖြစ်ခဲ့ရင် ကောလင်းအနားမှာ ရှိနေနိုင်တယ်လို့” ပြောပါ တယ်။

ဝိန်းရွန်နီရဲ့ နေအိမ်
ဒါ့အပြင် “ကောလင်း အပြင်ထွက်တဲ့ အခါဖြစ်စေ ဒါမှမဟုတ် ကလေးတွေနဲ့ဖြစ်စေ လိုက်ပါဖို့ ရွေးချယ်ခွင့်လည်း ရှိပါတယ်။ ဝိန်း အိမ်မှာရှိနေတာကို ဘယ်လိုမှ အစားထိုးနိုင်မှာ မဟုတ်ပေမယ့် ကောလင်းနဲ့ ကလေးတွေ အကောင်းဆုံး အကာအကွယ် ရှိအောင် လုပ်ခဲ့ပါတယ်။ ဒါမှလည်း စိတ်တည်ငြိမ်စွာနဲ့ သူ့အလုပ်ကို အာရုံစိုက်နိုင်ပြီး ကောင်းမွန်စွာလုပ်ဖို့ ကြိုးစားနိုင်မှာ ပါ”လို့ ပြောပါတယ်။
ဘောလုံးသမား အများအပြားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဓါးပြတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ။ မကြာသေးခင်က အင်္ဂလန်အသင်းရဲ့ နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ရဲ့ နေအိမ်ထဲကို ဓါးပြတွေ ဝင်ရောက်လာခဲ့ပြီး လက်ချောင်းတွေကို ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခြင်း ခံခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်း နောက်ခံလူ ရီစီဂျိမ်းစ်ကလည်း ဓါးပြတွေဟာ သူ့ရဲ့ ချန်ပီယံလိဂ်၊ စူပါဖလားနဲ့ ယူရို ၂၀၂၀ ဆုတံဆိပ်တွေ ပါဝင်တဲ့ မီးခံသေတ္တာကို ယူသွားတယ်လို့ ပြောခဲ့ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1802
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအပေါ်မှာ သစ္စာမရှိဘဲ လီဗာပူးလ်ကို ပြောင်းလို့ရရင်တောင် ပြောင်းမယ့်သူလို့ အဘွန်လဟော်က ပြောလိုက်ပါတယ်။
အဘွန်လဟော်က “ရော်နယ်ဒိုဟာ လီဗာပူးလ်အသင်းကို ပြောင်းလို့ရမယ်ဆိုရင် အခုနွေရာသီမှာ ပြောင်းရွှေ့ သွားနိုင်ပါတယ်။သူတို့က ယူနိုက်တက်ရဲ့ကြီးမားတဲ့ ပြိုင်ဘက်ဖြစ်ပေမယ့် ဒါက ရော်နယ်ဒိုရဲ့အကြောင်းပါ။သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားလို့ရပြီး သူ့ရဲ့စံချိန်တွေနဲ့ မှတ်တမ်းတွေကို ထပ်ထည့်လို့ရမယ်ဆိုရင် ဘယ်ကိုဖြစ်ဖြစ် သွားမှာပါ။ရော်နယ်ဒိုက ယူနိုက်တက်၊ ရီးရယ်လ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေအပေါ်မှာ သစ္စာရှိမယ်ဆိုတာ ကျနော် မထင်ဘူး”လို့ talkSPORT ကို ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ကလပ်အသင်းတချို့နဲ့ ချိတ်ဆက်မှုတွေပြုလုပ်ထားပြီး ယူနိုက်တက်အသင်းကနေလည်း ထွက်ခွာ ခွင့်တောင်းထားပါတယ်။ပေါ်တူဂီကစားသမားဟာ မိသားစုအကြောင်းပြချက်နဲ့ ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခရီးစဉ်ကို မလိုက်ပါခဲ့ပေမယ့် အခု ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိနေခဲ့တာပါ။ ရော်နယ်ဒို ဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ထွက်ခွာလိုတဲ့ သူ့ရဲ့ဆန္ဒကို အတည်ပြုထားခဲ့ပါတယ်။ ဒါ့အပြင် သူနဲ့ အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားတာ ပါ။

ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို အသင်းမှာဆက်လက်ရှိစေချင်ပြီး စာချုပ်သက်တမ်းတိုးဖို့တောင် တောင်းဆို ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။မကြာသေးခင်က ရော်နယ်ဒိုနဲ့ ချိတ်ဆက်မှုတွေရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ အသလလက်တီကိုအသင်း ပရိသတ်တွေကတော့ ပေါ်တူဂီကစားသမားကို ကြိုဆိုမှာမဟုတ်ဘူးလို့ ရေးသားထားတဲ့ စာတန်းတွေကို အသင်းခြေစမ်းပွဲမှာ ချိတ်ဆွဲထားခဲ့တာပါ။ စပိန်ကလပ်ဥက္ကဋ္ဌကလည်း ရော်နယ်ဒို နဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့နှစ်နွေရာသီက ယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းဟာ စနေ နေ့မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:The Sun
- By CNI
- Category: အားကစား
- Hits: 1786
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉
ဒိုင်နမိုကိဗ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရုရှားသမ္မတ ပူတင်နာမည်ကြွေးကြော်ခဲ့တဲ့ ဖီနာဘာချီအသင်း ပရိသတ်တွေရဲ့အပြုအမူကို ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
ဖီနာဘာချီအသင်း အပြုအမူနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကျင့်ဝတ်နဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်းဆိုင်ရာ စစ်ဆေးရေးမှူးကို ခန့်ထားတယ်လို့ ယူအီးအက်ဖ်အေက ပြောခဲ့တာပါ။
ချန်ပီယံလိဂ်ဒုတိယအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဒိုင်နမိုကိဗ်အသင်းက အချိန်ပိုမှာ ဖီနာဘာချီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမအကျော့က ပိုလန်မြေမှာကစားခဲ့တုန်းက ဂိုးမရှိသရေကျခဲ့တာပါ။ ဒိုင်နမိုကိဗ် အသင်း ကွင်းလယ်ကစားသမား ဘူရယ်လ်စကီးက ဂိုးသွင်းပြီးနောက် လင်းယုန်လက်ဟန်ပြုလုပ်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
အဆိုပါလင်းယုန်ငှက်ပုံစံဟာ ဖီနာဘာချီအသင်းရဲ့ မဟာပြိုင်ဘက် ဘက်ဆီးတပ်စ်အသင်းရဲ့ သင်္ကေတဖြစ်တာ ကြောင့် တူရကီကလပ်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။ဖီနာဘာချီအသင်း ပရိသတ်တွေရဲ့ အပြုအမူကို ရှုတ်ချမှုတွေ ရှိခဲ့တာပါ။

အရင် တူရကီလက်ရွေးစင်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဒိုင်နမိုကိဗ် အသင်းနည်းပြ လူဆက်ကူက “ယူအီးအက်ဖ်အေအနေနဲ့ ဖီနာဘာချီပရိသတ်တွေရဲ့ အပြုအမူကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ဒီလိုကြွေးကြော်နေတာက သနားစရာပါပဲ”လို့ ပြောခဲ့ပါတယ်။
ပရိသတ်တွေတချို့က ဖီနာဘာချီအသင်းကို ယူအီးအက်ဖ်အေပြိုင်ပွဲတွေကနေ ပိတ်ပင်ဖို့ တောင်းဆိုမှုတွေ ရှိနေကြတာပါ။အပြစ်ရှိကြောင်းတွေ့ရမယ်ဆိုရင် ဖီနာဘာချီအသင်းအနေနဲ့ ဒဏ်ကြေးငွေ ဒါမှမဟုတ် အိမ်ကွင်း ပွဲစဉ်တွေကို တံခါးပိတ်ပြီးမဖြစ်မနေကျင်းပရဖွယ် ရှိနေပါတယ်။
ယူကရိန်းသံအမတ်ကြီး ဘောဒ့်နာက ဒီဖြစ်ရပ် ကြောင့် ဝမ်းနည်းကြေကွဲရကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။
ဘောဒ့်နာက “ယူကရိန်းနိုင်ငံသားတွေကို တမင်တကာသတ်ဖြတ်ပြီး ကျနော်တို့နိုင်ငံကို ဖျက်ဆီးနေတဲ့ ရုရှား လူသတ်သမားနဲ့ ရန်လိုသူတွေအပေါ် ထောက်ခံတဲ့စကားတွေကို ဘယ်တော့မှ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ တူရကီမှာ အလွန်နှစ်သက်တဲ့ ဘောလုံးတောင်မှ ကန့်သတ်ချက်တွေများစွာရှိတယ်”လို့ ရေးသားခဲ့ပါတယ်။
ဒိုင်နမိုကိဗ်အသင်းဟာ ချန်ပီယံလိဂ် တတိယအဆင့်ခြေစစ်ပွဲအဖြစ် သြစတြီးယားကလပ် စတန်းဂရာ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Mirror
- By CNI
- Category: အားကစား
- Hits: 1479
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈
ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်ဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲပြီးနောက် ရက်ပိုင်းအကြာမှာ ဘရာဇီးလ် အမျိုးသမီး တစ်ဦးနဲ့ ချစ်ကြိုက်နေတယ်လို့ သိရပါတယ်။
အသက် ၄၈ နှစ်အရွယ်ရှိ တူချယ်လ်ဟာ ကလေးအမေဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်တဲ့ ၃၅ နှစ်အရွယ်ရှိ နာတာလီ မတ်ဇ်နဲ့ ဆာဒါးနီးယားမှာ အပန်းဖြေ အနားယူနေတာပါ။
“သူတို့နှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦး လက်ကိုကိုင်ထားကြပြီး အလွန်ပျော်ရွှင် နေပုံရတယ်လို့” အားလပ်ရက်မှာ အပန်းဖြေနေသူ တစ်ဦးက ပြောခဲ့တာ ဖြစ်ပါတယ်။
တူချယ်လ်ဟာ ချစ်သူအသစ်နဲ့အတူ ပယ်လယ်ထဲမှာ ရယ်မောပြုံးရွှင်နေခဲ့တာပါ။ တူချယ်လ်နဲ့ နာတာလီမတ်ဇ်တို့ဟာ တစ်ည ကို ပေါင် ၂၀,၀၀၀ ပေးရတဲ့ အိမ်ကိုမပြန်ခင် နေဝင်တာကိုလည်း ကြည့်ရှုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အားလပ်ရက် အပန်းဖြေသူတစ်ဦးက “သူတို့နှစ်ဦးဟာ အလွန်ချစ်ကြတဲ့ ပုံပါပဲ။ သူတို့ဟာ ရေကူးကြတယ်၊ ကမ်းခြေမှာ အပန်းဖြေကြတယ်၊ ဟိုတယ်မှာ နေ့လည်စာ စားသောက်ကြတယ်။ ကာပရီရာကျွန်းကို လှေနဲ့ ထွက်ခွာသွားကြတယ်”လို့ ပြောပါတယ်။

ချယ်ဆီးလ်အသင်းနည်းပြ တူချယ်လ်
တူချယ်လ်ဟာ ၁၃ နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ဇနီးဖြစ်သူ ဆစ်စီနဲ့ လန်ဒန်တရားရုံးချုပ်မှာ တရားဝင် ကွာရှင်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ချစ်သူအသစ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းနဲ့ အမေရိကန် ခရီးစဉ် သွားရောက်ပြီးနောက် နာတာလီမတ်ဇ်နဲ့ ဆာဒါးနီးယားကို ရောက်ရှိလာခဲ့တာပါ။
တူချယ်လ်နဲ့ ဆစ်စီတို့ဟာ သူတို့ရဲ့ ၁၃ နှစ်ကြာ အိမ်ထောင်ရေး အဆုံးသတ်သွားပြီလို့ ဧပြီလက ကြေညာခဲ့ပါတယ်။
သတင်းရင်းမြစ်တစ်ခုက “သူတို့ နှစ်ဦးဟာ လမ်းခွဲတာကို ရှောင်ရှားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ တခြား နည်းလမ်း မရှိခဲ့ဘူးလို့” ပြောပါတယ်။
သူတို့နှစ်ဦးဟာ ၂၀၀၉ က လက်ထပ်ခဲ့တာဖြစ်ပြီး သမီးနှစ်ဦး ထွန်းကားခဲ့တယ်လို့ သိရပါတယ်။
ရာသီကြို ခြေစမ်းပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့တဲ့ တူချယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ သြဂုတ်လ ၆ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1609
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈
ဒေါ့မွန်အသင်း တိုက်စစ်မှူးသစ် ဟော်လာဟာ ဝှေးစေ့အတွင်း အကျိတ်တွေ့ရှိမှုကို ခွဲစိတ်ကုသမှု ခံယူပြီးနောက် လအနည်း ငယ်ကြာ အနားယူရဦးမယ်လို့ ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းက ဇူလိုင်လ ၂၇ ရက်မှာပဲ ပြောကြားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဟော်လာဟာ ဒေါ့မွန်အသင်းနဲ့ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေချိန် မှာ အကျိတ် တွေ့ခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။
ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ ဆီဘတ်စတီယန်ခါးလ်က ကုသမှု အစီအစဉ်တွေကို ဆွေးနွေးနေဆဲဖြစ်ပြီး ဘယ်အချိန် ပြန်လာနိုင်မလဲဆိုတာတော့ ရက်သတ်မှတ်ထားခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဟော်လာဟာ အခုနွေရာသီ အပြောင်းအရွှေ့ ကမှ အေဂျတ်စ်အသင်းကနေ ၄ နှစ်စာချုပ်နဲ့ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။
ဆီဘတ်စတီယန်ခါးလ်က “ပြီးခဲ့တဲ့အပတ်က အောင်မြင်စွာ ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ကုထုံးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု တွေ ပြုလုပ်နေကာ ရွေးချယ်စရာ အမျိုးမျိုးရှိနေပါတယ်။ ဟော်လာက လအနည်းငယ်ကြာ အနားယူရမှာပါ။ ဒါနဲ့ပတ်သက်ပြီး အတိအကျ သိရရင်တော့ အားလုံးကို ပြောပြပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့အတူ တွေ့ရတဲ့ ဟော်လာ
ဒေါ့မွန်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟာလန်း မန်စီးတီးအသင်းထံ ပြောင်းသွားတာကြောင့် သူ့နေရာ အစားထိုးဖို့ ဟော်လာကို ခေါ်ယူခဲ့တာပါ။
ဒေါ့မွန်အသင်းဟာ ဟော်လာရဲ့ စွမ်းဆောင်မှုနဲ့ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်း ကြီးစိုးနေတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခြေအနေကြောင့် ဒေါ့မွန်အသင်းဟာ ပြင်ဆင်မှု အများအပြား ပြန်လုပ် နေရတယ်လို့ ပြောခဲ့ပါတယ်။
ဆီဘက်စတီယန်ခါးလ်က “ကျနော်တို့ ဒါနဲ့ ပတ်သက်ပြီး ရက်အတော်ကြာအောင် လုပ်ဆောင်နေပါတယ်။ ရွေးချယ်စရာတွေ အတွက် လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်မှာတော့ တိတိကျကျ ဘာမှမရှိသေးပါဘူး။ သူဟာ အနည်းဆုံး ၂ လလောက် အနားယူရမှာဖြစ်သလို ကျနော်တို့မှာလည်း နိုဝင်ဘာလအထိ ခက်ခဲတဲ့ ပွဲအချိန် ဇယားတွေ ရှိနေပါတယ်။ ဒါပေမယ့် အသင်း ရဲ့ လူစာရင်းက ရွေးချယ်စရာတွေ ပေးပါတယ်”လို့ ပြောခဲ့တာပါ။
ဒေါ့မွန်အသင်းဟာ ဇူလိုင်လ ၃၀ ရက်မှာ ပိုကယ်လ်ဖလား ပထမအဆင့်ပွဲစဉ်အဖြစ် ၁၈၆၀ မြူးနစ်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1673
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈
နေမာဟာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လိမ်လည်မှုစွဲချက်တွေကြောင့် အောက်တိုဘာလမှာ ရုံးတင်စစ်ဆေးခံရမှာဖြစ်တယ်လို့ တရားရေးဆိုင်ရာသတင်းရင်းမြစ်တွေက ဇူလိုင်လ ၂၇ ရက်က ပြောကြားခဲ့ပါတယ်။
နေမာ၊ သူ့ရဲ့ မိဘတွေနဲ့ ဘာစီလိုနာဥက္ကဌဟောင်း ရော့ဆဲလ်၊ ဘာတိုမြူတို့ဟာ ၂၀၁၃ က ဆန်းတို့စ်ကနေ ဘာစီလိုနာကို ပြောင်းခဲ့တဲ့ အပြောင်းအရွှေ့အတွက် အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ တရားရင်ဆိုင်ရမှာပါ။ ရော့ဆဲလ်နဲ့ ဘာတိုမြူတို့ဟာ အောက်တိုဘာ ၁၇ ရက်ကနေ ၃၁ ရက်အထိ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရုံးချိန်းမှာ လိမ်လည်မှုစွဲချက်တွေနဲ့လည်း ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။နေမာဟာ ၂၀၁၇ က ဘာစီလိုနာကနေ ပီအက်စ်ဂျီ အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အခုလို အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီအမှုဟာ နေမာရဲ့ လုပ်ပိုင်ခွင့် ရာခိုင်နှုန်းတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ဆိုင်သူဟောင်း DIS ရဲ့ တိုင်ကြားမှုကနေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဘာစီလိုနာအသင်းဟာ နေမာရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကစားသမားရဲ့ မိသားစုထံ ယူရိုသန်း ၄၀ နဲ့ ဆန်းတို့စ်အသင်းထံ ယူရို ၁၇.၁ သန်းပေးခဲ့ရတာကြောင့် ပြောင်းရွှေ့ကြေး ကုန်ကျစရိတ် ယူရို ၅၇.၁ သန်းရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် စပိန်အစိုးရရှေ့နေတွေက အမှန် တကယ်ကုန်ကျစရိတ်က ယူရို ၈၃.၃ သန်းရှိတယ်လို့ နောက်ပိုင်းမှာ ပြောခဲ့တာပါ။

DIS က ဆန်းတို့စ်ထံ ပေးချေတဲ့ ယူရို ၁၇.၁ သန်းထဲက ၆.၈ သန်းသာရရှိခဲ့တဲ့အတွက် ပြောင်းရွှေ့ကြေးရဲ့ အမှန်တကယ်ပမာဏကို ဖုံးကွယ်ဖို့ ဘာစီလိုနာနဲ့ နေမာတို့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။နေမာကို ထောင်ဒဏ် ၂ နှစ်ချမှတ်ဖို့ တောင်းဆိုထားပေမယ့် ကစားသမားကတော့ သူဟာ ဘောလုံးကိုပဲ အာရုံစိုက် နေတယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာကတော့ ၂၀၂၀ က လိမ်လည်မှုနဲ့ စွဲချက်တွေအတွက် အားကစားခုံရုံးကနေ ဖြေရှင်းပြီးသွားပြီလို့ ပြောခဲ့ပါတယ်။
နေမာဟာ စပိန်အာဏာပိုင်တွေရဲ့ အမည်ပျက်စာရင်းမှာလည်း ပါဝင်ခဲ့ဖူးပြီး ဘရာဇီးလ်အခွန်အာဏာပိုင်တွေနဲ့ လည်း ပြဿနာရှိခဲ့ကာ အခွန်ရှောင်မှုနဲ့ ဒဏ်ရိုက်ခြင်းလည်း ခံခဲ့ရပါတသေးတယ်။သူဟာ လက်ရှိအချိန်မှာ ပြင်သစ်ဖလားပွဲစဉ်အဖြစ် နန့်တက်စ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1583
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈
ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ရမယ့် အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ အမျိုးသမီးယူရို ၂၀၂၂ ဗိုလ်လုပွဲက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးပွဲကြီး ဖြစ်လိမ့်မယ်လို့ ဂျာမနီအသင်းနည်းပြ မာတီနာဗော့စ်က ပြောလိုက်ပါတယ်။
မာတီနာဗော့စ်က “ ဒါဟာ အကောင်းဆုံး ပွဲတစ်ပွဲပါ။ မယုံနိုင်လောက်စရာ ကောင်းမွန်တဲ့ ဗိုလ်လုပွဲ ဖြစ်လာမှာပါ။ အင်္ဂလန်နဲ့ ဂျာမနီက လူတွေလိုပဲ ဒီပွဲကို အသင်းက စောင့်မျှော်နေတာပါ။ ဝင်ဘာလေကွင်းရဲ့ ပရိသတ် ၉၀,၀၀၀ ရှေ့မှာ ကစားရမှာ ဖြစ် ပြီး အများစုက အင်္ဂလန်ကို အားပေးမှာ ဖြစ်ပေမယ့် ဒါကို နားလည်ပြီး စိန်ခေါ်မှုတွေကို လက်ခံပါတယ်။ အင်္ဂလန်ဟာ ဒီပြိုင်ပွဲ မှာ မယုံနိုင်ဖွယ် ကောင်းလောက်အောင် စွမ်းဆောင်ပြထားပြီး ယုံကြည်မှုတွေလည်း ရှိနေကြပါတယ်။ ဒီပွဲက ကြီးကျယ် ခမ်းနားတဲ့ ဘောလုံးပွဲကြီး ဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ယူရို ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပြင်သစ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ အိမ်ရှင် အင်္ဂလန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ၁ ကြိမ်မှ ဗိုလ်စွဲခြင်း မရှိသေးဘဲ အမြင့်ဆုံး ဒုတိယနေရာသာ ရယူနိုင်ခဲ့တာပါ။ ဂျာမနီ အသင်းကတော့ ဒီပြိုင်ပွဲမှာ ၈ ကြိမ် ဗိုလ်စွဲထားပြီး ၂၀၁၃ မှာ နောက်ဆုံးအကြိမ် ဗိုလ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့ဟာ ၂၀၁၉ က ဝင်ဘာလေကွင်းမှာ တွေ့ဆုံထားခဲ့တုန်းက ဂျာမနီက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဂျာမနီ အမျိုးသမီးအသင်း
ဒါပေမယ့် အခုနှစ်ထဲမှာ တွေ့ဆုံထားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ အင်္ဂလန်အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ နည်းပြ ဝီဂ်မန်း ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက အကောင်းဆုံးပုံစံ ရနေပြီး ပြိုင်ပွဲစုံ ရှုံးပွဲမရှိ သေးပါဘူး။
ဝီဂ်မန်းဟာ နယ်သာလန်အသင်းနဲ့ ယူရိုအမျိုးသမီး ချန်ပီယံဆုကို ၂၀၁၇ က ရယူနိုင်ခဲ့ပါတယ်။
မာတီနာဗော့စ်က “ဆာရီနာက မယုံနိုင်လောက်အောင်ကောင်းတဲ့ နည်းပြဆိုတာ သိပါတယ်။ တစ်ယောက်နဲ့ တစ်ယောာက် အားသာချက်တွေကိုလည်း သိပြီး အမှားနည်းအောင် လုပ်ပါတယ်။ သူမဟာ နယ်သာလန်နဲ့ ဆုဖလားတွေ ဆွတ်ခူးထားနိုင် တယ်ဆိုတာ သက်သေပြထားပြီးသားပါ။ သူမအနေနဲ့ ဒီဆုဖလား တစ်ခုတည်းနဲ့ပဲ ဆက်ရှိနိုင်ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့တာ ပါ။
အမျိုးသမီး ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး နေရာမှာ အင်္ဂလန်က မိဒ်နဲ့ ဂျာမနီက ပေါ့ပ်တို့ဟာ ၆ ဂိုးစီ သွင်းယူထားပြီး ရပ်တည်နေပါတယ်။ အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင်လ ၃၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
