- By CNI
- Category: အားကစား
- Hits: 1034
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မတ်စ်က ယူနိုက်တက်ကို ဝယ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ အီလွန်မတ်စ်က ဖော်ပြခဲ့ခြင်းမရှိပါဘူး။အီလွန်မတ်စ်ဟာ သမားရိုးကျမဟုတ်တဲ့ တွစ်တာပို့စ်တွေကို ရေးသားတဲ့ သမိုင်းကြောင်းရှိပြီး ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ သဘော တူညီမှု ရရှိခြင်း ရှိ၊ မရှိဆိုတာကို မသိရှိရသေးပါဘူး။ယူနိုက်တက်အသင်းကို ဝယ်ယူမယ်ဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုထားတာကို အီလွန်မတ်စ်နဲ့ မိသားစုတွေက ချက်ခြင်းတုံ့ပြန်ခြင်း မရှိသေးဘူးလို့လည်း သတင်းမှာ ဖော်ပြထားတာပါ။
ယူနိုက်တက်ကို ဂလေဇာမိသားစုက ပိုင်ဆိုင်ထားတာဖြစ်ပြီး ပေါင် ၄ ဘီလီယံထက်ပိုပြီး ရရှိမှသာ ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေရာက ပြီးခဲ့တဲ့နှစ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ ကမ္ဘာပေါ်မှာ ပရိသတ်အင်အားအခိုင်အမာရှိတဲ့ အသင်းတွေထဲကတစ်သင်း အဖြစ်လည်း ရှိနေတာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလား စံချိန်တင် အကြိမ် ၂၀ ရရှိထားပြီး ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါ အဝင် အောင်မြင်မှုအများအပြား ရယူထားနိုင်တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာခဲ့တဲ့ ၂၀၁၃ နောက်ပိုင်း ပရီးမီးယားလိဂ် ဖလားနဲ့ ဝေးကွာနေသလို ၂၀၁၆-၁၇ နောက်ပိုင်း ယူရိုပါလိဂ်ရပြီးကတည်းက ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့ တာပါ။ပရိသတ်တွေကတော့ ထိပ်တန်းကစားသမားတွေခေါ်ဆောင်ပေးဖို့ ငွေကြေးသုံးစွဲလိုစိတ် မရှိတဲ့ ဂလေဇာ မိသားစုအပေါ်မှာ မကျေနပ်မှုတွေ ပိုပြီးပြင်းထန်နေခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ပရိသတ်တွေကတော့ ဂလေဇာ မိသားစုကို အသင်းက ထွက်သွားဖို့ ဆန္ဒပြမှုတွေပြုလုပ်နေကြတာပါ။
ယူနိုက်တက်ပရိတ်သတ်အချို့ဟာ အရင်ကတည်းက အသင်းကို ဝယ်ယူဖို့ အီလွန်မတ်စ်ကို တောင်းဆိုမှုတွေ ရှိခဲ့တာပါ။Forbes ရဲ့ ခန့်မှန်းမှုအရ အီလွန်မတ်စ်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံ ဖြစ်တယ်လို့ သိရပါတယ်။အီလွန်မတ်စ်ဟာ ဒေါ်လာ ၄၄ ဘီလီယံနဲ့ တွစ်တာကို ဝယ်ယူမှုကနေ နုတ်ထွက်ခဲ့လို့ တရားစွဲဆိုမှုခံနေရတယ်လို့ သိရပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1420
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
အွန်နရီဟာ မကြာသေးခင်က ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရတဲ့ တိုက်စစ်မှူး ဘတ်ပီ ဘက်ကနေ ကာကွယ်ပြီးတော့ ပြောသွားခဲ့ပါတယ်။
အွန်နရီက “ဒါက သူ့ရဲ့နေရာပါ။ သူဟာ အစပိုင်းမှာကတည်းက ပြသခဲ့တဲ့အတိုင်း သူ့ရဲ့ အကောင်းဆုံးအဆင့်ကို ပြသရပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ဘယ်သူ့ကိုမှ သက်သေပြစရာ မရှိပါဘူး။ နည်းပြက ဘတ်ပီ၊ နေမာနဲ့ မက်ဆီ တို့ ၃ ဦးကစားဖို့ နည်းလမ်းတွေ ရှာဖွေပြီး သူတို့ကို ပျော်ရွှင်စေမှာပါ။ ပီအက်စ်ဂျီမှာ ငြင်းခုံစရာ ပြဿနာက အမြဲတမ်း ရှိနေပါတယ်။ သူတို့က ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ဘတ်ပီအကြောင်းကို ပြောနေပါတယ်။ မနှစ်ကဆိုရင် နေမာ အကြောင်းကို ပြောခဲ့ကြတယ်။ ဒါဟာ အမြဲတမ်း ဒီလိုဖြစ်နေမှာပါ။ ဒါက ပီအက်စ်ဂျီပါ”လို့ Prime Sport Video France ကို ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက မောင့်ပယ်လီယာ အသင်းကို ၅ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ကွင်းလယ်လူ ဗီတင်ဟာက ဘတ်ပီရဲ့လမ်းကြောင်းကို ဘောလုံးမပေးပဲ တခြားတစ်ဖက်ကို သွားဖို့ ရွေးချယ်ခဲ့ချိန်မှာ ပြင်သစ် တိုက်စစ်မှူးဟာ စိတ်ပျက်ပြီး ရပ်နေခဲ့ပါတယ်။
ဘတ်ပီဟာ ဘောလုံးနောက်ကို ဆက်မလိုက်တော့ဘဲ လမ်းလျှောက်နေခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ ပရိသတ်တွေ က ဒီလိုပြုမူခဲ့တဲ့ ဘတ်ပီရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီကိုတွေ့ရစဉ် (Paris)
ဘတ်ပီဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ အသင်းနဲ့ ပေါင် ၅၀၇ သန်း တန်ကြေးရှိ ၃ နှစ် စာချုပ်ချုပ် ဆိုခဲ့တာ ပါ။ ဘတ်ပီဟာ ဒီပွဲမှာ နေမာ ပင်နယ်တီ ကန်သွင်းဖို့ တည်ထားတဲ့အချိန်မှာ ဘရာဇီးလ် ကစားသမားအနားကို သွားပြီး သူကန်သွင်းချင်တဲ့ ပုံစံကို ပြသခဲ့ပါတယ်။
ဘတ်ပီဟာ ဒီပွဲမှာရတဲ့ ပထမဆုံး ပင်နယ်တီကို ကန်သွင်းခဲ့ပေမယ့် မဝင်ခဲ့တာကြောင့် နေမာက ဒုတိယမြောက် ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင် ကန်သွင်းယူသွားခဲ့တာပါ။
နေမာဟာ ပြင်သစ်လီဂူးဝမ်းရာသီ ပြန်စတင်ကတည်းက ခြေစွမ်းပြသနေပြီး ၂ ပွဲကစားအပြီးမှာ ၃ ဂိုး သွင်းယူ ထားပါတယ်။ ပီအက်စ်ဂျီ အသင်းကလည်း နည်းပြ ဂယ်လ်တီယာ လက်ထက်မှာ ခြေစွမ်းပြသနေပြီး လီဂူးဝမ်း ၂ ပွဲ ကစားပြီးအချိန်မှာ ၂ ပွဲစလုံးနိုင် ရဂိုး ၁၀ ဂိုး ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားရတာပါ။
ပြင်သစ်ကလပ်ဟာ ဒီရာသီမှာ ပြည်တွင်း ဆုဖလားတွေအပြင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့လည်း ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 1445
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆
ပဲလေ့စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနီကတ် ပြသခံခဲ့ရတဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်စ်ရဲ့ တုံ့ပြန်မှုက မှားယွင်းတယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောလိုက်ပါတယ်။
ကလော့ပ်က “ဒီတုံ့ပြန်မှုက မှားယွင်းပါတယ်။ အန်ဒါဆန်က ဒီလိုမျိုး လိုချင်လို့ လုပ်ခဲ့ပေမယ့် ဒါဝင်က အမှား ကျူးလွန်ခဲ့ပါတယ်။ သူဟာ ပြိုင်ဘက် ကစားသမားရဲ့ ရန်ဆမှုကြောင့် ဒေါသအနည်းငယ် ထွက်သွားတယ် ထင်ပါ တယ်။ သေချာတာကတော့ ဒါဟာ မှားယွင်းတဲ့ တုံ့ပြန်မှုပါ။ ဒါကိုတော့ ကျနော်မငြင်းပါဘူး။ ဒီအဖြစ်အပျက်ကနေ သင်ယူရပါလိမ့်မယ်”လို့ ပြောပါတယ်။
ဒါဝင်နူနက်စ်ဟာ ပွဲစကတည်းက ပါဝင်ခွင့် ရခဲ့ပေမယ့် ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ အန်ဒါဆန်ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။

ပြိုင်ဘက် ကစားသမားကို ခေါင်းနဲ့တိုက်လိုက်တဲ့ ဒါဝင်နူနက်စ်၊ ဒိုင်က အနီကတ်ပြထုတ်ပယ် (Fox Sports)
ဒါဝင်နူနက်စ်ဟာ ကလော့ပ် လက်ထက်မှာ ဒီလိုကြမ်းတမ်းတဲ့ အပြုအမူကြောင့် ထုတ်ပယ်ခံရတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဥရုဂွေး နိုင်ငံ့ လက်ရွေးစင်အသင်း တိုက်စစ်မှူး အနေနဲ့ ၃ ပွဲပယ် ခံရမှာဖြစ်ပြီး လာမယ့် ယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲက စပြီး ပွဲပယ်ခံရတော့မှာ ဖြစ်ပါတယ်။
ကလော့ပ်က “ကံမကောင်းစွာနဲ့ သူဟာ ပွဲအနည်းငယ်ကို ကစားခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။ ဒါက ကျနော်တို့ အတွက်လည်း အဆင်မပြေပါဘူး။ ကျနော်သူနဲ့ စကားသေသေချာချာ ပြောရပါမယ်။ လူသိရှင်ကြား ပြောရတာ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ သူဘယ်လောက်ကြာကြာ ပွဲပယ်ခံရမလဲဆိုတာ ကျနော်မသိပါဘူး။ ဒီအချိန်မှာ သူ့ကို အပြစ်ပေးမှာ မဟုတ်ဘဲ ကြံ့ခိုင်မှုအပိုင်းကို ပြုလုပ်ရမယ်။ သူ့ကို ပိုပြီးသန်မာလာအောင် ပြုလုပ်သွားမှာဖြစ်ပြီး ဒါကို ကျနော်တို့ ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဇာဟာရဲ့ ဂိုးနဲ့ ပဲလေ့စ်ရဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီး ဒီယက်ဇ်က ချေပဂိုး ပြန်သွင်းခဲ့လို့ သရေနဲ့ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲလုံး သရေရလဒ် ရရှိထားပြီး အခုအပတ်မှာ ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1149
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆
ဖီဖာက တတိယအဖွဲ့အစည်းတွေရဲ့ သြဇာလွှမ်းမိုးမှုကြီးကဲနေတဲ့အတွက် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဆိုင်းငံ့ လိုက်ပြီလို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။
ဒီလိုဆိုင်းငံ့လိုက်တဲ့အတွက် အောက်တိုဘာလ ၁၁ ရက်ကနေ ၃၀ ရက်အထိ အိန္ဒိယနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထား တဲ့ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဟာ အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို မေလက ဖျက်သိမ်းခဲ့ပြီး အားကစားအဖွဲ့ချုပ်ကို အုပ်ချုပ်နိုင်ဖို့အတွက် အဖွဲ့ဝင် ၃ ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။သူတို့ဟာ အိန္ဒိယဘောလုံးအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ ၁၈ လကြာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့လုပ်ခဲ့တာပါ။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ဖီဖာနဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့ဟာ အာရှဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဝင်ဆာဂျွန်ဦးဆောင်တဲ့အဖွဲ့ကို အိန္ဒိယဘာလုံးလောက သက်ဆိုင်သူတွေနဲ့ တွေ့ဆုံစေခဲ့ပါတယ်။ အိန္ဒိယ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ ဥပဒေတွေကို ဇူလိုင်လအကုန်မှာ ပြင်ဆင်ဖို့နဲ့ စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထားပြီး ရွေးကောက်ပွဲကို အပြီးသတ်ကျင်းပဖို့ ပြောခဲ့ပါတယ်။ဖီဖာကတော့ သူတို့ရဲ့ အဖွဲ့ဝင်အဖွဲ့ချုပ် တွေကို တရားဥပဒေနဲ့ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှုက ကင်းစင်ရမယ်လို့ ပြောထားတာဖြစ်ပါတယ်။
အခုလ အစောပိုင်းက အိန္ဒိယတရားရုံးဟာ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပဖို့ အမိန့်ပေးခဲ့ပြီး ရွေးကောက်ခံ ကော်မတီကလည်း ၃ လတာကာလအတွင်းမှာ ယာယီအဖွဲ့ဖြစ်မယ်လို့ ပြောခဲ့တာပါ။ အိန္ဒိယဘောလုံးအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကို အရင်က ၂၀၂၀ ဒီဇင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပြင်ဆင်တာမှာ အဆင်မပြေခဲ့လို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဖီဖာဟာ အရင်ကလည်း ဒီလိုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အာဆီယံဒေသတွင်းက အင်ဒိုနီးရှားအပါအဝင် အခြား နိုင်ငံအသင်းတွေရဲ့ အဖွဲ့ချုပ်တွေကို အခုလိုပဲ ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 1352
CNI sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅
ဗြိတိန်နာမည်ကြီး တင်းနစ်ကစားသမား အန်ဒီမာရေးဟာ ၂၀၁၉ နောက်ပိုင်း ပထမဆုံးအကြိမ် Davis Cup ပြိုင်ပွဲ ဝင်မယ့် ဂရိတ်ဗြိတိန်အသင်းမှာ ပါဝင်လာခဲ့ပါတယ်။
အန်ဒီမာရေးဟာ နော်ရီ၊ အီဗန်စ်၊ နှစ်ယောက်တွဲပြိုင်ပွဲရဲ့ ကမ္ဘာ့နံပတ်တစ် ဆာလစ်ဘူရီတို့နဲ့အတူ စက်တင်ဘာလ ဂလက်စဂိုမှာ ကျင်းပမယ့် Davis Cup ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဂရိတ်ဗြိတိန်အတွက် ပါဝင်ကစားကြမှာပါ။
ဒီရာသီမှာ လက်စွမ်းတက်လာပြီး ကမ္ဘာ့အဆင့် ၂၅၀ ကနေ ၅၅ အထိ ရောက်ရှိလာခဲ့တဲ့ အသက် ၂၀ အရွယ်ရှိ ဒရာပါကတော့ ဂရိတ်ဗြိတိန် လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အန်ဒီမာရေးက “အိမ်ကွင်း ပရိသတ်တွေရှေ့မှာ Davis Cup ပြိုင်ပွဲကို ကစားရတာက အမြဲတမ်း ထူးခြားပါတယ်။ ကျနော့် ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်တချို့က ဒီပြိုင်ပွဲမှာ နိုင်ငံအတွက် ကိုယ်စားပြုပြီး ကစားခွင့် ရခဲ့တာပါ။ ဒါကြောင့် အသင်းမှာ နောက်ထပ်တစ်ကြိမ် ပြန်ပါဝင်ခွင့်ရတာက အဓိပ္ပါယ်အများကြီး ရှိပါတယ်”လို့ ပြောပါတယ်။

အန်ဒီမာရေးကိုတွေ့ရစဉ် (talkSPORT)
ဂရိတ်ဗြိတိန်အသင်းဟာ Davis Cup ပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ အမေရိကန်၊ ကာဇတ်စတန်၊ နယ်သာလန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်းကို ဗြိတိန်နံပါတ်တစ် နော်ရီက ဦးဆောင်မှာ ဖြစ်ကာ အန်ဒီမာရေးကို ကြိုဆို သွားခဲ့ပါတယ်။
“အန်ဒီအသင်းမှာ ရှိနေတာက တကယ်ကို အားတက်စရာ ပါပဲ။ သူနဲ့ အီဗန်စ်တို့ဟာ ပြိုင်ပွဲမှာ အနိုင်ရဖို့ သွားခဲ့တဲ့ ၂၀၁၅ တုန်းက ဒီမှာရှိခဲ့ပြီး ဒီအတွေ့အကြုံက တကယ်ကို အရေးကြီးပါတယ်။ ကျန်တဲ့သူတွေကလည်း အဲ့ဒီကို ရောက်ဖို့ တွန်းအားတစ်ခုပါ”လို့ နော်ရီက ပြောပါတယ်။
Davis Cup အုပ်စုအဆင့် ပွဲစဉ်တွေကို ဂလက်စဂို၊ ဘိုလော့ဂ်နာ၊ ဟမ်းဘတ်၊ ဗလင်စီယာ အစရှိတဲ့ မြို့ ၄ မြို့မှာ စက်တင်ဘာ ၁၃ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စု ၄ ခုက ထိပ်ဆုံး ၂ သင်းစီဟာ နောက် တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဂရိတ်ဗြိတိန်ဟာ ဒီပြိုင်ပွဲမှာ ၁၀ ကြိမ် ဗိုလ်စွဲထားပြီး နောက်ဆုံး ဗိုလ်စွဲခဲ့တာက ၂၀၁၅ မှာဖြစ်ပါတယ်။ အဲ့ဒီတုန်း က အသင်းမှာ အန်ဒီမာရေး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1390
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၅
ယူနိုက်တက်ပရိသတ်တွေကတော့ ဂလေဇာမိသားစုဟာ အသင်းကို ရောင်းချပြီး ထွက်ခွာသွားတာကို မြင်တွေ့ချင် နေပေမယ့် သူတို့ကတော့ ပိုက်ဆံအများကြီးယူပြီးမှ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်အသင်းပရိသတ်တွေဟာ ဂလေဇာမိသားစုအနေနဲ့ အသင်းကို လွှဲပြောင်းယူခဲ့တဲ့ ၂၀၀၅ မေလ ကတည်းက စိတ်ပျက်နေခဲ့ကြတာပါ။အသင်းဟာ ဒီပိုင်ရှင်တွေရဲ့လက်အောက်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယား လိဂ်ဖလား အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့ပေမယ့် ပရိသတ်တွေက သူတို့ရဲ့ပိုင်ဆိုင်မှုကို ဆန့်ကျင် ကန့်ကွက်မှုတွေ ပြုလုပ်နေခဲ့ကြတာဖြစ်ပါတယ်။ဂလေဇာမိသားစုဟာ အသင်းအပေါ်ရင်းနှီးမြှုပ်နှံမှုမရှိဘဲ ကလပ်ဆီကနေ ငွေကြေးတွေကို ထုတ်ယူသုံးစွဲနေပြီး မကြာသေးခင်နှစ်တွေမှာ အသင်းဟာ ရလဒ်ပိုင်းတွေပါ ဆိုးရွားနေခဲ့တာပါ။
၁၉၈၉ ခုနှစ်က ကလပ်ကိုဝယ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ဝင်ဟောင်း မိုက်ကယ်နိုက်တန်က ဂလေဇာမိသားစုတွေရဲ့ လက်ထဲကနေ အသင်းကို ရယူနိုင်အောင်လုပ်ဆောင်မယ်လို့ ပြောထားခဲ့ပေမယ့် ဂလေဇာမိသားစုကတော့ ယူနိုက်တက်ကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချမှာမဟုတ်ပါဘူး။အမေရိကန် ပိုင်ရှင်တွေဟာ မန်ချက်စတာကလပ်ကို ပေါင် ၄ ဘီလီယံရမှရောင်းချဖို့ သတ်မှတ်ထားတယ်လို့ ပြီးခဲ့တဲ့နှစ် မေရာသတင်းမှာ ဖော်ပြထားတာပါ။

ဒါပေမယ့် ကွင်းထဲမှာ ရလဒ်ပိုင်းတွေဆိုးရွားနေတာကြောင့် ပရိသတ်တွေဟာ အသင်းပိုင်ရှင်အပေါ်မှာ အမြင် မကြည်လင်မှုတွေရှိနေတာဖြစ်ပါတယ်။ပရိသတ်တွေဟာ ရာသီအစ အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဂလေဇာမိသားစုအသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာပါ။ဒါ့အပြင် ဘရန်ဖိုဒ့်နဲ့ ပွဲစဉ်မှာလည်း စာတန်းတွေကိုင်ဆောင်ပြီး ကွင်းအတွင်းမှာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေဟာ လီဗာပူးလ်နဲ့ အိုးထရက်ဖိုဒ့်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂလေဇာ မိသားစုကို ဆန္ဒပြတဲ့အနေနဲ့ ကွင်းအတွင်းဝင်ရောက်မကြည့်ရှုဖို့တောင် စီစဉ်နေကြတယ်လို့ သတင်းတွေ ထွက်နေ ခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ၂၀၂၁ က လီဗာပူးလ်နဲ့ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း ကွင်းအတွင်း ဝင်ရောက်ပြီး ဆန္ဒပြမှုတွေကြောင့် ပွဲကိုရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
Source:Sportbilbe
- By CNI
- Category: အားကစား
- Hits: 1187
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅
ယူနိုက်တက်အသင်းကတော့ ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ အတည်ပြုလိုက်ပြီး ထွက်ပေါ် နေတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမားဟာ ချန်ပီယံလိဂ်ကစားချင်ပြီး အောင်မြင်မှုရယူချင်တာကြောင့် အခု နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားနေတာပါ။
ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ၂ ပွဲဆက်ရှုံးနိမ့်ထားပြီးနောက် အသင်းဟာ အခြေအနေဆိုးရွားနေကာ အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဘရန်ဖို့ဒ့်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ တော်တော်လေးကို စိတ်ပျက်နေခဲ့တာပါ။
အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ ရော်နယ်ဒိုရဲ့ သဘောထားအတိုင်း ထွက်ခွာခွင့်ပေးပြီး စာချုပ်ဖျက်သိမ်း ပေးဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်ကျန်ရှိနေသေးပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ရှိနေတာပါ။ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ ရော်နယ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ အစီအစဉ်မရှိပါဘူး။ရော်နယ်ဒိုနဲ့ပတ်သက် ပြီး ကလပ်ရဲ့ရပ်တည်မှုက ပြောင်းလဲမှုမရှိဘူးလို့ ယူနိုက်တက်ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာပါ။
နည်းပြ အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒိုဟာ သူ့ရဲ့ အစီအစဉ်မှာပါဝင်တယ်လို့ ဘရန်ဖိုဒ့်နဲ့ ပွဲမတိုင်ခင် ပြောထားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ရော်နယ်ဒို ထွက်ခွာချင်နေတယ်ဆိုတာ ခင်ဗျားတို့ မီဒီယာတွေရဲ့ ယူဆချက်ပါ။ဒါကို သူပြောနေတာလည်းမဟုတ်ပါဘူး။ဒီရာသီ သူနဲ့အတူ ကျနော်တို့မှာ အစီအစဉ်ရှိပြီး သူ့ကို အသင်းနဲ့ အံဝင်အောင်လုပ်ရမှာပါ။ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ မှန်ကန်တဲ့ ကြံခိုင်မှုအဆင့်ကို ရောက်ပြီး ကျနော် တို့ မျှော်လင့်ထားတဲ့အတိုင်း သူလုပ်နိုင်မှာပါ” လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ဘရိုက်တန်နဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး၊ ဘရန်ဖိုဒ့်နဲ့ ပွဲမှာတော့ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ကာ အသင်းရဲ့ ရလဒ်ဆိုးတွေနဲ့အတူ ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1414
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅
ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်နဲ့ စပါးအသင်းနည်းပြ ကွန်တီဟာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီး လက်ဆွဲနှုတ်ဆက်တာကနေ ပြဿနာဖြစ်ပွားခဲ့ကြပြီး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ ရပါတယ်။
တူချယ်လ်နဲ့ ကွန်တီတို့ဟာ ပွဲချိန်အတွင်း စပါးအသင်း ကွင်းလယ်ကစားသမား ဟို့ချ်ဘတ်ချ် ချေပဂိုး သွင်းပြီး ချိန်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဂိုးမရခင် စပါးအသင်းဟာ ဟာဗတ်စ်ကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့သလို၊ ရစ်ချာလီဆန်က လူကျွံဘော အနေအထားမှာ ရှိနေတယ်ဆိုပြီး တူချယ်လ်က ဒေါသထွက်နေခဲ့ တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ၂ ဦးစလုံးကို အဝါကတ်ပြသပြီး သတိပေးထားခဲ့တာပါ။ ဒါပေမယ့် ဟာရီကိန်းက စပါးအတွက် ချေပဂိုးသွင်းပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။
ပွဲအပြီး လက်ဆွဲနှုတ်ဆက်ချိန်မှာ တူချယ်လ်က သူ့ကိုမကြည့်ပဲ လှည့်ထွက်ဖို့ လုပ်တဲ့ ကွန်တီရဲ့ လက်ကို အတင်း ဖိပြီး ဆွဲလိုက်တဲ့အချိန်မှာ ပြဿနာဖြစ်ပြီး အားလုံးက ဝိုင်းဝန်း ဖျန်ဖြေပေးခဲ့ရတာပါ။

ကွန်တီနဲ့တူချယ်လ် အနီကတ်ထိ (Yahoo News)
တူချယ်လ်က “လက်ဆွဲနှုတ်ဆက်တဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်း ဆုံနေရမယ်လို့ ကျနော် တွေးမိပါတယ်။ ကွန်တီဆီမှာတော့ မတူညီတဲ့ သဘောထားမျိုးရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တူချယ်လ်ဟာ အသေးစိတ် ပြောပြခဲ့ခြင်းတော့ မရှိပါဘူး။ ဒါ့အပြင် တူချယ်လ်က ဒီပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို ဝေဖန်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ လာမယ့်ပွဲတွေမှာ သူ့ကို မကိုင်တွယ်စေချင်တော့ကြောင်း ပြောခဲ့ပါတယ်။
တူချယ်လ်က “သူ့ကို ချယ်လ်ဆီးအသင်းပွဲတွေ မကိုင်တွယ်ခိုင်းတော့ရင် ပိုကောင်းမှာပါ။ ရိုးရိုးသားသားပြောရရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ VAR လည်း ရှိပါတယ်။ ကစားသမားတွေကို ဘယ်အချိန်ကတည်းက ဆံပင်ဆွဲလို့ ရသွားတာလဲ။ ဒါကို မမြင်လို့ သူ့ကို ကျနော် အပြစ်မတင်ပါဘူး။ ဒါပေမယ့် VAR နဲ့ စစ်ဆေးလို့ ရတယ်လေ။ ကျနော်တို့က အခုဆို လာမယ့်ပွဲကိုင်တွယ်လို့ မရတော့ဘူး။ သူကတော့ လာမယ့်ပွဲ ကိုင်တွယ်လို့ရတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ဟာ ဒီပွဲ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်စီ ရယူထားနိုင်ခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1133
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃
ချယ်လ်ဆီးနဲ့ အာဆင်နယ် ကစားသမားဟောင်း ဝီလျံဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် ဘရာဇီးလ်ကလပ် ကိုရင်သီယန် အသင်းကနေ ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။
ဝီလျံက “ဒီလိုခြိမ်းခြောက်မှုတွေ ခံရဖို့ ကျနော် ဘရာဇီးလ်ကို လာခဲ့တာ မဟုတ်ပါဘူး။ ကိုရင်သီယန် ရှုံးသွားတာပဲ ဖြစ်စေ၊ ကျနော်ပွဲမှာ ကောင်းမွန်စွာ မစွမ်းဆောင်နိုင်တာပဲ ဖြစ်စေ၊ ကျနော့် မိသားစုဟာ ဆိုရှယ်မီဒီယာပေါ်မှာ ခြိမ်းခြောက်မှုတွေ၊ ကျိန်စာတွေကို ရရှိခဲ့ပါတယ်။ ကျနော့်ဇနီး၊ ကျနော့်သမီးတွေ၊ အဖေနဲ့ ညီမဖြစ်သူတို့ကို သူတို့ တွေ တိုက်ခိုက်ကြပါတယ်”လို့ သတင်းထောက်တွေကို ပြောပြပါတယ်။
ဝီလျံဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့လာ ခဲ့တာ ဖြစ်ပါတယ်။
ကိုရင်သီယန်အသင်းဟာ ဘရာဇီးလိဂ်ရဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပေမယ့် မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းမှာ အသင်းဟာ အရေးပါတဲ့ ပြိုင်ပွဲ ၂ ခုကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒါကြောင့် ကွင်း အတွင်းမှာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့ ဝီလျံကို ပရိသတ်အချို့က တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကိုရင်သီယန်အသင်းမှာ ကစားခဲ့တဲ့ ဝီလျံ (Football Flakes)
ဒီလိုတွေကြောင့် ဝီလျံဟာ သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြောင်း ကိုရင်သီယန်အသင်းဥက္ကဋ္ဌ မွန်တဲရိုး အဲလ်ဗတ်စ်က ပြောခဲ့ပါတယ်။
ကိုရင်သီယန်အသင်းက “ကလပ်အသင်းက အားကစားသမားရဲ့ ထွက်ခွာခွင့်တောင်းမှုကို လက်ခံခဲ့ပြီး စာချူပ်ကို အဆုံးသတ် ပေးခဲ့ပါတယ်။ ဝီလျံက ပုဂ္ဂိုလ်ရေးနဲ့ မိသားစုပြဿနာတွေကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့ တာပါ။ ကိုရင်သီယန်က ဒါကို စိတ်မကောင်း ဖြစ်ခဲ့ပေမယ့် ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဝီလျံဟာ ကိုရင်သီယန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဥရောပကို ပြန်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ဝီလျံဟာ ချယ်လ်ဆီး အသင်းနဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းမှာတော့ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
Source: Reuters
- By CNI
- Category: အားကစား
- Hits: 1293
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၅
လက်ဝှေ့အကျော်အမော် တိုင်ဆန်ဗျူရီဟာ အနားယူဖို့ အတည်ပြုပြီးတဲ့နောက် လက်ဝှေ့လောက ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ပြောလိုက်ပါတယ်။
တိုင်ဆန်ဗျူရီက “နှစ်တွေအများကြီးကြာမြင့်တဲ့ ကျနော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ပါဝင်ခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ခက်ခက်ခဲခဲစကားတွေ အကြာကြီးပြောပြီးတဲ့နောက် ကျနော့်ရဲ့ ၃၄ နှစ်မြောက်မွေးနေ့မှာ ဒီကနေ အဝေးကို ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်ပါပြီ” လို့ အင်စတာဂရမ်မှာ ရေးသား ခဲ့တာပါ။
ရှုံးပွဲမရှိ WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ ဒီလီယန်ဝှိုက်ကို အနိုင်ရခဲ့တဲ့ ဧပြီလတုန်းက ပွဲစဉ်အပြီးမှာ အနားယူပြီဖြစ်ကြောင်း ပြောခဲ့တာပါ။တိုင်ဆန်ဗျူရီဟာ အင်္ဂါနေ့က သူနဲ့ထိုးသတ်ဖို့ ကမ်းလှမ်းတာကို လက်ခံ ပေးဖို့ ဗြိတိန်နိုင်ငံသား ချီဆိုရာကို တိုက်တွန်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အနားယူတဲ့ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့တာပါ။ဗြိတိန်နိုင်ငံသားဟာ ဇူလိုင်လတုန်းကလည်း ထိုးသတ်ဖို့ အခြေအနေတွေနဲ့ ကိုက်ညီမယ် ဆိုရင် အန်သိုနီဂျိုရွှာနဲ့ ထိုးသတ်မယ်လို့ ပြောခဲ့ပါသေးတယ်။

တိုင်ဆန်ဗျူရီရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က “ကျနော်သူနဲ့ တစ်ချိန်လုံးစကားတွေပြောနေခဲ့တာပါ။ သူထိုးသတ်ချင် တယ်ဆိုရင် ထိုးသတ်ပါလိမ့်မယ်။ကျနော်သူ့ကို ထိုးသတ်နေဖို့ ဆွဲဆောင်နေမှာမဟုတ်ပါဘူး။ ပရိသတ်တွေက လည်း သူ့ကိုချစ်ကြပါတယ်။သူဟာ လမ်းပေါ်မှာရှိတဲ့လူတွေနဲ့ အမှန်တကယ်ဆက်ဆံရေး ရှိပါတယ်။သူက ကွဲပြားခြားနားပါတယ်။ပြီးရင် သူလုပ်ချင်တဲ့အရာပဲ သူလုပ်တာ”လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
တိုင်ဆန်ဗျူရီဟာ WWE သရုပ်ပြထိုးသတ်ပွဲအဖြစ် UFC ဟဲဗီးဝိတ်ချန်ပီယံ အန်ဂါနူနဲ့ ထိုးသတ်ဖို့အပြင် အန်သို နီဂျိုရွှာနဲ့ အူဆက်ခ်တို့ရဲ့ မကျေပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ထိုးသတ်ဖို့လည်း သတင်းတွေ ထွက်ခဲ့တာပါ။အန်သိုနီ ဂျိုရွှာနဲ့ အူဆက်ခ်တို့ရဲ့ မကျေပွဲကိုတော့ သြဂုတ်လ ၂၀ ရက် ဆော်ဒီနိုင်ငံမှာ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
တိုင်ဆန်ဗျူရီဟာ ၂၀၀၈ မှာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၃၃ ပွဲထိုးသတ် ခဲ့တာမှာ ၃၂ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျကာ ရှုံးပွဲမရှိခဲ့တာပါ။တိုင်ဆန်ဗျူရီဟာ ဒီအနိုင်ရတဲ့ ပွဲတွေမှာ ၂၃ ပွဲကို အလဲ ထိုးခဲ့တာဖြစ်ပြီး WBC,WBA(Super),IBF,WBO,IBO အစရှိတဲ့ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:BBC,Metro
