- By CNI
- Category: အားကစား
- Hits: 881
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉
ရီးရယ်လ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်အာလီအသင်းနဲ့ ကစားခဲ့တာမှာ ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ရီးရယ်လ်အတွက် ဂိုးတွေကို ဗီနီစီးယက်စ်၊ ဗယ်လ်ဗာဒီ၊ ရိုဒရီဂိုနဲ့ အာရီဘတ်စ်တို့က သွင်းယူခဲ့တာဖြစ်ပြီး အယ်လ်အာလီအတွက် ချေပဂိုးကို မာလူးက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ ပွဲချိန် ၈၇ မိနစ်မှာ ရီးရယ်လ်အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပြီး မိုဒရစ် ကန်သွင်းတာ မဝင်ခဲ့လို့ ဥရောပ ချန်ပီယံအသင်းရဲ့ အနိုင်ရလဒ်ဟာ ဒီထက်ပိုပြီး မပြတ်သားခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ၅ ကြိမ်မြောက်အဖြစ် တက်ရောက်ခဲ့တာဖြစ်ပြီး အရင် ဗိုလ်လုပွဲ တက်ခဲ့တဲ့ ၄ ကြိမ်စလုံး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
နောက်ဆုံး ရယူနိုင်ခဲ့တာကတော့ ၂၀၁၈ ကဖြစ်ပြီး အယ်လ်အိန်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ် အသင်းနည်းပြ အန်ဆယ်လော့တီကတော့ ပွဲအနိုင်ရခဲ့ပေမယ့် အသင်းရဲ့စိတ်နေသဘောထားကို မကျေနပ်ဘူးလို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်း အောင်ပွဲခံနေစဉ်
အန်ဆယ်လော့တီက “ကျနော်တို့ လွယ်လွယ်ကူကူနဲ့ အနိုင်ရခဲ့တာ မဟုတ်ပါဘူး။ ကောင်းမွန်စွာ ကစားရမှာ ဖြစ်သလို ပွဲပြီးဆုံးတဲ့ အချိန်အထိ အာရုံစူးစိုက်မှု အပြည့်ရှိနေရပါမယ်။ မိုဒရစ်ရဲ့ ပင်နယ်တီ မရောက်ခင် အချိန် အထိ ကျနော်တို့ဟာ ခက်ခဲတဲ့ မိနစ်အနည်းငယ်ကို ဖြတ်ကျော်ခဲ့ရပါတယ်။ ကျနော်တို့တွေဟာ ပြင်းပြမှုတွေကို လျှော့ချလိုက်တော့ အနည်းငယ် ခံစားခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျနော်တို့ ထိန်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အယ်လ်အာလီအသင်း နည်းပြကတော့ အသင်း အရေးနိမ့်မှု၊ အခွင့်အရေး လွဲချော်မှုတွေအတွက် စိတ်ပျက်ပေမယ့် ဖလာမင်ဂိုနဲ့ပွဲမှာတော့ အကောင်းဆုံး ပြန်လည် တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
မာဆယ်လ်ခေါလ်လာက “ရီးရယ်လ်အသင်းကို ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေကို အခွင့် အရေး မယူနိုင်ခဲ့တဲ့အတွက် စိတ်ပျက်စရာ ကောင်းတဲ့ရလဒ် တစ်ခုပါပဲ။ ကျနော်တို့ဟာ ဖလာမင်ဂိုနဲ့ ကစားရမယ့် ပွဲမှာ ယုံကြည်မှုအပြည့်နဲ့ ကစားသွားမှာပါ။ ဒီနေ့မှာ ကျနော်တို့ အရေးနိမ့်ခဲ့ပေမယ့် စနေနေ့မှာ ထပ်ပြီးတိုက်ပွဲ ဝင်ရမယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
မော်ရိုကိုနိုင်ငံမှာ ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရီးရယ်လ်အသင်းဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး တတိယနေရာ လုပွဲအဖြစ် အယ်လ်အာလီအသင်းနဲ့ ဖလာမင်ဂို အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲတွေကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source:CAN/BBC
- By CNI
- Category: အားကစား
- Hits: 1011
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု ၁၀၀ ကျော်နဲ့ စွဲချက်တင်ခံထားရပြီး အပြစ်ပေး အရေးယူခြင်း မပြုလုပ်ခင်မှာ နည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ဟာ မန်စီးတီးအသင်းကို ဘဏ္ဍာရေး ချိုးဖောက်မှု အများအပြား ပြုလုပ်ထားကြောင်း တွေ့ရှိရ တယ်ဆိုပြီး စွဲချက်တင်ထားပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့နှစ် မေလက သူ့ကို ဘဏ္ဍာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လိမ်ညာခဲ့ မယ်ဆိုရင် ထွက်သွားမယ်လို့ ပြောထားဖူးပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးအသင်းကို အရေးယူမှုတွေ ပြုလုပ်ချိန် မှာ စပိန်လူမျိုးနည်းပြဟာ အသင်းမှာရှိမှာ မဟုတ်တော့ဘူးလို့ The Athletic က ဖော်ပြထားတာပါ။
လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်က ကိုင်တွယ်မယ့် ဒီကိစ္စမှာ မန်စီးတီးအသင်း အနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ရမှတ်လျှော့တာကနေ တန်းဆင်းတဲ့အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အခုဖြစ်နေတဲ့ အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းဖို့အတွက် လေးစားခံရတဲ့ နာမည် ကျော်ရှေ့နေ လော့ဒ်ပန်နစ်ခ်ကေစီကို ငှားရမ်းထားပါတယ်။

မန်စီးတီးကွင်းကိုတွေ့ရစဉ်
ဒီရှေ့နေဟာ သူ့ရဲ့မျိုးဆက်တွေထဲမှာ အတော်ဆုံးသူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အခုအချိန်မှာတော့ တရားရေးတိုက်ပွဲ ဖြစ်လာနိုင်တဲ့ ဒီကိစ္စထဲမှာပါ ပါဝင်လာရတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လော့ဒ်ပန်နစ်ခ်ကေစီ အတွက် တစ်ရက်လုပ်ခ ပေါင် ၈၀,၀၀၀ ဒါမှမဟုတ် တစ်ပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀ ကုန်ကျနိုင်တာကြောင့် အသင်းအတွက် ကုန်ကျစရိတ်တွေလည်း များလာနိုင်ပါတယ်။
ဒီကုန်ကျစရိတ်ဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဒီဘရိုင်းရဲ့ လုပ်ခလစာနဲ့ ညီမျှနေတာလည်း ဖြစ်ပါ တယ်။ ဂွာဒီယိုလာကတော့ မန်စီးတီးအသင်းနဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စာချုပ် သက်တမ်း တိုးထားတာကြောင့် ၂၀၂၅ နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေတာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ ၊ ချန်ပီယံလိဂ်ဖလား ၁၆ သင်း အဆင့်နဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 832
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ဖီဖာထံ တရားဝင် တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
တောင်အမေရိက ၄ နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို “ဘောလုံးမွေးဖွားရာ အရပ်ထံ” ပြန်လာဖို့ တောင်းဆိုခဲ့ကြ တာပါ။
အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့ဟာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် စပိန်နဲ့ ပေါ်တူဂီ၊ မော်ရိုကို၊ ဆော်ဒီတို့နဲ့လည်း အိမ်ရှင်အဖြစ် ပြုလုပ်ခွင့်ရဖို့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွား မှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဗိုလ်ဆွဲခံရစဉ်
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမင်ဂွက်ဇ်က “၂၀၃၀ ကမ္ဘာ့ဖလားဟာ တခြားကမ္ဘာ့ဖလား မဟုတ်ပါ ဘူး။ ဒါဟာ နှစ် ၁၀၀ အတွက် အသိအမှတ်ပြု ဂုဏ်ပြုခြင်းနဲ့ ထိုက်တန်ပါတယ်။ ကျနော်တို့ အရှေ့က ရောက် လာတဲ့ သူတွေရဲ့ ကြီးကျယ် ခမ်းနားမှုကို ယုံကြည်ပြီး ပထမဆုံး ကမ္ဘာ့ဖလား ဖန်တီးခဲ့တဲ့သူတွေကို ဂုဏ်ပြုဖို့ ဖီဖာ မှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ က ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဥရုဂွေးလက်ရွေးစင်က ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
အာဂျင်တီးနားကတော့ ၁၉၇၈ က အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာ အပါအဝင် ချန်ပီယံဆုကို ၃ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။
ချီလီကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၆၂ မှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိက နိုင်ငံအသင်းတွေဖြစ်တဲ့ ဘရာဇီးလ်က ၅ ကြိမ်နဲ့ အကြိမ်အရေအတွက် အများဆုံး ဗိုလ်စွဲထားတာဖြစ်ပြီး အာဂျင်တီးနားက ၃ ကြိမ်၊ ဥရုဂွေးက ၂ ကြိမ် ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1102
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ကာတာရင်းနှီးမြှုပ်နှံသူ လုပ်ငန်းစုဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ အလားအလာရှိတဲ့ ဝယ်ယူမယ့် သူတိုင်းကို ဖေဖော်ဝါရီလလယ် နောက်ဆုံးထားပြီး ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရက်သတ်မှတ်ထားတာပါ။
ကာတာလုပ်ငန်းစုဟာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ဝယ်ယူဖို့အတွက် သဘောတူညီမှု ရနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းကို အင်္ဂလိပ်ဘောလုံးလောက ထိပ်ဆုံး ပိုင်း ပြန်တက်နိုင်ဖို့ နည်းပြအဲရစ်တန်ဟတ်ကို ကြီးမားတဲ့ ငွေကြေး ထောက်ပံ့မှုတွေပေးဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ကလပ်ကို ဝယ်ယူဖို့အတွက် ပေါင် ၆ ဘီလီယံကျော် ဈေးသတ်မှတ်ထားပြီး ဝယ်ယူတဲ့ သူတိုင်းဟာ အိုးထရက်ဖို့ဒ်ကို ပြန်လည် တည်ဆောက်မယ့် အစီအစဉ်အတွက် ပေါင် ၂ ဘီလီယံထက်ပြီး ကုန်ကျ ဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ကာတာရင်းနှီးမြှပ်နှံသူ လုပ်ငန်းစုကတော့ တစ်စိတ်တစ်ပိုင်း အစုရှယ်ယာကို စိတ်ဝင်စားမှု မရှိဘဲ အလုံးစုံ ပိုင်ဆိုင် လို နေတာပါ။ ကာတာလုပ်ငန်းစု အနေနဲ့ ယူနိုက်တက်ကို ဝယ်ယူဖို့ လုပ်ဆောင်နေတဲ့ ဗြိတိန် အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် တစ်ဦးဖြစ်ပြီး ပြင်သစ်ကလပ် နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒါပေမယ့် ဝယ်ယူမယ့် သူတွေဟာ ပရီးမီးယားလိဂ်ရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပြီး ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရဖို့တော့ ရှိနေပါတယ်။
ကာတာနိုင်ငံကသာ ယူနိုက်တက်ကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာ ကလပ်ဟာ ဥရောပရဲ့ အချမ်းသာဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး အများအပြားလည်း ရရှိလာမှာပါ။
ယူနိုက်တက်အသင်းဟာ အသင်းကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေကို ဖေဖော်ဝါရီလထဲ အပြီးသတ် လုပ်ဆောင်မှာဖြစ်ပြီး နောက်လမှာတော့ ပိုင်ရှင်သစ်တွေထံ လွှဲပြောင်းပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1055
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ဒီမီရယ်လ်ဟာ သူ စုစောင်းထားတဲ့အရာတွေထဲက ရော်နယ်ဒိုလက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို တူရကီငလျင်အတွက် အသုံးပြုသွားမယ်လို့ ပြောလိုက်ပါတယ်။
ဒီမီရယ်လ်က “ကျနော် ခရစ္စတီယာနိုနဲ့ စကားပြောခဲ့ပြီး တူရကီမှာဖြစ်ခဲ့တဲ့အရာတွေအတွက် အလွန် ဝမ်းနည်း တယ်လို့ သူက ကျနော့်ကို ပြောခဲ့ပါတယ်။ကျနော်ရဲ့ စုဆောင်းမှုတွေထဲက ရော်နယ်ဒို လက်မှတ်ထိုးထားတဲ့ ဂျာစီကို ကျနော်တို့ လေလံတင် ရောင်းချသွားမှာပါ။လေလံက ရရှိတဲ့ဝင်ငွေတွေ အားလုံးကို ငလျင်ဇုန်အတွက် အသုံးပြုသွားမယ်” လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။
တနင်္လာနေ့က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာမှာ အဆောက်အဦတွေပြိုကျခဲ့ပြီး အနည်းဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးအပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ဒီမီရယ်လ်ကတော့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့သူတွေကို တတ်နိုင် သလောက် ကူညီပေးသွားမယ်လို့ ပြောခဲ့တာပါ။အဲဒါကြောင့် ဒီမီရယ်လ်ဟာ ဂျူဗင်တပ်စ်အသင်းမှာ အတူတွဲ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒို လက်မှတ်ထိုးထားတဲ့ ဂျူဗင်တပ်စ်ဂျာစီကို လေလံတင်ရောင်းချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒီမီရယ်လ်က “အခု ကျနော် ဘိုနူချီနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်။သူ့ကလည်း ဝမ်းနည်းမှုကို ဖော်ပြခဲ့ပြီး တူရကီမှာရှိတဲ့ ကျနော်တို့ရဲ့ ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ဘိုနူချီဟာ သူ လက်မှတ်ရေးထိုးထားတဲ့ ဂျူဗင်တပ်စ်ဂျာစီကို လှူဒါန်းခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ဒီမီရယ်လ်ဟာ တူရကီပရဟိတအဖွဲ့အစည်း Ahbap ကို လှူဒါန်းဖို့ ရွေးချယ်ခဲ့ပေမယ့် တူရကီ Red Crescent နဲ့ Save The Children တို့ကလည်း တူရကီနဲ့ ဆီးရီးယားက မြေပြင်ရှိပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ဖို့ အလှူငွေတွေလက်ခံနေတဲ့ အခြားအဖွဲ့အစည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ဒီမီရယ်လ်ဟာ စီးရီးအေကလပ် အတ္တလန္တာအသင်းမှာ ကစားနေတာဖြစ်ပြီး တူရကီ လက်ရွေးစင်အတွက် ၃၅ ပွဲ ပါဝင်ကစားထားကာ ၂ ဂိုးသွင်းယူထားပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 1117
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဗြိတိန်ဟဲဗီးဝိတ် လက်ဝှေ့သမား အန်သိုနီဂျိုရွှာဟာ ဧပြီလ ၁ ရက်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်ပြီး ဖရန်ကလင်နဲ့ O2 Arena မှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။
အန်သိုနီဂျိုရွှာက “ကြိုးဝိုင်းထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့ ကျနော် မျှော်လင့်ခဲ့တာပါ။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့် ဖြစ်နေတယ်လို့ ခံစားရပါတယ်။ ဖရန်ကလင်ဟာ ကောင်းမွန်တဲ့ပုံစံ ရှိနေပါတယ်။ စိတ်ထားလည်း အလွန်ကောင်းမွန်တဲ့သူဖြစ်ပြီး ဒါကို မကြာသေးခင်က ထိုးသတ်ခဲ့တဲ့ ပွဲတွေမှာ ပြသနိုင်ခဲ့ပါ တယ်”လို့ ပြောခဲ့တာပါ။
အန်သိုနီဂျိုရွှာဟာ နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ၂ ပွဲမှာ ကမ္ဘာ့ချန်ပီယံ အူဆက်ခ်ကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံဆုတွေကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ဗြိတိန်လက်ဝှေ့သမားဟာ ၂၀၂၀ က ကူဘရက်ပူလက်ဗ်ကို နောက်ဆုံး အနိုင်ရပြီးနောက် ပထမဆုံးနိုင်ပွဲကို ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

အန်သိုနီဂျိုရွှာ ပြိုင်ဘက်ရဲ့ အထိုးကို ခံလိုက်ရစဉ်
ဖရန်ကလင်ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒီလီယန်ဝှိုက်နဲ့ နောက်ဆုံး ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အရေးနိမ့်ခဲ့ တာဖြစ်ပါတယ်။ အဲဒီ ရှုံးနိမ့်မှုက သူထိုးသတ်ခဲ့တဲ့ ၂၂ ပွဲမှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ချန်ပီယံဆုတွေကို ၂ ကြိမ် ရရှိထားတဲ့ အန်သိုနီဂျိုရွှာဟာ အူဆက်ခ်ကို အရေးနိမ့်ပြီး ကတည်းက အနားယူ နေခဲ့တာဖြစ်ပြီး တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ပြယ်ခဲ့တာပါ။
အခုအချိန်မှာတော့ အန်သိုနီဂျိုရွှာဟာ ဖရန်ကလင်နဲ့ ထိုးသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အန်သိုနီဂျိုရွှာဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၂၇ ပွဲ ထိုးသတ်ခဲ့တာမှာ ၂၄ ပွဲ အနိုင်ရခဲ့ပြီး ၃ ပွဲရှုံးနိမ့်ခဲ့တာပါ။
ဖရန်ကလင်က “ဟဲဗီးဝိတ်တန်းရဲ့ ထိပ်ဆုံးနေရာကို ရယူဖို့အတွက် ကျနော်ဘာကြောင့် ရောက်ရှိလာတယ် ဆိုတာကို ကမ္ဘာကြီးကိုပြသဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဂျိုရွှာမှာလည်း သူ့အချိန်တွေ ရှိပါတယ်။ ဒါဟာ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ကျနော့်ရဲ့ အချိန်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1067
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ဟားဘတ်ဟိုင်နာက ပေါက်ကွဲစေတဲ့ အင်တာဗျူးတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား နူအာနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုကို ယူနိုက်တက် လုပ်ဆောင်သလို စာချုပ်ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဟားဘတ်ဟိုင်နာက “ယူနိုက်တက်က ရော်နယ်ဒိုကို လုပ်သလိုမျိုး ကျနော်တို့လုပ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဟာ ဘိုင်ယန်မြူးနစ်အသင်းပါ။ ကျနော်တို့အသင်းဟာ ဒီလိုအရာတွေကို အတွင်းပိုင်းမှာပဲ ရှင်းသွားမှာပါ။ ဒီလို အရာတွေက ဘိုင်ယန်မြူးနစ်ကို ပိုပြီးအားကောင်းစေပြီး ထူးခြားစေပါတယ်”လို့ BR24 Sport ကို ပြောခဲ့တာပါ။
ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်အသင်း ဂိုးသမား နူအာဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂိုးနည်းပြကို ထုတ်ပယ်ခဲ့တဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပြောဆိုမှုအပေါ် ဘိုင်ယန်မြူးနစ်အသင်း ဂန္တဝင်တွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး ကလပ်အသင်း ခေါင်းဆောင် အဖြစ် ဆောင်ရွက်နေတဲ့ နူအာရဲ့ အနာဂတ်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း စီအီးအို အိုလီဗာခန်းကတော့ နူအာနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်မယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ နူအာကိုတွေ့ရစဉ်
ကမ္ဘာ့ဖလား မတိုင်ခင်က ရော်နယ်ဒိုဟာ ယူနိုက်တက် အသင်းအပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီး မှာ မန်ချက်စတာ ကလပ်ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ် အသင်း ကလည်း ဒီလိုမျိုး လုပ်လာနိုင်တယ်လို့ ထင်ခဲ့တာပါ။
ဒါပေမယ့် ဟားဘတ်ဟိုင်နာက နူအာဟာ ရော်နယ်ဒိုလိုမျိုးဖြစ်မှာ မဟုတ်ဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
နူအာဟာ လက်ရှိအချိန်မှာ ခြေထောက် ကျိုးနေခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းအတွက် ပါဝင် ကစား နိုင်ခြင်း မရှိသေးဘဲ ရာသီအကုန်ထိ အနားယူရဖွယ် ရှိနေတာပါ။
ဂျာမန်ကလပ်ဟာ နူအာ အနားယူရမှာဖြစ်လို့ ဂိုးသမား နေရာအတွက် ယန်ဆွန်မာကို အစားထိုး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ နူအာဟာ ဘိုင်ယန်မြူးနစ် အသင်းကို ၂၀၁၁ က ရှော်လ်ကေးအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၄၈၉ ပွဲ ပါဝင်ကစားကာ ဆုဖလား အောင်မြင်မှု အများအပြား ရယူထားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီရာသီ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေသလို ချန်ပီယံ လိဂ် ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1161
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇
အယ်လ်နာဆာအသင်း နောက်ခံလူ ဂူစတာဗိုက အသင်းဖော် ရော်နယ်ဒို ဆီကနေ နေ့စဉ်နေ့တိုင်း သင်ယူနေရလို့ အသင်းအတွက် အများကြီး အကျိုးရှိတယ်လို့ ပြောလိုက်ပါတယ်။
ဂူစတာဗိုက “အယ်လ်နာဆာမှာ ရော်နယ်ဒို ရှိနေတာက အသင်းအတွက် အများကြီး အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ သူ့ဆီကနေ နေ့တိုင်း သင်ယူနေရလို့ပါ။ သူဟာ နည်းပညာပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာအပြင် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းပါတယ်။ ရော်နယ်ဒိုဟာ စိန်ခေါ်မှုတွေအတွက် ဖန်တီး ခဲ့တာဖြစ်ပြီး သူဟာ အမြဲတမ်း အောင်မြင်နေတဲ့သူပါ။ ဒီမှာရှိတဲ့ လူတိုင်းကလည်း သူဘာတွေ လုပ်နိုင်မလဲဆိုတာ ကို စောင့်နေကြပါတယ်။ သူဟာ ပထမဆုံး သွင်းဂိုးကို ရပြီးပါပြီ။ အဲ့ဒါကြောင့် ဖိအားတွေ အောက်ကနေ လွတ် မြောက်သွားပြီ”လို့ ပြောခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ ဂူစတာဗိုဟာ ဘိုင်ယန်မြူးနစ်၊ မာဆေးလ်နဲ့ ဖီနာဘာချီ အသင်းတွေမှာ ကစားခဲ့ပြီး အခု အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး ကစားနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာခဲ့တာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ပွဲဦးထွက် ၂ ပွဲမှာ ဂိုးမသွင်းနိုင်လို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။
ဒါပေမယ့် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အယ်လ်ဖာတက်ချ် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာ အယ်လ်နာဆာ အသင်းအတွက် ချေပဂိုးသွင်းပြီး ဝေဖန်မှုတွေ အဆုံးသတ်နိုင်ခဲ့တာပါ။
ဂူစတာဗိုက ရော်နယ်ဒို ရောက်လာတာဟာ အသင်းအတွက် အများကြီး အကျိုးရှိပေမယ့် အသင်းတိုင်းရဲ့ ကြိုးစား လာမှုတွေကြောင့် သူတို့အတွက် ခက်ခဲမှုတွေ ဖြစ်စေတယ်လို့လည်း ပြောခဲ့ပါတယ်။
ဂူစတာဗိုက “သေချာတာကတော့ ရော်နယ်ဒို ရှိနေတာက ကျနော်တို့အတွက် ခက်ခဲမှုတွေ ဖြစ်စေပါတယ်။ အသင်းတိုင်းက သူ့နဲ့ အကောင်းဆုံး ကစားနိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ်။ သူဟာ လူတိုင်းကို စိတ်ဓါတ်တက်ကြွအောင် လုပ်ဆောင်ပေးတယ်”လို့ ပြောခဲ့တာပါ။
ဆော်ဒီလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁၀ ရက် နေ့မှာ အယ်လ်ဝါဒါ အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1054
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ဦး မဖြစ်ခဲ့ဘူးလို့ အီတလီ လက်ရွေးစင် ကစားသမားဟောင်း ကာဆာနိုက ပြောလိုက်ပါတယ်။
ကာဆာနိုက “မော်ရင်ဟိုဟာ မီဒီယာတွေကို ဘယ်လို ကစားရမလဲဆိုတာသိပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါ တယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ နည်းပြတစ်ဦး မဖြစ်ခဲ့ပါဘူး။ သူဟာ သန်မာတဲ့ ကစားသမားတွေနဲ့ ဆက်ဆံ ရတာကောင်းပြီး အဲ့ဒီထဲမှာ မကောင်းတဲ့သူတွေ မပါပါဘူး။ တကယ်ကောင်းမွန်တဲ့ ကစားသမားတွေနဲ့ ရင်းနှီးဖို့က လွယ်ကူလွန်းပါတယ်။ ရိုးမားအသင်းမှာဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် အန်ချင်သလိုတောင် ဖြစ်ခဲ့ရတာပါ။ သူ့ရဲ့ ဒုတိယလူစာရင်းနဲ့ ဆိုရင်တောင် ဆရီမိုနန့်စ်ကို အနိုင်ယူဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။
ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရက် ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အမ်ပိုလီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆရီမိုနန့်စ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ ရိုးမားကစားသမားကိုတွေ့ရစဉ်
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီကမှ ရိုးမားအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ယူရိုပါ ကွန်းဖရန့်စ်လိဂ် ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တာပါ။
ကာဆာနိုကတော့ မော်ရင်ဟိုဟာ အသင်းကြီးတွေ အများအပြားမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် စံချိန်တင် ထား သလောက် မကောင်းဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကားစ်ဒရော့ပ်နဲ့ ဇာနီအိုလိုတို့အပေါ် ပြုမူခဲ့တဲ့ သူ့ရဲ့ ကိုင်တွယ်ပုံကို ကာဆာနိုက ဝေဖန်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။
ကာဆာနိုက “ကားစ်ဒရော့ပ်ဆိုရင် လူတိုင်းရှေ့မှာ စော်ကား ခံလိုက်ရပါတယ်။ သူ ကားစ်ဒရော့ပ် ပြန်ရောက်လာ တာ ဘယ်သူသိလဲ။ ဒါက စိတ်ရှုပ်ဖို့ကောင်းတဲ့ အရာတွေထဲက တစ်ခုဖြစ်ပြီး အခုလည်း ဇာနီအိုလိုနဲ့ ပတ်သက်ပြီး ဖြစ်လာခဲ့ပြန်ပါပြီ။ သူဟာ ရိုးမားအသင်းမှာ ကောင်းမွန်စွာ မကစားရတာ ၁ နှစ်ခွဲရှိပါပြီ”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။
မော်ရင်ဟိုဟာ ရာသီအစောပိုင်းမှာ ကားစ်ဒရော့ပ်ရဲ့ အနာဂတ်ဟာ ရိုးမားအသင်းမှာ မရှိတော့ဘူးလို့ အသိပေးခဲ့ သလို ဇာနီအိုလိုကလည်း အသင်းနဲ့ အဆက်အသွယ်ဖြတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1076
CNI Sport News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ရော်နယ်ဒိုဟာ အသက် ၃၈ နှစ်ပြည့် မွေးနေ့ကို လက်တွဲဖော် ဂျော်ဂျီနာရိုဒရီဂွတ်ဇ် အပါအဝင် မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ကိတ် ၃ ခုနဲ့ ကျင်းပသွားခဲ့ပါတယ်။
ရော်နယ်ဒိုက “မွေးနေ့အတွက် မက်ဆေ့ချ် ပို့ပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ဒီလိုကုန်ဆုံးရတာ ကျေးဇူးတင်ပါတယ်”လို့ စုပေါင်းရိုက်ကူးထားတဲ့ ပုံနဲ့အတူ အင်စတာဂရမ်မှာ ရေးသား လွှင့်တင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ကမ္ဘာ့ဖလားအပြီးမှာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ စာချူပ်ချုပ်ဆိုကာ ပြောင်းရွှေ့လာခဲ့တာပါ။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အယ်လ်နာဆာအသင်းမှာ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာ အများဆုံးရတဲ့ အားကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ အယ်လ်ဖာတက်ချ် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အယ်လ်နာဆာ အသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူနိုင်ခဲ့ပြီး ဆော်ဒီလိဂ်မှာ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ပွဲဦးထွက် ၂ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေ ခံနေရတာကို ဒီပွဲမှာ ဂိုးသွင်းပြီး အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဒီဂိုးသွင်းအပြီးမှာ “ဆော်ဒီလိဂ်မှာ ကျနော့်ရဲ့ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ အလွန်ခက်ခဲတဲ့ပွဲမှာ အရေးပါတဲ့ သရေတစ်မှတ် ရဖို့အတွက် တစ်သင်းလုံး ကြိုးစားပြီး အားထုတ်ခဲ့ကြပါတယ်”လို့ ရေးသားခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ အယ်လ်ရှာဘတ်၊ အယ်လ်အီတီဟတ် အသင်းတွေနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဆော်ဒီပရိုလိဂ် အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ကြာသပတေးနေ့မှာ ဆော်ဒီလိဂ် ပွဲစဉ်အဖြစ် အယ်လ်ဝါဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
