
- By CNI
- Category: အားကစား
- Hits: 1043
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉
ဆီနီဂေါကြယ်ပွင့် မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဝါဒါဘရီမင်အသင်းတို့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲချိန်မိနစ် ၂၀ မှာကတည်းက လူစားလဲခဲ့ရတာဖြစ်ပါတယ်။
မာနေးဟာ ဒဏ်ရာကြောင့် စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲမှာ ထိုင်နေခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်လ်စမန်းက ကစားသမားဟာ ညို့သကျည်းဒဏ်ရာရသွားတာဖြစ်တယ်လို့ ပြောခဲ့တာပါ။ဆေးအဖွဲ့တွေက မာနေးရဲ့ ဒဏ်ရာအခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ဆက်မကစားနိုင်တော့လို့ လူစားလဲ ခဲ့ရတာဖြစ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန်မှာ မာနေးရဲ့ဒဏ်ရာအခြေအနေဟာ ဆီနီဂေါလက်ရွေးစင် အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်လ်စမန်းက “မာနေးက ညို့သကျည်းမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒဏ်ရာ အခြေ အနေပြင်းထန်ခြင်း ရှိ၊မရှိသိရဖို့အတွက် ဓါတ်မှန်ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ ကျနော်တို့မျှော်လင့်ပါတယ်။ပွဲအပြီးမှာ သူ့ကိုမတွေ့ခဲ့ရပါဘူး။မနက်ဖြန်မှ သူ့အခြေအနေကို သိရမှာပါ” လို့ ပွဲ အပြီးမှာ ပြောခဲ့တာပါ။
လီဗာပူးလ်ကစားသမားဟောင်းဟာ ဒဏ်ရာကြောင့် အခုတစ်ပတ် ရှောလ်ကေးနဲ့ ကစားမယ့် ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ပါဝင်ကစားပေးနိုင်ဖွယ်မရှိပါဘူး။ဒါပေမယ့် မာနေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆီနီဂေါအတွက် ကြံခိုင်မှုအပြည့်နဲ့ ပါဝင်ပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ကာတာ၊ အီကွေဒေါ၊ နယ်သာလန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။
အာဖရိကနိုင်ငံဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။ဆီနီဂေါအတွက် ၉၃ ပွဲပါဝင်ကစားထားပြီး ၃၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာနေးဟာ ပြီးခဲ့တဲ့ အာဖရိကဖလား ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းချန်ပီယံဖြစ်ဖို့နဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် အဓိက စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 1077
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉
ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာကိုရွေးချယ်ဖို့ ဆုံးဖြတ်တာက မှားခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဆပ်ဘလတ္တာက “ဒါဟာ ဆိုးရွားတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ ကျနော့်မှာ တာဝန်ရှိပါတယ်။ကမ္ဘာ့ဖလားက အမေရိကန်ထက် ကာတာကို သွားရောက်ခဲ့တာပါ။ဒါက အမှန်တရားပါ။ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပဖို့အတွက် သေးငယ်လွန်းတဲ့နိုင်ငံဖြစ်ခဲ့ပြီး ဘောလုံးနဲ့ ကမ္ဘာ့ဖလားက ကြီးမားတယ်”လို့ ဆွစ်ဇာလန်သတင်းစာ Tages Anzeiger နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘလတ္တာဟာ ကာတာကို ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့တဲ့ ၂၀၁၀ က ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ကာတာနိုင်ငံဟာ လိင်တူဆက်ဆံမှုအပေါ် သူတို့ရဲ့ ရပ်တည်မှု၊ လူ့အခွင့်အရေးမှတ်တမ်းတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဆက်ဆံပုံတွေကြောင့် ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတာပါ။
၂၀၂၂ ပြိုင်ပွဲဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၉၂ နှစ်အတွင်း အရှေ့အလယ်ပိုင်းမှာ ပထမဆုံးအိမ်ရှင်အဖြစ် ကျင်းပတာဖြစ်ပြီး ဆောင်းရာသီမှာ ပထမဆုံးအကြိမ်ကျင်းပတာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်မှာ ကျင်းပဖို့ စဉ်းစားခဲ့ပေမယ့် ဖီဖာအမှုဆောင်ကော်မတီက ၁၄ မဲ - ၈ မဲနဲ့ ကာတာကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ရွေးချယ်ခဲ့တာပါ။ဘလတ္တာကတော့ သူဟာ အဲဒီအချိန်တုန်းက အမေရိကန်ကို မဲပေးခဲ့တာလို့ အင်တာဗျူးမှာ ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
ဘလတ္တာဟာ ဖီဖာဥက္ကဋ္ဌအဖြစ် ၁၇ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ပလာတီနီထံ ဆွစ်ဖရန့်စ် ၂ သန်း တရားမဝင် လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၂၀၁၅ မှာ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။သူဟာ ဒီလို ပေးချေမှုကြောင့် မူလက ဘောလုံးလောကကနေ ၈ နှစ်ပိတ်ပင်ခံခဲ့ရပြီး နောက်ပိုင်းမှာ ၆ နှစ်လျှော့ချခံခဲ့ရတာ ဖြစ်ပါတယ်။ဘလတ္တာနဲ့ ပလာတီနီတို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လိမ်လည်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာတော့ အပြစ်မရှိကြောင်းတွေ့ခဲ့ရတာပါ။
ရုရှားနဲ့ ကာတာကို ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အကျင့်ပျက်ခြစားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရကာ ဆွစ်ဇာလန်အစိုးရရှေ့နေတွေနဲ့ အမေရိကန်တရားရေးဌာနတို့က ၂၀၁၅ အတွင်းမှာ စုံးစမ်းစစ်ဆေးမှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ကာတာနဲ့ ရုရှားတို့ကတော့ ဘယ်လိုအမှားအယွင်းမှ ပြုလုပ် ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ကာ ၂၀၁၇ မှာ ဖီဖာရဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုကနေ ထိရောက်စွာရှင်းလင်းခဲ့တာပါ။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်မှာ စတင်မှာဖြစ်ပြီး ဖီဖာကတော့ ပြိုင်ပွဲဝင်နိုင်ငံတွေကို ဘောလုံးကိုပဲ အာရုံစိုက်ကြဖို့ ပြောထားပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 837
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈
သြစတြေးလျအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာမှာ နယူးကာဆယ် ကစားသမားသစ် ကူရိုလ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ အသက် ၁၈ နှစ်အရွယ်ရှိ ကစားသမားကို စင်ထရယ်လ် ကို့စ်မာရီနာ အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာဖြစ်ပြီး ဇန်နဝါရီမှာ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။
ကူရိုလ်ဟာ ဒီရာသီမှာ သြစတြေးလျ ကလပ်အတွက် အေလိဂ်ပြိုင်ပွဲမှာ ၃ ပွဲ ပါဝင်ကစားထားပြီး လက်ရွေးစင် အသင်းအတွက် စက်တင်ဘာလက နယူးဇီလန်နဲ့ ခြေစမ်းပွဲမှာ ၁ ပွဲသာ ပါဝင် ကစားထားတာ ဖြစ်ပါတယ်။
သြစတြေးလျနည်းပြ ဂရေဟမ်အာနိုးလ်က “ဒီကောင်လေးဟာ သူ့ကိုယ်သူ အကောင်းဆုံး ဖြစ်နေရပါမယ်။ သူဟာ ပွဲတစ်ပွဲကို ပြောင်းလဲအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြသထားပါတယ်။ သူဟာ ကြောက်ရွံခြင်း လုံးဝ မရှိသလို ပွဲကို ဖျော်ဖြေမှု ပေးချင်တဲ့သူပါ”လို့ လူစာရင်း ထုတ်ပြန် အပြီးမှာ ပြောခဲ့တာပါ။
သြစတြေးလျအသင်း ကစားသမား ကူရိုလ်ကို တွေ့ရစဉ်
သြစတြေးလျအသင်း လူစာရင်းမှာ ဝက်စ်ဘရွန်းနဲ့ ဆဲလ်တစ် ကွင်းလယ်လူဟောင်း တွမ်ရိုဂျစ်၊ ဗဟိုနောက်ခံလူ စိန့်ဘူရီ၊ နာဂိုရာဂိုးသမား လန်ဂီရတ်ခ်တို့ ချန်လှပ်ခံခဲ့ရပါတယ်။
ဂရေဟမ်အာနိုးလ်က “စိန့်ဘူရီဟာ ရက်သတ္တပတ် ပေါင်းများစွာ ပွဲမကစားခဲ့ရပါဘူး။ ကျနော်ဟာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေတဲ့ ဆူတာ၊ ရိုဝယ်လ်စ်စတဲ့ ကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ရတာပါ”လို့ ပြောခဲ့တာပါ။
သြစတြေးလျအသင်း လူစာရင်းမှာ သြစတြေးလျ အခြေစိုက် ကစားသမား ၇ ဦးအထိ ပါဝင်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု D မှာ ပြင်သစ်၊ တူနီးရှား၊ ဒိန်းမတ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ သြစတြေးလျ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ သြစတြေးလျအသင်းဟာ ဒီပြိုင်ပွဲမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၁၆ သင်း အဆင့်ထိသာ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1042
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈
မန်စီးတီးနောက်ခံလူ မန်ဒီက သူဟာ ဘရက်ပစ် မဟုတ်ပေမယ့် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံတာမှာ အလွန် လွယ်ကူတယ်လို့ မုဒိမ်းမှုနဲ့ ပက်သက်ပြီး ရုံးတင် စစ်ဆေးတာမှာ ပြောလိုက်ပါတယ်။
မန်ဒီဟာ အမျိုးသမီးငယ် ၆ ဦးကို မုဒိမ်းမှု ၇ မှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ၁ မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှုတို့ နဲ့ စွဲချက်တင် ခံထားရပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ မန်ဒီဟာ Chester Crown တရားရုံးမှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ပထမဆုံးအကြိမ် သက်သေ တွေရဲ့ ရှေ့မှောက်မှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
မန်ဒီက “သူဟာ ဘရက်ပစ် မဟုတ်ပေမယ့် ရိုးရိုးသားသား ပြောရရင် အမျိုးသမီးတွေနဲ့ တွေ့ဆုံတာ၊ လိင် ဆက်ဆံ တာက အလွန်လွယ်ကူတယ်”လို့ တရားရုံးကို ထွက်ဆိုခဲ့တာပါ။
မန်စီးတီးအသင်းမှာ ကစားချိန် အမျိုးသမီးတွေက သူ့အပေါ်မှာ အာရုံစူးစိုက်မှု ၁၀ ဆကျော်သွားတယ်လို့လည်း ပြင်သစ်ကစားသမားက ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းမှာ မန်ဒီကစားစဉ်
မန်ဒီက “ မန်စီးတီးက ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းပါ။ သူတို့တွေ ကျနော့်ဆီကို ရောက်လာခဲ့ တာက ကျနော့်ကြောင့် မဟုတ်ပါဘူး။ ဘောလုံးကြောင့်ပါ။ သူတို့အာရုံစူးစိုက်တာက ကျနော့်အတွက် ဆိုးတယ်လို့ ပြောလို့ မရပါဘူး”လို့ ပြောခဲ့တာပါ။
မန်စီးတီးနောက်ခံလူဟာ အမျိုးသမီးအများစုက သူ့ကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ကြပြီး လိင်မဆက်ဆံချင်ဘူးဆိုရင် ရပ်တန့်လိုက်တယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။
မန်ဒီဟာ တစ်ညတည်းမှာပဲ အမျိုးသမီး အများအပြားနဲ့ မကြာခဏဆိုသလို အိပ်လေ့ရှိတယ်လို့လည်း တရား သူကြီးတွေကို ပြောခဲ့တာပါ။ မန်ဒီဟာ ချက်ရှိုင်းယားရှိ သူ့ရဲ့ နေအိမ်မှာ ပါတီပွဲတွေ ပြုလုပ်ရင်း အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။
မန်ဒီဟာ မန်စီးတီးအသင်းမှာ ကစားခွင့် ဆိုင်းငံ့ခံထားရပေမယ့် တစ်နှစ်လုပ်ခ ပေါင် ၄.၇ သန်း ရရှိနေတာပါ။ မန်ဒီဟာ တွဲဖက်တရားခံ မက်တူရီနဲ့အတူ တရားရင်ဆိုင် နေရတာ ဖြစ်ပါတယ်။
နှစ်ဦးစလုံးကတော့ မုဒိမ်းမှုနဲ့ ပက်သက်ပြီး ငြင်းဆိုထားကြပြီး ရုံးချိန်းကတော့ ဆက်လက် ပြုလုပ်နေတာပါ။
ပြင်သစ်လက်ရွေးစင်နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ မန်ဒီဟာ မန်စီးတီးအသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၁ ပွဲသာ ပါဝင်ကစားခဲ့ရပြီး မုဒိမ်းမှုကြောင့် စွဲချက်တင် ခံထားရတာ ဖြစ်ပါတယ်။
Source:The Sun

- By CNI
- Category: အားကစား
- Hits: 1288
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈
ဘရာဇီးလ်အသင်းဟာ ပရီးမီးယားလိဂ် ကစားသမားတွေ အများအပြား ပါဝင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
ဘရာဇီးလ်နည်းပြ တိုင်တီဟာ လူစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ခဲ့တဲ့ လူစာရင်းမှာ တော့ လီဗာပူးလ် တိုက်စစ်မှူး ဖာမီနို၊ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်လ်နဲ့ ဒဏ်ရာရနေတဲ့ ကော်တင်ဟိုတို့ ချန်လှပ်ခံခဲ့ရတာကို တွေ့ရပါတယ်။
နေမာကတော့ ဘရာဇီးလ်အသင်း လူစာရင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်နေပြီး နိုင်ငံအတွက် ဆုဖလား ရယူပေးဖို့နဲ့ လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်း လူစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ အာဆင်နယ်က ဂျီးဆပ်စ်နဲ့ မာတင် နယ်လီ၊ ချယ်လ်ဆီးက သီယာဂိုဆေးလ်ဗား၊ ယူနိုက်တက်က ကတ်စမဲရိုး၊ ဖရက်နဲ့ အန်တိုနီ၊ လီဗာပူးလ်က ဖာဘင်ဟိုနဲ့ အလီဆန်၊ မန်စီးတီးက အီဒါဆန်၊ စပါးက ရစ်ချာလီဆန်၊ နယူးကာဆယ်က ဘရူနိုဂွီမာရေ့စ်နဲ့ ဝက်စ်ဟမ်းက ပတ်ကွီတာတို့ ပါဝင်ခဲ့ကြပါတယ်။
ဘရာဇီးလ်အသင်း လူစာရင်းမှာ မပါ၀င်ခဲ့တဲ့ ဂါဘရီရယ်လ်၊ ဖာမီနို၊ ကော်တင်ဟိုတို့ကို တွေ့ရစဉ်
အန်တိုနီနဲ့ ဘရူနိုဂွီမာရေ့စ်တို့ဟာ ဘရာဇီးလ်အသင်းရဲ့ လူစာရင်း ကြေညာတာကို မိသားစုနဲ့အတူ ကြည့်ရှုနေခဲ့ ကြတာ ဖြစ်ပြီး သူတို့ နာမည်ပါဝင်ချိန်မှာ အလွန်ပျော်ရွှင်နေတာကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
အသက် ၃၉ နှစ် အရွယ်ရှိတဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်ကလည်း ဘရာဇီးလ်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
အခြား ကစားသမားတွေအဖြစ် ဂိုးသမား ဝီဗာတန်၊ နောက်ခံလူတွေအဖြစ် ဒန်နီလို၊ ဆန်ဒရို၊ တဲလက်စ်၊ ဘရီမာ၊ မီလီတာအိုနဲ့ မာကွင်ဟိုတို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကွင်းလယ်မှာတော့ အဲဗာတန်ရီဘီရို၊ တိုက်စစ်နေရာမှာ ပီဒရို၊ ရာဖင်ဟာ၊ ရိုဒရီဂိုနဲ့ ဗီနီစီးယက်စ်တို့ ပါဝင်လာခဲ့ ကြတာပါ။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု G မှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းဟာ နိုဝင်ဘာလ ၂၄ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1027
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈
ဘာစီလိုနာအသင်း နည်းပြ ဇာဗီက ပြိုင်ဘက်ဟောင်းဖြစ်ခဲ့တဲ့ ရော်နယ်ဒိုက ခြားနားမှုတွေဖြစ်အောင် လုပ်နိုင် သေးတယ်လို့ ယူရိုပါလိဂ်မှာ ယူနိုက်တက်နဲ့ တွေ့ဆုံ ယှဉ်ပြိုင်သွားဖို့ မဲခွဲဆုံးဖြတ်ချက် ကျလာအပြီး ပြောလိုက် ပါတယ်။
ဇာဗီက “ ရော်နယ်ဒိုက အံ့မခန်းဖွယ် ကောင်းမွန်တဲ့ ကစားသမားပါ။ မကြာသေးခင် ကာလတွေအတွင်းမှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးပါ။ သူဟာ ခြားနားချက်ဖြစ်အောင် လုပ်နိုင်ပါသေးတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်အုပ်စု အဆင့်ကနေ ထွက်ခွာလာတဲ့ ဘာစီလိုနာနဲ့ ယူရိုပါလိဂ် အုပ်စုတွင်းမှာ ဒုတိယရခဲ့တဲ့ ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ် ပလေးအော့ဖ် အဆင့်အတွက် မဲခွဲမှုပြုလုပ်တာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
ဒီပလေးအော့ဖ် အဆင့်ပွဲစဉ်ရဲ့ နှစ်ကျော့စလုံးကို ဖေဖော်ဝါရီလအတွင်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှာပါ။
ယူရိုပါလိဂ်ပွဲမှာ ဘာစီလိုနာနဲ့ ယူနိုက်တက် တွေ့ဆုံ (Twitter)
ဘာစီလိုနာအတွက် ဇာဗီကစားပေးနေတဲ့ အချိန်အတွင်းမှာ ရော်နယ်ဒိုနဲ့ ယူနိုက်တက် အသင်းမှာလည်း တွေ့ဆုံခဲ့ သလို ရီးရယ်လ်အသင်းမှာလည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အဲဒီအချိန်တုန်းက ကစားသမားဘဝ အကောင်းဆုံး အနေအထားမှာ ရှိနေပေမယ့် လက်ရှိမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာပါ။ ဒါပေမယ့် ဇာဗီကတော့ ရော်နယ်ဒိုရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် ယုံကြည်နေ တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း နည်းပြ ဇာဗီက ယူနိုက်တက်နဲ့ တွေ့ဆုံမှု အပေါ်မှာလည်း မပျော်ရွှင်ကြောင်း ပြောခဲ့ပါ သေးတယ်။
ဇာဗီက “အခက်အခဲဆုံး ပြိုင်ဘက်နဲ့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံရတာပါ။ ဒါပေမယ့် ကျနော်တို့ ဒါကို စောင့်မျှော် နေတာပါ။ သူတို့က သမိုင်းမှတ်တမ်းရှိတဲ့ အသင်းဖြစ်ပြီး နာမည်ကြီး ကစားသမားတွေလည်း ရှိသလို တန်ဟတ် ရောက်လာပြီးနောက်မှာ အများကြီး တိုးတက်လာပါတယ်။ ဒါဟာ ကျနော်တို့အတွက် အဆိုးရွားဆုံး မဲခွဲမှုလို့ တောင် ပြောလို့ရပါတယ်။ ကံမကောင်းခဲ့ဘူး”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အမှတ်ပေး လိဂ်တွေမှာတော့ ဘာစီလိုနာအသင်းက လာလီဂါ ထိပ်ဆုံး နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1188
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး အူဘာမီယန်းက အသင်းဟောင်း အာဆင်နယ်နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ ပြောပြီး သတိပေး လိုက်ပါတယ်။
အူဘာမီယန်းက “အဆင်နယ်ရေ ပုဂ္ဂိုလ်ရေး ခံစားချက် ဘာမှမရှိတော့ပါဘူး။ အပြာရောင် ကစားသမားအဖြစ်နဲ့ ကျနော် ပြန်လာပါပြီ။ ရင်ဆိုင်ဖို့ ကျနော် အဆင်သင့်ပါပဲ”လို့ BT Sport ရဲ့ ပရိုးမိုးရှင်း ဗွီဒီယိုမှာ ပြောခဲ့တာပါ။
အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် ၁၆၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၉၂ ဂိုး သွင်းယူကာ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းကာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပေမယ့် စည်းကမ်းပိုင်း ဆိုင်ရာ ဖောက်ဖျက်မှုတွေကြောင့် နည်းပြ အာတီတာ လက်ထက်မှာ အသင်းခေါင်းဆောင် ရာထူးက ဖယ်ရှား ခံခဲ့ရတာပါ။
အဲ့ဒီနောက်မှာ အာတီတာနဲ့ အဆင်မပြေမှုတွေ ရှိတာကြောင့် အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီး စပိန်ကလပ် ဘာစီလိုနာ အသင်းမှာ သွားရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ အူဘာမီယန်း ကစားခဲ့စဉ် (Metro)
ဘာစီလိုနာအသင်းမှာ ၆ လကြာရှိပြီးနောက် အူဘာမီယန်းဟာ အာဆင်နယ်အသင်းရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းထံ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ဂါဘွန် လက်ရွေးစင်ဟောင်းဟာ ချယ်လ်ဆီးအသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အူဘာမီယန်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ ပြန်လည် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ ဂရေဟမ်ပေါ်တာ လက်ထက် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ ဒိုင်နမိုဇာဂရက် အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။
အာဆင်နယ်ကတော့ ဒီရာသီမှာ အကောင်းဆုံးပုံစံ ပြသနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဦးဆောင်နေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 970
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄
ဘာစီလိုနာအသင်း ဝါရင့်နောက်ခံလူ ပီကေးဟာ စနေနေ့ နူးကမ့်ပ်မှာ ကစားမယ့် အယ်လ်မာရီးယားနဲ့ ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာလိုက်ပါတယ်။
ပီကေးက “ဘောလုံးက ကျနော့်ကို အရာအားလုံးပေးခဲ့သလို ဘာကာကလည်း အရာအားလုံးပေးခဲ့ပါတယ်။ ဘာကာ ပရိသတ်တွေကလည်း အရာအားလုံး ပေးခဲ့တာပါပဲ။ ကျနော့်ရဲ့ ကလေးဘဝ အိမ်မက်ကလည်း အမှန် တကယ် ဖြစ်ခဲ့ပြီးပြီဆိုတော့ ဒီခရီးကို အဆုံးသတ်ဖို့ အချိန်ရောက်ပါပြီ။ ဘာကာမှာ ကစားပြီးရင် တခြားအသင်း တွေ ရှိမှာမဟုတ်ဘူးဆိုတာ အမြဲတမ်း ပြောခဲ့ဖူးပါတယ်”လို့ ပြောခဲ့တာပါ။
လာမာစီယာ အကယ်ဒမီထွက် ပီကေးဟာ ၂၀၀၄ က ယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား ရယူကာ ၂၀၀၈ မှာ ဘာစီလိုနာအသင်းထံ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ပီကေးဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၆၀၀ ကျော် ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၈ ကြိမ်၊ ချန်ပီယံ လိဂ် ၃ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၇ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၀ ရယူနိုင်ခဲ့ပါတယ်။
ပီကေးက “ ကျနော် သိပ်မကြာခင် ဒီကိုပြန်လာမယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်။ နူးကမ့်ပ်မှာ ကျနော်တို့ ပြန်တွေ့ကြမယ်”လို့လည်း ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့စဉ်က ပီကေးကိုတွေ့ရစဉ် (Stadium Astro)
ပီကေးဟာ နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ အသင်းဖော်ဟောင်း ဇာဗီလက်ထက် ဒီရာသီမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပြိုင်ပွဲစုံ ၉ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့တာပါ။ ပီကေးဟာ အသင်းဘဏ္ဍာရေး အခက်အခဲ ကြုံတွေ့နေရချိန်မှာ လုပ်ခလစာ လျှော့ယူခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ပီကေးဟာ စပိန်လက်ရွေးစင် အသင်းကနေလည်း ၂၀၁၈ မှာ အနားယူခဲ့ပြီး ပွဲပေါင်း ၁၀၂ ပွဲ ပါဝင်ကစားကာ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။
အခုဆိုရင် ပီကေးဟာ စပိန်ဒုတိယတန်းကလပ် အန်ဒိုရာအသင်းကို ပိုင်ဆိုင်ထားပြီး ကော့စ်မို့စ် တင်းနစ်ရဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ စပိန်နောက်ခံလူဟောင်းဟာ ပြီးခဲ့တဲ့ ဇွန်လက လက်တွဲဖော် အဆိုတော် ရှာကီရာနဲ့ လမ်းခွဲထားတာလည်း ဖြစ်ပါတယ်။
ပီကေးရဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာထားရပြီး လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရီးရယ်လ်အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 944
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄
ယူနိုက်တက်အသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဆုဖလားရချင်တယ်ဆိုရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင် ရမှာပဲလို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ အသင်းတွေနဲ့ တွေ့ဆုံမယ့်အပေါ် ပြောလိုက်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ ကျနော်တို့ ဒါကို ကြည့်ဖို့ မလိုအပ်ပါဘူး။ ကျနော်တို့ဟာ ဒီအသင်းတွေကို ရှောင်ရှားပြီး သွားချင်ပေမယ့် အခုဒီအသင်းတွေကို ရင်ဆိုင်သွားရမှာပါ။ ဒါပေမယ့် ဒါက ပြဿနာမရှိပါဘူး။ ပြိုင်ပွဲမှာ ဆုဖလား ရယူချင်တယ်ဆိုရင်တော့ ပြိုင်ပွဲရဲ့ ဘယ်လို အခြေအနေမှာမဆို အသင်းကောင်းတွေနဲ့တော့ ရင်ဆိုင်ရမှာပါပဲ။ အနှေးနဲ့ အမြန်ဆိုတာပဲ ရှိတာပါ။ အဲ့ဒီအတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ဂါနာချိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဆိုစီဒက်နဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ် (Reuters)
ယူနိုက်တက်အသင်းဟာ ၁၆ သင်းအဆင့်ကို တန်းတက်နိုင်ဖို့အတွက် ဆိုစီဒက်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ၁ ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယသာ ရရှိခဲ့တာပါ။ အဲ့ဒါကြောင့် မန်ချက်စတာကလပ်ဟာ နောက်တစ်ဆင့်တက်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပလေးအော့ဖ် အဆင့်မှာ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ ဘာစီလိုနာ၊ အေဂျတ်စ်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာစတဲ့ အသင်းတွေနဲ့ တွေဆုံနိုင်ဖွယ် ရှိနေတာပါ။
ဒီပွဲတွေအတွက် မဲခွဲမှုကို နိုဝင်ဘာလ ၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲစဉ်တွေကို ဖေဖော်ဝါရီလမှ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီး ကတည်းက လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိ ဖြတ်သန်းနေတာလည်း ဖြစ်တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: MEN

- By CNI
- Category: အားကစား
- Hits: 1045
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် ၃၂ သင်းအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ဖို့ အချိန် ရောက်ပြီလို့ ပြောလိုက်ပါတယ်။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အထွေထွေအတွင်းရေးမှူး ဆာမိုအူရာတို့ လတ်မှတ်ရေးထိုးတားတဲ့ စာမှာ ဘောလုံးကိုပဲ အာရုံစိုက်ပါဆိုပြီး ပြိုင်ပွဲဝင်နိုင်ငံတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဘယ်သူ့ကိုမဆို ခွဲခြားဆက်ဆံမှု မပြုလုပ်ဘဲ ကြိုဆိုသွားမှာဖြစ်ပြီး စိန်ခေါ်မှုတွေ အများကြီးနဲ့ ကမ္ဘာတစ်ဝှမ်းလုံး မှာ နိုင်ငံရေး သဘောသဘာဝအရ အခက်အခဲတွေ ရှိတယ်ဆိုတာ သိတယ်ဆိုတဲ့ အကြောင်းကို စာထဲမှာ ရေးသား ထားပါတယ်။
နိုဝင်ဘာလ ၂၀ ရက်မှာ စတင်ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အငြင်းပွားမှုတွေနဲ့ ဝန်းရံခံနေရတာ ဖြစ်ပါ တယ်။ ကာတာနိုင်ငံဟာ လိင်တူဆက်ဆံမှုအပေါ် သူတို့ရဲ့ ရည်တည်မှု၊ သူတို့ရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် သူတို့ရဲ့ ဆက်ဆံပုံတွေကြောင့် ဝေဖန်မှုတွေကို ခံနေရတာပါ။
အင်ဖာတီနိုနဲ့ ကာတာ တာ၀န်ရှိသူတစ်ဦးကိုတွေ့ရစဉ် (The West Australian)
အဲ့ဒါကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ကိုလည်း ကစားသမားအချို့က စီစဉ်ထားတာပါ။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ အခြားဥရောပအသင်းတွေရဲ့ အသင်းခေါင်းဆောင် ၉ ဦးဟာ One Love စာသားပါ အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
ဒိန်းမတ်အသင်းဆိုရင် ကာတာနိုင်ငံကို ဆန့်ကျင်တဲ့ ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပြီး ပဲရစ်နဲ့ ပြင်သစ်ရှိ မြို့ကြီးတွေ မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လူမြင်ကွင်းတွေမှာ ပြသဖို့ ငြင်းဆန်ထားပါတယ်။
သြစတြေးလျ အသင်းကတော့ လိင်တူဆက်ဆံမှုဆိုင်ရာ ဥပဒေကို ဖျက်သိမ်းဖို့ ကာတာနိုင်ငံကို တိုက်တွန်းတဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ပြိုင်ပွဲမှာ နိုင်ငံရေးကြေညာချက် ဒါမှမဟုတ် ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ ကစားသမားတွေ မျှော်လင့်နေတာက မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့ကြောင့် ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင်မှာ ဝေဖန်သံတွေ အများအပြား ကြားခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်ဆိုရင် နွေရာသီမှာ ကျင်းပပေမယ့် ကာတာနိုင်ငံရဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် ဆောင်းရာသီမှာ ပထမဆုံး အကြိမ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကာတာ ကမ္ဘာ့ဖလား ပြင်ဆင်မှုကိုတွေ့ရစဉ် (The Japan Times)
ကာတာနိုင်ငံဟာ အစောပိုင်းက လေအေးပေးစက်တွေဖွင့်ကာ အားကစားကွင်းကို အလုံပိတ်ပြီး ကျင်းပဖို့ စီစဉ်ခဲ့ ပေမယ့် အဆိုပါ အစီအစဉ်ဟာ ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ စီစဉ်သူတွေက နိုင်ငံ အတွင်းကို လာရောက် ကြည့်ရှုတဲ့သူတွေကို ကြိုဆိုသွားမှာဖြစ်ပြီး ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် အားကစားကွင်းအသစ် ၇ ကွင်း အပြင် လေဆိပ်၊ လမ်းတွေနဲ့ ဟိုတယ်ပေါင်း ၁၀၀ ခန့်ကို တည်ဆောက်ခဲ့တယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC