
- By CNI
- Category: အားကစား
- Hits: 722
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက လူတွေဟာ တိုက်စစ်မှူးဟာလန်းကို ကျရှုံးစေချင်ပေမယ့် သူကတော့ သူ့ရဲ့ ဘဝတစ်လျှောက်လုံး ဂိုးတွေ သွင်းယူနေဦးမှာလို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “အခွင့်အရေးရှိဖို့က အရေးကြီးပြီး လူတွေက သူ့ကို ကျရှုံးစေချင်နေပါတယ်။ ဒီအတွက်တော့ ကျနော် စိတ်မကောင်းပါဘူး။ ဟာလန်းဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံး ဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်။ အခွင့် အရေးတွေသာ ရှိမယ်ဆိုရင် ဟာလန်းဟာ မယုံနိုင်လောက်အောင် ခြိမ်းခြောက်မှုရှိတဲ့သူပါ။ သူဟာ ဘောလုံး ကစားတဲ့ နောက်ဆုံးနေ့အထိ ဂိုးတွေသွင်းယူနေမှာပါ”လို့ TNT Sports ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းက ယန်းဘွိုင်းစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟာလန်းဟာ အသင်း အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ယန်းဘွိုင်းစ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့တာ ၅ ပွဲအထိရှိခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးနေလို့ ဝေဖန်မှုခံခဲ့ရတာကို ဒီပွဲမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ချန်ပီယံလိဂ် ပွဲပေါင်း ၃၃ ပွဲ ပါဝင်ကစားအပြီးမှာ ၃၇ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။
ဟာလန်းနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်
အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီရဲ့ စံချိန်ကို ချိုးဖျက်ကာ ချန်ပီယံ လိဂ် သွင်းဂိုးအများအပြား သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။
မန်စီးတီးအသင်းဟာ ယန်းဘွိုင်းစ်အသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၂၁ ခုနှစ်၊ မေလ နောက်ပိုင်း ပထမဆုံးအကြိမ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲပြန်လည် ရရှိခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ၁၀ ပွဲနိုင်၊ ၆ ပွဲ သရေကျခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အောက်တိုဘာ ၂၉ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ မန်ချက် စတာ ဒါဘီယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 811
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပြီးနောက် ဒေါ့မွန်အသင်းက သူတို့ကို ချန်ပီယံလိဂ်သင်ခန်းစာသင်ပေးခဲ့တယ်လို့ ပြောလိုက်ပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့ ဒီပွဲမှာ အကောင်းဆုံးပုံစံလုံးဝမရှိခဲ့ပါဘူး။ ပွဲတွေအနိုင်ရချင်တယ်ဆိုရင် အကောင်းဆုံးပုံစံရှိနေရမယ်ဆိုတာ ဒီပြိုင်ပွဲကပေးတဲ့ သင်ခန်းစာပါပဲ။ ဒါက ကြီးမားတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် သေးငယ်တဲ့အမှားပြုလုပ်ခဲ့တယ်ဆိုရင် ခင်ဗျားဟာ အပြစ်ပေးခံရမှာပါ။ ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင် ရမယ်ဆိုရင် ဒါဟာ ကျနော်တို့အတွက် သင်ခန်းစာဖြစ်ခဲ့ပြီး အကောင်းဆုံးပုံစံအောက်ကို ရောက်သွားရင် ရလဒ်ကောင်းရဖို့ ခက်ခဲပါလိမ့်မယ်” လို့ ပြောခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံအိမ်ကွင်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရ ခဲ့ပေမယ့် ဒေါ့မွန်အသင်းနဲ့ ပွဲမှာတော့ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ ဒီ ရှုံးပွဲကြောင့် အုပ်စုတွင်း ၃ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ ဒီပွဲမှာ နယူး ကာဆယ်အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အိုင်ဆက်ခ်နဲ့ မာဖီတို့ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်လက်ကျန် ၃ ပွဲမှာ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီအသင်းတို့ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အေစီမီလန်အသင်းကိုသာ အိမ်ကွင်းမှာ ကစားရမှာပါ။ နည်းပြ အက်ဒီဟိုဝီကတော့ သူတို့ဟာ နောက်တစ်ဆင့်တက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
အက်ဒီဟိုဝီက “ကျနော်တို့အတွက် တကယ်ကိုခက်ခဲတဲ့ အဝေးကွင်း ၂ ပွဲရှိပြီး ဒီပွဲတွေကနေ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကြိုးစားသွားရမှာပါ။ ကျနော်တို့ဟာ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် အုပ်စုထဲမှာ ရှိနေသေးသလို ဆက်ပြီး တိုက်ပွဲဝင်နေဦးမှာပါ။ ဒါပေမယ့် ကျနော်တို့အတွက် ဒီပွဲတွေမတိုင်ခင်မှာ ခက်ခဲတဲ့ပွဲတွေကို ရင်ဆိုင်ရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:dailymail

- By CNI
- Category: အားကစား
- Hits: 663
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅
ဖူလ်ဟမ်အသင်းဟာ နည်းပြဖြစ်သူ မာကိုဆေးလ်ဗားကို အသင်းမှာ ၂၀၂၅-၂၆ ရာသီ အကုန်ထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီလို့ အတည်ပြု လိုက်ပါတယ်။
မာကိုဆေးလ်ဗားဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ဖူလ်ဟမ်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူရဲ့ လက်ရှိ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။
အသက် ၄၆ နှစ်အရွယ်ရှိ နည်းပြဟာ ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ်အသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာနဲ့ ရာသီအဆုံးသတ်နိုင်အောင် ကိုင်တွယ်နိုင်ခဲ့ပြီး ဒါဟာ ဖူလ်ဟမ်အသင်းအတွက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၁၀ သင်းထဲ ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အနောက်လန်ဒန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၉ ပွဲ ကစားအပြီးမှာ အဆင့် ၁၃ နေရာ ရပ်တည်နေ ပါတယ်။
မာကိုဆေးလ်ဗားကို တွေ့ရစဉ်
မာကိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဆော်ဒီကလပ်တွေရဲ့ ချဉ်းကပ်မှုတွေ ခံခဲ့ရပေမယ့် ဖူလ်ဟမ်အသင်းမှာပဲ ဆက်ပြီးရှိဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မာကိုဆေးလ်ဗားကတော့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ရတဲ့ စာချူပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျေနပ်တယ် လို့ ပြောခဲ့ပါတယ်။
မာကိုဆေးလ်ဗားက “နှစ်ဘက်စလုံး ပျော်ရွှင်ပြီး အတူလက်တွဲ လုပ်ဆောင်ချင်တာက အမြဲတမ်းကောင်းမွန်တဲ့ လက္ခဏာလို့ ထင်ပါတယ်။ ကျနော့်ရဲ့ အလုပ်က မပြီးဆုံးသေးဘူးလို့ ခံစားရပြီး ကျနော်တို့မှာ ကောင်းမွန်တဲ့ရာသီ နှစ်ခုရှိခဲ့ပါတယ်။ အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိအောင် လုပ်ရမယ့် ရည်မှန်းချက်က ရှင်းပါတယ်။ ပိုင်ရှင် တွေရဲ့ ပံ့ပိုးမှုတွေနဲ့ ယုံကြည်မှုကို ခံစားရဖို့က အလွန်အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ ဆက်ဆံရေးက ဒီဆုံးဖြတ် ချက်အတွက် တကယ်ကို အရေးပါခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ ဒီတစ်ပတ်မှာတော့ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 645
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆီဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရတာကြောင့် လူစားလဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “သူဟာ တံကောက်ကြောမှာ တစ်ခုခု ခံစားခဲ့ရပါတယ်။ ကျနော်တို့ သူ့ရဲ့ အခြေအနေကို စောင့် ကြည့်ရမှာပါ။ ဂျီးဆပ်စ်ဟာ ချက်ချင်းပဲ လူစားလဲပေးဖို့ တောင်းဆိုခဲ့တာကြောင့် သတင်းကောင်းတော့ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုရင် သူဟာ ဒီလိုမျိုး လုပ်တက်တဲ့ ကစားသမား မဟုတ်လို့ပါ။ လာမယ့်ရက် အနည်းငယ် အတွင်းမှာ သူ့ရဲ့အခြေအနေကို သိရမှာပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းက ဆီဗီလာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂျီးဆပ်စ်ဟာ မာတင်နယ်လီ သွင်းယူ ခဲ့တဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း ဒုတိယသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဂျီးဆပ်စ်ဟာ ဒဏ်ရာကြောင့် ပွဲချိန် ၈၁ မိနစ်မှာ အန်ကီတီယာနဲ့ လူစားလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါ တယ်။
ဆီဗီလာနဲ့အာဆင်နယ်အသင်း ကစားသမားများကို တွေ့ရစဉ်
ဘရာဇီးလ် ကစားသမားဟာ ပွဲအပြီးမှာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို လက်ခံရရှိခဲ့ပါတယ်။
ဂျီးဆပ်စ်ကတော့ ဒဏ်ရာကြောင့် နာကျင်ခဲ့ရပေမယ့် ကြီးမားတဲ့ ဒဏ်ရာတော့ မဖြစ်လောက်ဘူးလို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဂျီးဆပ်စ်က “ဒဏ်ရာကြောင့် နာကျင်မှုတွေ ခံစားခဲ့ရပါတယ်။ ဒဏ်ရာ အခြေအနေကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပေမယ့် ကြီးမားတဲ့ဒဏ်ရာ မဖြစ်ဘူးဆိုတာ သေချာပါတယ်။ ကျနော် စမ်းသပ်မှုတချို့ ပြုလုပ်ခဲ့ပြီး ကြီးမားတဲ့ဒဏ်ရာ မဟုတ်ခဲ့ပေမယ့် ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆီဗီလာအသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုတွင်းကို ဦးဆောင်နေပါတယ်။
လန်ဒန်ကလပ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အာတီတာကတော့ ဒီပွဲမှာ တိုက်စစ်မှူး ဂျီးဆပ်စ် ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 798
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၅
ယူနိုက်တက်အသင်း နောက်ခံလူ မက်ဂွဲယားက ကိုပေဟေဂင်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်နိုင်ပွဲက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အသင်းဂန္ထဝင်ကြီး ဆာဘော်ဘီချာလ်တန်အတွက် ရည်ရွယ်တာလို့ ပြောလိုက်ပါတယ်။
မက်ဂွဲယားက “ကျနော်တို့ဟာ ဒီပွဲကိုအနိုင်ရဖို့ ရည်ရွယ်ထားခဲ့တာပါ။ ကြီးမားတဲ့ ကယ်တင်မှုတွေနဲ့အတူ ဒီနိုင်ပွဲ က ဆာဘော်ဘီနဲ့ သူ့ရဲ့ မိသားစုအတွက် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ရှက်ဖီးယူနိုက်တက်နဲ့ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရသလို ဆာဘော်ဘီလို ဂန္ထဝင်တစ်ဦးကို ဆုံးရှုံးခဲ့ရပြီး ခက်ခဲတဲ့ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ဒါက ကလပ်နဲ့ အဝတ်လဲခန်းကို သက်ရောက်မှုတွေရှိခဲ့ပေမယ့် ဒီပွဲကို နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် အလွန်ကျေနပ်မိပါတယ်”လို့ TNT Sports ကိုပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဆာဘော်ဘီချာလ်တန် ကွယ်လွန်ပြီးနောက် အိုးထရက်ဖို့ဒ်မှာ ပထမဆုံး ကစားခဲ့တဲ့ ကိုပေဟေဂင်အသင်းနဲ့ ပွဲမစတင်ခင်မှာ ဂန္ထဝင်ကစားသမားကြီးကို ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ကိုပေဟေဂင်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို ပွဲချိန် ၇၂ မိနစ်မှာ မက်ဂွဲယားက သွင်းယူခဲ့ပါတယ်။
အိုနာနာ ပင်နယ်တီ ကာကွယ်နေစဉ်
ဒီပွဲစဉ်ရဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ယူနိုက်တက်အသင်း ပင်နယ်တီပေးခဲ့ရပြီး ကိုပေဟေဂင်ကစားသမား လာဆန်ရဲ့ကန်သွင်းမှုကို အိုနာနာ ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ အခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲကို စတင်ရရှိသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်တိုက် နိုင်ပွဲပြန်လည်ရရှိကာ လမ်းကြောင်းမှန် ပေါ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးတွေ အများကြီး ရခဲ့တဲ့အတွက် ဒီထက်ပိုပြီး အဆုံးသတ်ပိုင်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒုတိယပိုင်းမှာတော့ သူတို့ကို အခွင့်အရေး မပေးခဲ့ပေ မယ့် ပထမပိုင်း စွမ်းဆောင်ရည်က ညံ့ဖျင်းလွန်းပါတယ်။ ပြီးပြည့်စုံခြင်း မရှိပေမယ့် အခုနိုင်ပွဲက အရေးပါတဲ့နိုင်ပွဲ ပါ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 669
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄
မန်စီးတီးအသင်းဟာ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အသင်းမှာ ဆက်ထိန်းသိမ်းနိုင်ဖို့အတွက် ယုံကြည်မှု ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ အယ်လ်ဗားရက်ဇ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားထားတာမှာ ၇ ဂိုး သွင်းယူထားပါတယ်။
အယ်လ်ဗားရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲသလို ပြီးခဲ့တဲ့ရာသီ က မန်စီးတီးအသင်း ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာမှာ အရေးပါတဲ့သူအဖြစ် ရှိခဲ့ပါတယ်။
Football Insider က မန်စီးတီးအသင်းဟာ ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အယ်လ်ဗားရက်ဇ်ကို ဆက်ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြခဲ့ပါတယ်။
ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ လာမယ့်ရာသီမှာ အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးစား လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။
သတင်းတွေမှာတော့ စပိန်ထိပ်သီး ၂ သင်းဟာ အယ်လ်ဗားရက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြတယ်လို့ ဖော်ပြထားပေမယ့် မန်ချက်စတာ ကလပ်ကတော့ အာဂျင်တီးနား ကစားသမားကို ရောင်းချဖို့ အလျင်စလို ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။
အယ်လ်ဗားရက်ဇ်ကို တွေ့ရစဉ်
အယ်လ်ဗားရက်ဇ်ဟာ မတ်လကမှ မန်စီးတီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ ၂၀၂၈ ခုနှစ်အထိ မန်ချက်စတာမှာ ဆက်ပြီးရှိနေမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ အယ်လ်ဗားရက်ဇ်ကို ခေါ်ယူမယ့် အသင်းတွေထံ ပြောင်းရွှေ့ကြေး အများအပြား တောင်းဆိုပြီး အပြောင်းအရွှေ့ ပျက်ပြယ်အောင် လုပ်ဆောင်နိုင်ဖွယ် ရှိနေပါတယ်။
ဒီဘရိုင်း ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့အချိန်မှာ အယ်လ်ဗားရက်ဇ်ဟာ မန်စီးတီးအသင်းမှာ အရေးပါတဲ့သူအဖြစ် ရှိလာခဲ့ပါတယ်။
ဒီဘရိုင်းဟာ အခုရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူထားရပြီး နှစ်သစ်ကူးမှ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင် ကစားပေး နိုင်ဖွယ်ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ပြီးရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက် အသင်းနဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportsmole

- By CNI
- Category: အားကစား
- Hits: 614
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄
ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်က မထွက်ခွာချင်ဘဲ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် ကိုပေဟေဂင်အသင်းနဲ့ ပွဲစဉ်မှာအနိုင်ယူရမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ပထမ ၂ ပွဲမှာရှုံးနိမ့်ထားတဲ့အတွက် ဒီပွဲကို အနိုင်ယူရပါမယ်။ အိုးထရက်ဖိုဒ့်မှာ ကစားတဲ့ ညတိုင်းက အလွန်ထူးခြားပြီး ပရိသတ်တွေက ကျနော်တို့ရဲ့ အနောက်မှာ အမြဲတမ်းရှိနေပါတယ်။ ဘရန်ဖိုဒ့် အသင်းနဲ့ အိမ်ကွင်းနောက်ဆုံးပွဲမှာဆိုရင် ကျနော်တို့ဟာ သွားချင်တဲ့ ဦးတည်ရာကို မရောက်ခဲ့တဲ့ ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ ပရိသတ်တွေဟာ ကျနော်တို့ရဲ့ အနောက်မှာ ရှိနေပါတယ်” လို့ ကိုပေဟေဂင်အသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးအသင်း တို့ပွဲတွေမှာ အရေးနိမ့်ခဲ့တာကြောင့် အုပ်စု A မှာ နောက်ဆုံးနေရာရပ်တည်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် အိုးထရက်ဖိုဒ့်မှာ ကစားမယ့် ကိုပေဟေဂင်အသင်းနဲ့ ပွဲမှာ မဖြစ်မနေနိုင်ပွဲရယူဖို့ လိုအပ်နေတာပါ။
ယူနိုက်တက်အသင်းအတွက်တော့ ကိုပေဟေဂင်အသင်းနဲ့ ပွဲဟာ အသင်းရဲ့ ဂန္ထဝင်ကြီး ဆာဘော်ဘီချာလ်တန် ကွယ်လွန်ပြီးနောက် အိုးထရက်ဖိုဒ့်မှာ ကစားမယ့် ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။ နည်းပြ အဲရစ်တန်ဟတ်ကတော့ ဆာဘော်ဘီချာလ်တန်ဟာ ဒင်းနစ်လော၊ ဂျော့ချ်ဘတ်စ်တို့နဲ့အတူ အိုးထရက်ဖိုဒ့်ကွင်းအရှေ့မှာရှိနေသလို သူတို့နဲ့ အတူလည်း အမြဲတမ်းရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အခု ရာသီအစပိုင်းမှာ ရလဒ်တွေဆိုးရွားခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ကိုပေဟေဂင်အသင်းနဲ့ပွဲမှာ အခုနှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ် ၃ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 677
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄
စပါးအသင်းဟာ အောက်တိုဘာ ၂၄ ရက်မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် နည်းပြပိုစတီကိုဂလူးက အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ ပါတယ်။
ပိုစတီကိုဂလူးက “ဖူလ်ဟမ်က ခက်ခဲတဲ့အသင်းဖြစ်တဲ့အတွက် အနိုင်ရခဲ့တာကြောင့် ကောင်းမွန်တဲ့ရလဒ်ပါ။ ပထမပိုင်းမှာ ကျနော်တို့ဟာ သူတို့ကို ကောင်းမွန်စွာကိုင်တွယ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကျနော်တို့ဟာ အလွန်စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်။ ဘောလုံးမပါဘဲ ကျနော်တို့ရဲ့ ဖိအားပေးကစားမှုတွေက အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် ဘောလုံးပါတဲ့အချိန်မှာဆိုရင် ကောင်းမွန်စွာမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဘောလုံးနဲ့ဆိုရင် ကျနော် တို့ဟာ ဖြုန်းတီးနေခဲ့ပြီး ဒါက ဘောလုံးရခဲ့တဲ့ ၄၅ မိနစ်အတွင်း အဆိုးရွားဆုံးဖြစ်နိုင်တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ စပါးအသင်းအတွက်ဂိုးတွေကို အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ မက်ဒီဆင်တို့က သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနဲ့ တတိယနေရာမှာရှိတဲ့ မန်စီးတီး၊ အာဆင်နယ်အသင်းတို့ကို ၂ မှတ်အသာနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲကစားအပြီးမှာ ၇ ပွဲအနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးပါဘူး။
ပြီးခဲ့တဲ့နွေရာသီကမှ စပါးအသင်းရဲ့ နည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ပိုစတီကိုဂလူးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးပွဲစဉ် ၉ ပွဲကစားအပြီးမှာ ရမှတ်အများဆုံးရယူနိုင်ခဲ့တဲ့ နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ပိုစတီကိုဂလူးက “ကျနော်တို့စတင်နိုင်ခဲ့တဲ့ အရာတွေအတွက်ကျေနပ်မိပြီး ဒီမှာပါဝင်ခဲ့တဲ့သူတွေအားလုံးကို အသိအမှတ်ပြုပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့အတွက် ဒီနေရာကိုရောက်နေတာဖြစ်ပေမယ့် လုပ်စရာတွေ အများကြီးရှိသေးတယ်ဆိုတာကို သတိပြုရပါမယ်။ ဒုတိယပိုင်း ၄၅ မိနစ်ကတော့ ကျနော်တို့ကို စဉ်းစားစရာတွေ အများကြီးပေးခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အဖြစ် အောက်တိုဘာ ၂၈ ရက်မှာ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 653
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃
ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ဂီအူက ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တာကို မယုံနိုင်ဘူးဖြစ်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဂီအူက “ဒီအဖြစ်အပျက်ကို မယုံနိုင်သလို အသက်ရှုတောင် မဝဘူးဖြစ်နေပါတယ်။ ဒီအခိုက်အတန့်ကို အလွန် ပျော်ရွှင်နေပါတယ်။ ဒီလိုအခွင့်အရေးကိုရဖို့ ကျနော့်ရဲ့ တစ်ဘဝလုံး အလုပ်လုပ်ခဲ့ရပြီး အခုတော့ ပြီးပြည့်စုံ သွားခဲ့ပါပြီ။ လာမာစီယာမှာရှိတဲ့ လူငယ်ကစားသမားတွေ အားလုံးလည်း အလုပ်ကြိုးစားပါ၊ အိပ်မက်တွေက အမြဲတမ်းရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။
ဂီအူဟာ ဘာစီလိုနာအသင်းက ဘီလ်ဘာအိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၇၉ မိနစ်မှ လူစား ဝင် ကစားသမားအဖြစ် ဝင်ရောက်လာခဲ့ပြီး ၂၃ စက္ကန့်အကြာမှာ ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။
ဂီအူကို တွေ့ရစဉ်
Opta ရဲ့ အချက်အလက်တွေအရ အသက် ၁၇ နှစ်နဲ့ ၂၉၁ ရက်သာရှိသေးတဲ့ ဂီအူဟာ ၂၁ ရာစုအတွင်း ဘာစီလိုနာ အသင်းရဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဂီအူတို့လို လာမာစီယာ အကယ်ဒမီထွက် ကစားသမားတွေကို ဆက်ပြီး နေရာ ပေးသွားဦးမယ်လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဇာဗီက “ကျနော် ဂီအူကို ပုဂ္ဂိုလ်ရေးအရ နှစ်သက်ပါတယ်။ လာမာစီယာ ကစားသမားတွေကို ကြည့်ရတာ ပြဿနာ မရှိဘူးလို့ ကျနော်အမြဲတမ်း ပြောခဲ့ပါတယ်။ ကျနော်တို့က သူတို့ကို ယုံကြည်မှု ပေးရပါမယ်။ ကောင်လေးတွေ အဆင်သင့်ဖြစ်တာ မြင်ရပြီဆိုရင်တော့ သူတို့ကို ပွဲထဲဆီ ခေါ်ဆောင်သွားရမှာပါ။ ဂီအူ အတွက် တော့ ကျနော်အလွန်ပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့တဲ့အတွက် စပိန်လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး နေရာက ရီးရယ်လ်၊ ဒုတိယနေရာက ဂျီရိုနာအသင်းတို့နဲ့ ၁ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃
ဘရာဇီးလ်ကွင်းလယ်လူ ကတ်စမဲရိုးဟာ ၂၀၂၂ ခုနှစ်က ရီးရယ်လ်အသင်းကနေ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို နောင်တရနေတယ်လို့ El Nacional သတင်းမှာ ဖော်ပြထားပါတယ်။
ကတ်စမဲရိုးဟာ တိုနီကရူးစ်၊ မိုဒရစ်တို့နဲ့အတူ တွဲဖက်ကစားပြီး ရီးရယ်လ်အသင်းမှာ အောင်မြင်မှုအများကို ရယူနိုင်ခဲ့ပါတယ်။
ဘရာဇီးလ်ကစားသမားဟာ ရီးရယ်လ်အသင်းမှာ ၉ ရာသီကြာ ကစားပြီးနောက် ပြီးခဲ့တဲ့နှစ်က ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းရဲ့ ပထမရာသီမှာ ခြေစွမ်းပြသကာ ကာရာဘောင်းဖလား ရယူပေးနိုင်ခဲ့ပြီး အသင်းကို ၆ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့တာကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
ဒီနောက် ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ၅၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူကာ ၇ ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါသေးတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားပေမယ့် ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရပါတယ်။
ကတ်စမဲရိုးကို တွေ့ရစဉ်
ဒီအချိန်မှာ El Nacional က ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်အသင်းထံ ပြောင်းခဲ့တဲ့အတွက် နောင်တ ရနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကတ်စမဲရိုးဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့တုန်းက ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ လာလီဂါဖလား ၃ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘင်ဖီကာအသင်း ကွင်းလယ်လူ ဂျာအိုနီဗက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ကတ်စမဲရိုးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ ရှိလာခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ဂျာအိုနီဗက်စ်ဟာ ဘင်ဖီကာအသင်းကြီးအတွက် ၃၂ ပွဲ ပါဝင်ကစားထားတာပါ။
ကတ်စမဲရိုးနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေးပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေတာ ဖြစ်ပါတယ်။
ကတ်စမဲရိုးဟာ ဒဏ်ရာကြောင့် ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့သလို လာမယ့် ကိုပေဟေဂင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း ပွဲပယ်ကြောင့် လွဲချော်ဦးမှာပါ။
ယူနိုက်တက်အသင်းကတော့ ကတ်စမဲရိုးကို မန်စီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Sportsmole