CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ထားခဲ့ရသည့် မြဝတီ ကုန်သွယ်ရေးဇုန် အပါအဝင် မြန်မာ -  ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ နှင့် အမှတ် ၂ ကို ပြန်လည်ဖြတ်သန်း အသုံးပြုခွင့် ပြုလိုက်ပြီဖြစ်သော်လည်း ကုန်တင်ယာဉ်များ သွားလာ၍ မရသေးကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ မှ ကုန်တင်ယာဉ်များကို ပြန်လည် ဝင်ထွက်ခွင့် ပြုလုပ်သော်လည်း တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များက ကုန်တင်ယာဉ်များသည် အာရှလမ်းမကြီး ပျက်စီးနေခြင်းကြောင့် သွားလာ၍ အဆင်မပြေသေးကြောင်း သိရသည်။

လက်ရှိတွင် တောလမ်းများမှသာ သွားလာနေကြပြီး ကုန်သွယ်ရေးဇုန်တွင် ထိုင်းကုန်စည်များသာ ဝင်ရောက်မှု ရှိနေသည်ဟု ပြောင်းကုန်သည် ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “၁၂ ဘီးကားတွေနဲ့ ကြက်သွန်တွေက တောလမ်းကနေ သွားတာ ကြာပြီ။ အာရှလမ်းမကြီးဆိုတာ တောနော်ရေတံခွန်နားတောင် တံတားတောင် ထိုးလို့မရသေးဘူး။ တံတားအမှတ် ၂ ကတော့ ဖွင့်တယ်လေ။ သူက ထိုင်းကုန်တွေ ဝင်တာရှိတယ်၊ ကုန်ကားတွေပေါ့၊ ဒီဘက်ထဲ ပိတ်မိနေတဲ့ကားတွေ ပြန်ထွက်တာလည်း ရှိတာပေါ့။ တံတားတွေကတော့ ဖွင့်တယ်။ ဒါပေမယ့် အာရှလမ်းမကြီးကတော့ သွားလို့မရသေးပါဘူး။ သွားလို့ရလို့ရှိရင် express ကားကြီးတွေ သွားတော့မှာပေါ့။ တံတားတွေ ကျိုးထားတာရှိတယ်။ အများကြီးပဲ လုပ်ရမယ့်ဟာတွေ။ ချက်ချင်းကြီး ဒိုင်းခနဲ၊ ဝေါခနဲ လုပ်လို့ရတဲ့ဟာတွေမှ မဟုတ်တာ” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဧပြီလ အစောပိုင်းက ဖြစ်ပွားခဲ့ကြသည်။

ထို့နောက် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ နှင့် အမှတ် ၂ မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ၊ MoU ဖြင့် တရားဝင် သွားရောက်လုပ်ကိုင်မည့် လုပ်သားစေလွှတ်မှုများကို ဧပြီ ၂၁ ရက်နေ့မှ စတင်၍ လုပ်ငန်းများ အားလုံး ယာယီရပ်ဆိုင်းထားခဲ့ရသည်။.

ထို့လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ နှင့် အမှတ် ၂ ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။

အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရှိရသော်လည်း တချို့သော ကုန်တင်ယာဉ်များနှင့် ကုန်ကား သမားများမှာ မသွားရဲကြသဖြင့် လက်ရှိတွင် ကုန်တင်ကားများ ငှားရမ်း၍ မရသေးကြောင်း မြင်းခြံကြက်သွန် ကုန်သည် ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြဝတီစီးပွားရေးဇုန်ကို တွေ့ရစဉ်

၎င်းက “ဖွင့်ပြီ၊ ပွင့်နေပြီ။ တရားဝင် ဖွင့်နေပြီ မနေ့တုန်းက တံတား ၁ ရော၊ တံတား ၂ ရော။ အာရှလမ်းမကြီး လည်း သွားလို့ရတယ်။ ဒါပေမယ့်လို့ ဒီက ကားသမားတွေ သိပ်မတက်ရဲကြဘူး။ အာရှလမ်းမကြီးလည်း ဖွင့်ပေး လိုက်ပြီ ကားသမားတွေက မတက်ရဲကြဘူး။ ကားခေါ်လို့ မရသေးဘူး” ဟု ပြောသည်။

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို အသုံးပြု၍ မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ထားနိုင်မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ အမေရိကန်ဒေါ်လာ ၅၃၅၅ ဒသမ ၉၄၄ သန်း ကုန်သွယ်နိုင်ခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၄၄၂၈ ဒသမ ၈၄၉ သန်း ကုန်သွယ်နိုင်ခဲ့ သော်လည်း ယခင်နှစ်ဖြင့် နှိုင်းယှဉ်လိုက်ပါက ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉၂၇ ဒသမ ၀၉၅ သန်းထိ ကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။