CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃

နိုင်ငံကူးလက်မှတ် PJ အမျိုးအစားကိုင်ဆောင်ထားသည့် အမျိုးသားများအား မေလ ၁ ရက်နေ့မှ စတင်ကာ ပြည်ပ ထွက်ခွာအလုပ်လုပ်ခွင့် ယာယီရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းသည် မူဝါဒမှားယွင်းနေကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြကြသည်။

ထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူ စိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီဆိုင်းငံ့ထားခြင်းဖြစ်ပြီး အမျိုးသမီးများအနေဖြင့် ထွက်ခွာအလုပ်လုပ်ခွင့်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနဘက်မှ သိရသည်။

သို့သော် ပြည်ပနိုင်ငံများ၌ အများစုသည် အမျိုးသမီးလုပ်သားထက် အမျိုးသားလုပ်သားနှုန်းထားသာ အဓိက ခေါ်ယူကြခြင်းဖြစ်သဖြင့် ထိုသို့ လုပ်ဆောင်လိုက်ခြင်းက တရားမဝင်လမ်းကြောင်းထံ ပို၍တွန်းပို့လိုက်ခြင်း ဖြစ်သည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခြေအနေ အမျိုးမျိုးကြောင့် ထွက်ဖို့လုပ်နေတဲ့လူတွေက မထွက်ရဘူးဆိုရင် သူတို့က တရားမဝင်နည်းလမ်းနဲ့ ထွက်ဖို့ပဲ ကြိုးစားကြမှာပေါ့။ နေလို့လည်း မရ၊ ထွက်လို့လည်း မရဘူးဆိုရင်လေ။ ဘာပဲပြောပြော ပြည်တွင်းထဲ မှာက အလုပ်အကိုင်လည်းမရှိဘူး။ နောက်ပြီးတော့ လက်ရှိ နိုင်ငံခြားသွားဖို့အတွက် လုပ်ထားတဲ့ ကုန်ကျစရိတ် အစရှိသဖြင့် ဒါတွေအတွက်ကို သူတို့လည်း ကြာရင် မခံနိုင်တဲ့အခါကြတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ထွက်ဖို့ပဲ သူတို့ ဆုံးဖြတ်ဖို့ များတာပေါ့။ ဒါကတော့ သိသိသာသာကြီးကို မှားယွင်းတာပေါ့။ ကျနော်တို့ မြန်မာပြည်မှာက ပြဿနာ က တစ်စုံတစ်ခုကို လုပ်မယ်ဆိုရင် ချက်ချင်းကြီးလုပ်ချင်တာကိုလုပ်တဲ့ဟာ အခုကာလမှာ ပိုဆိုးတာပေါ့။ ဆုံးဖြတ် ချက်တစ်ခုကိုချတယ် အလုပ်တစ်ခုကိုလုပ်တယ်ဆိုတာက သူနဲ့ပတ်သက်ပြီး ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်မလဲပေါ့။ ကောင်းခြင်း၊ ဆိုးခြင်း အစရှိသဖြင့်ပေါ့။ ပြီးတဲ့အခါရလာမယ့် အကျိုးအမြတ်က ဘာလဲပေါ့ ဒါတွေ အကုန်လုံးကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့ လူတွေရဲ့ အကြံဉာဏ်တွေ အကူအညီတွေ ယူပြီး တော့မှ စဉ်းစားပြီး ဆုံးဖြတ်ရတာ” ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ 

ထိုသို့ တရားမဝင်လမ်းကြောင်းအား ရွေးချယ်သွားရောက်ကြရာတွင် တစ်ဖက်နိုင်ငံများ၌ လုပ်ခလစာ အနှိမ် ခံရခြင်း၊ လူကုန်ကူးခံရခြင်း စသည့် ပြဿနာများဖြင့် ကြုံတွေ့ရန်မှာ သေချာကြောင်းလည်း ရွှေ့ပြောင်းအလုပ် သမားအရေးနှင့် စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် အမျိုးသားများမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အများဆုံးဖြစ်ကြသည့်အတွက် ယခုကဲ့သို့ အမျိုးသားများအား ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ယာယီ ပိတ်လိုက်ခြင်းက စစ်မှုထမ်းဥပဒေနှင့် သက်ဆိုင်နိုင်ကြောင်းလည်း သုံးသပ်မှုများရှိသည်။

ထို့အပြင် အခြားတစ်ဖက်၌လည်း ပြည်တွင်းတွင် လုပ်သားအင်အားရှားပါးမှု ပြဿနာမဖြစ်ပေါ်စေရေးအတွက် သေချာပြန်လည်စိစစ်လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ထောက်ပြမှုများလည်း ရှိသည်။

နိုင်ငံတိုင်းတွင် အခြားပြည်ပနိုင်ငံများသို့ ထွက်ခွာကာ မိမိဘဝ တိုးတက်ရေးအတွက် သွားရောက် အလုပ်လုပ် ကိုင်ကြခြင်းမှာ ပုံမှန်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လုပ်သားရှားပါးမှုပြဿနာအား ဖြေရှင်းရန် လုပ်ဆောင်ခြင်း ဖြစ်ပါက လုပ်သားများအတွက် မက်လုံး ပေးသင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည် က CNI သတင်းဌာနသို့ ပြောသည်။

“လူတွေက မက်လုံးကို တုံ့ပြန်ကြတာပဲ။ အဓိကကတော့ ဒီထဲမှာ အလုပ်လုပ်ခြင်း၊ မလုပ်ခြင်းက အဓိက key ကို ပြန်စဉ်းစားရင်တော့ မက်လုံးပဲ။ ဒီအလုပ်ကိုလုပ်လို့ ငါဘယ်လောက် အကျိုးရှိမှာလဲဆိုတာ။ အဲဒီတော့ people respond to incentives (လူတွေက မက်လုံးတွေကို တုံ့ပြန်တယ်) ပဲ။ ပြည်တွင်းမှာ လုပ်စေချင်လို့ရှိရင် ပြည်တွင်းမှာ မက်လုံးကောင်းအောင် လုပ်နိုင်မှပဲ။ လူဆိုတာ တစ်ခုရှိတာက သူသူ ကိုယ်ကိုယ် willingness to do ပေါ့ (လုပ်ချင်စိတ်ဆန္ဒ)။ လုပ်ချင်ကိုင်ချင်စိတ် ဖြစ်လာဖို့ လိုတာပေါ့။ လုပ်ချင်ကိုင်ချင်စိတ်ဆိုတာ ဘာကို ပြောတာလဲဆိုတော့ မက်လုံးကိုပြောတာပဲ။ ပြည်တွင်းမှာ လုပ်ခြင်း၊ မလုပ်ခြင်း၊ ပြည်ပထွက် မလုပ်ခြင်း၊ လုပ်ခြင်းသည် တောင်ကိုရီးယားကိုကြည့်လိုက် မက်လုံးစနစ်တွေ မှန်ဖို့လိုတယ် incentives ဖြစ်တယ်။ ဘာကြောင့်ဆို people respond to incentives ကို။ လူဆိုတာက မက်လုံးရှိမှ အလုပ်လုပ်တာလေ။ ပြည်တွင်းမှာ မက်လုံးကောင်းအောင် လုပ်နိုင်ရင်တော့ ဘယ်သူမှ သွားမှာမဟုတ်ဘူးလေ” ဟု ၎င်းက ပြောသည်။

 MOU လုပ်သားများ

နိုင်ငံကူးလက်မှတ် PJ အမျိုးအစားကိုင်ဆောင်ထားသည့် အမျိုးသားများအား မေလ ၁ ရက်နေ့မှ စတင်ကာ ပြည်ပ ထွက်ခွာအလုပ်လုပ်ခွင့်ပိတ်ထားခြင်းဖြစ်သော်လည်း ၎င်းမတိုင်ခင်ကာလကတည်းက ခွင့်ပြုချက် ကျထားပြီး သူများအနေဖြင့် ထွက်ခွာခွင့်ရရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံသို့ အေဂျင်စီများဖြင့် ထွက်ခွာကြရာတွင် အမျိုးသမီးဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး အမျိုးသား ဦးရေမှာ များပြားလွန်းကြောင်း၊ ယခုကဲ့သို့ ထုတ်ပြန်လာသည့်အတွက် အလုပ်ခေါ်စာများလက်ခံရာတွင် အမျိုးသမီးအလုပ်ခေါ်စာများကိုသာ လက်ခံရမည့် အနေအထားဖြစ်ကြောင်း အေဂျင်စီများက ပြောသည်။

လက်ရှိတွင် PJ နိုင်ငံကူးလက်မှတ် အမျိုးအစား ကိုင်ဆောင်ထားသည့် အမျိုးသားများကိုသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ပိတ်ထားခြင်းဖြစ်ပြီး PS, PV အမျိုးအစားများ မပါဝင်ကြောင်းလည်း သိရသည်။