- By CNI
- Category: အားကစား
- Hits: 1915
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က စပါးအသင်းနဲ့ ပွဲမပြီးသေးခင်မှာ ဥမင်ထဲကို ဝင်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
အဲရစ်တန်ဟတ်က “ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ကိုင်တွယ်ဖြေရှင်းသွားပါမယ်၊ ဒီနေ့တော့ မဟုတ်ပါ ဘူး။ အခုတော့ ဒီနိုင်ပွဲအတွက် အောင်ပွဲခံနေပါတယ်။ သူထွက်သွားတာ ကျနော်မြင်ပါတယ်။ ဒါပေမယ့် ဘာစကား မှတော့ မပြောဖြစ်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ သုံးခဲ့တဲ့ ပွဲထွက် ၁၁ ယောက်နဲ့ လူစားဝင်တွေရဲ့ စွမ်းဆောင်ရည်ဟာ တကယ် ကောင်းမွန်ပါတယ်။ ဒါက အသင်းလိုက် စွမ်းဆောင်ရည်ပါ”လို့ ပြောပါတယ်။
စပါးအသင်းနဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဖရက်ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။
ရော်နယ်ဒိုဟာ နည်းပြ အဲရစ်တန်ဟတ်က အဲရစ်ဆန်နဲ့ အီလန်ဂါတို့ကို လူစားလဲမှု ပြုလုပ်ပြီး မိနစ် အနည်းငယ် ကြာ ပွဲချိန် ၈၉ မိနစ်မှာ ဥမင်ထဲကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းနဲ့ ပွဲမှာ ရော်နယ်ဒိုဟာ ပွဲထွက်ခွင့်လည်း မရခဲ့သလို လူစားလဲအဖြစ်ပါ အသုံးပြုခြင်း မခံရတာကြောင့် စိတ်ပျက်ပြီး အရန်ခုံတန်းကနေ စောစီးစွာ ထွက်ခွာခဲ့တာပါ။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း က နယူးကာဆယ်နဲ့ပွဲမှာလည်း လူစားလဲခံရလို့ ဒေါသထွက်နေတဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့သေးတာ ဖြစ်ပါ တယ်။

စပါးအသင်းနဲ့ပွဲမှာ ယူနိုက်တက် ဂိုးသွင်းအောင်ပွဲခံနေစဉ် (United In Focus)
အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာနဲ့ နောက်ခံလူဟောင်း မီကာရစ်ချတ်တို့ကလည်း ရော်နယ်ဒို ရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဂယ်ရီလိုင်နီကာက “ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အလွန်ညံ့ဖျင်းပါတယ်”လို့ Match of Day မှာ ပြောခဲ့ပါ တယ်။
မီကာရစ်ချတ်ကလည်း “ ကမ္ဘာအကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်တဲ့ သူ့အတွက် အသင်းအနိုင်ရနေတဲ့ အချိန်မှာ သူ့အကြောင်းကို ပြောနေရတာက စိတ်ပျက်စရာပါပဲ”လို့ ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ယူရိုပါလိဂ် မှာသာ ပွဲထွက်ခွင့် ရနေတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ဒီအခြေအနေတွေကို စိတ်ပျက်နေပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ နောက်တစ်ကြိမ် ကြိုးပမ်းဖွယ်ရှိနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေပါ တယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1528
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉
ပေါ့ဘာရဲ့ အေးဂျင့်အသစ်ဖြစ်သူ ရာဖေလာပီမန်တာက ယူနိုက်တက်အသင်းမှာ ကုန်ဆုံးခဲ့တဲ့ ပေါ့ဘာရဲ့ အချိန် တွေကို ကာကွယ်လိုက်ပြီး အသင်းဟောင်း အနေနဲ့ ပူးပေါင်းတာဝန်ယူဖို့ လိုတယ်လို့ ပြောပါတယ်။
ပီမန်တာက “ပေါလ်ဟာ ၂၀၁၆ မှာ ယူနိုက်တက်ကို အမှန်တကယ် ပြန်သွားချင်တဲ့ သူ့ရဲ့ နှလုံးသားအတိုင်း ရွေးချယ်ခဲ့ပါတယ်။ သူပြန်သွားချင်တဲ့ ပျော်ရွှင်မှုက အိမ်လိုခံစားခဲ့ရပါတယ်။ အဲ့ဒါကြောင့် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်ဆိုတာ သေချာခဲ့ပါတယ်။ ဆုဖလားနဲ့ နောက်ထပ် အောင်မြင်မှုတွေအတွက် မျှော်လင့်ချက် ရှိလားဆိုတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက ဖြစ်မလာခဲ့ပါဘူး။ အဆင်မပြေတဲ့ အချိန်မှာ ပူးပေါင်းတာဝန်ယူတာက အကောင်း ဆုံးပဲလို့ ထင်ပါတယ်။ ဒါကို အသိအမှတ် ပြုရပါမယ်”လို့ The Telegraph ကို ပြောခဲ့ပါတယ်။
ပေါ့ဘာဟာ ၂၀၁၆ မှာ ဂျူဗင်တပ်စ် အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ဖို့နဲ့ ကြံ့ခိုင်မှုပိုင်းတွေမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ပေါ့ဘာ လေ့ကျင့်ခန်း ဆင်းနေစဉ်(FotMob)
ပေါ့ဘာဟာ ယူနိုက်တက်အသင်းကို ၂၀၁၆-၁၇ ရာသီမှာ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ် ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ အသင်းဟာ ဆုဖလားလက်မဲ့ ရာသီတွေကိုသာ ဖြတ်သန်းခဲ့ရတာပါ။ ပေါ့ဘာဟာလည်း အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပေါ့ဘာဟာ ယူနိုက်တက်အတွက် ၆ ရာသီကြာ ကစားအပြီး မနှစ်က ရာသီအကုန်မှာ အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းထံ အလွတ်နဲ့ ပြန်လည် ရောက်ရှိသွားခဲ့တာပါ။
ပြင်သစ် လက်ရွေးစင်ဟာ ဂျူဗင်တပ်စ်အတွက် တစ်ပွဲမှ မကစားရသေးဘဲ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး မကြာသေးခင် ရက်ပိုင်းကမှ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဂျူဗင်တပ်စ်အတွက် ပွဲထွက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ပေါ့ဘာဟာ ပြင်သစ် လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ချင်တာကြောင့် ကြံ့ခိုင်မှုပိုင်း ပိုမိုတိုးတက်မှု ရရှိနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1529
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ဘရာဇီးလ် အသင်းတို့ဟာ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။
မက်ဆီက “ကျနော်ရွေးချယ် ရမယ်ဆိုရင် ဘရာဇီးလ်နဲ့ ပြင်သစ်တို့က ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ၂ သင်းပါ။ သူတို့မှာ တူညီတဲ့ ကစားသမားတွေ ရှိနေတာ ကာလကြာရှည်ရှိနေပြီဖြစ်ပြီး ကောင်းမွန်စွာလည်း အလုပ်လုပ်နိုင်ပါတယ်။ ပြင်သစ်ဆိုရင် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်က ထွက်ခဲ့ ရတာသာ ဆိုးရွားခဲ့တာဖြစ်ပြီး သူတို့မှာ အထင်ကြီး စရာကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေက အလွန်ရှင်းလင်းပြီး တူညီတဲ့ နည်းပြတွေရဲ့ လက်အောက်မှာ လုပ်ဆောင်နေတာပါ”လို့ DIRECTV Sports ကို ပြောခဲ့တာပါ။
မက်ဆီဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အထဲမှာ သူ့နိုင်ငံ အာဂျင်တီးနားကိုတော့ ထည့်သွင်းပြီး ပြောမသွားခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၃၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိသလို ပြီးခဲ့တဲ့နှစ်က ဘရာဇီးလ်ကို အနိုင်ရပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းကိုတွေ့ရစဉ် (Goal)
အဲ့ဒါကြောင့် အာဂျင်တီးနားအသင်းကို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
မက်ဆီ ကိုယ်တိုင်ကလည်း သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်တဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာပါ။ မက်ဆီဟာ ကစားသမားဘဝမှာ ကလပ်အသင်းနဲ့ ဆုဖလားတွေ အများကြီး ရယူထားသလို နိုင်ငံ အသင်းနဲ့လည်း ဆုဖလားရယူခဲ့ပြီးဖြစ်ကာ တစ်ဦးချင်း ဆုတံဆိပ်တွေလည်း အများအပြား ရရှိထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် မက်ဆီဟာ ကမ္ဘာ့ဖလား မရရှိသေးတာကြောင့် ဒီဆုဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ကစားသမား ဘဝဟာ ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ နောက်ဆုံး ခြေစမ်းပွဲအဖြစ် ယူအေအီး အသင်းနဲ့ နိုဝင်ဘာလ ၁၆ ရက်တွင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒီပွဲပြီးရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဆော်ဒီအသင်းနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ ယှဉ်ပြိုင်မှာပါ။ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရယူထားနိုင်ခဲ့ပြီး နောက်ဆုံး ရယူခဲ့တာက ၁၉၈၆ ခုနှစ်က ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1549
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉
အခုလအတွင်းမှာ လူအုပ်ပြိုကျမှုကြောင့် အနည်းဆုံး ဘောလုံးပရိသတ် ၁၃၁ ဦး သေဆုံးပြီး လူပေါင်း ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ ကန်ဂျူရူဟန် ဘောလုံးကွင်းကို ဖြိုချဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှားက ကြေညာခဲ့ပါတယ်။
မာလန်းမှာရှိတဲ့ ဒီအားကစားကွင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံမှုရှိရေး စံနှုန်းတွေအတိုင်း ပြန်လည် တည်ဆောက်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိူကိုဝီဒိုဒိုက ပြောခဲ့တာပါ။
“နိုင်ငံအနေနဲ့ အားကစား စီမံခန့်ခွဲမှုပုံစံကို စေ့စပ်စွာ အသွင်ပြောင်းလဲ လုပ်ဆောင်ရမယ်”လို့ သမ္မတ ဂျိူကိုဝီဒိုဒိုက ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတဟာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အောက်တိုဘာလ ၁၈ ရက်က တွေ့ဆုံပြီးနောက် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာ ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ စီစဉ်ထားပြီး ဒီပြိုင်ပွဲ မတိုင်ခင်မှာ အဖွဲ့အစည်း ၂ ခုဟာ ပူးတွဲလုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။

ကန်ဂျူရူဟန်ဘောလုံးကွင်းကို တွေ့ရစဉ် (TODAY)
သမ္မတ ဂျိူကိုဝီဒိုဒိုနဲ့ စကားပြောခဲ့တာမှာ ဖီဖာအကြီးအကဲက ပြိုင်ပွဲကို ကြည့်ရှုဖို့ ရောက်ရှိလာတဲ့ ပရိသတ်တွေကို ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
အောက်တိုဘာလ ၁ ရက်က အရီမာနဲ့ ပါဆီဘာရာအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပရိသတ်တွေဟာ ကန်ဂျူရူဟန် ဘောလုံးကွင်းကနေ ထွက်ခွာဖို့ ကြိုးစားချိန် ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရဲအရာရှိတွေနဲ့ ပွဲစီစဉ်ကျင်းပတဲ့ တာဝန်ရှိသူတွေထဲက ၆ ဦးဟာ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့တွေကို လူအသေအပျောက် ပေါ့ဆမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ စွဲချက် တင်ထားတာဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ လူစုလူဝေး အဖြစ်အပျက်ကို ထိန်းချုပ်ဖို့အတွက် မျက်ရည်ယိုဗုံး အသုံးပြုခဲ့တာမှာ အခုလို လူအများအပြား သေဆုံးခဲ့ရတာပါ။
စုံစမ်းစစ်ဆေးသူတွေဟာ ဒီအဖြစ်အပျက်ကို တာဝန်ယူတဲ့ အနေနဲ့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။ ဖီဖာဥက္ကဋ္ဌကတော့ ဒီလိုတွေ ဖြစ်ခဲ့ပေမယ့် အင်ဒိုနီးရှား အနေနဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ပွဲစီစဉ်သူတွေကို အာမခံ ပေးထားတယ်လို့ သိရပါတယ်။
ကန်ဂျူရူဟန် ဘောလုံးကွင်းကတော့ ပြိုင်ပွဲကာလအတွင်းမှာ ဘယ်ပွဲကိုမှ လက်ခံကျင်းပခွင့် မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1359
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉
ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ၂၀၁၃ က ဆန်းတို့စ်ကနေ ဘာစီလိုနာအသင်းထံပြောင်းရွှေ့ဖို့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်တာမှာ သူမပါဝင်ခဲ့ဘူးလို့ တရားရုံးကို ပြောလိုက်ပါတယ်။
နေမာက “အဖေက ဒါကိုအမြဲတမ်းဂရုစိုက်ပြီး လုပ်ဆောင်နေပါတယ်။ဆွေးနွေးညှိနှိုင်းမှုပြုလုပ်တာမှာ ကျနော် မပါဝင်ခဲ့ပါဘူး။အဖေက လတ်မှတ်ထိုးခိုင်းခဲ့တဲ့ အရာအားလုံးကို ကျနော်လက်မှတ်ထိုးခဲ့ပါတယ်။ ဘာစီလိုနာ အတွက် ကစားရတာက ကျနော့်အတွက် အိမ်မက်တစ်ခုပါပဲ၊ ကလေးဘဝအိမ်မက်ပါ” လို့ တရားရုံးကို ပြောခဲ့တာ ပါ။
နေမာနဲ့ အခြားတရားခံ ၈ ဦးတို့ဟာ လိမ်လည်မှု၊ အကျင့်ပျက်ခြစားမှုတို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး သူတို့ ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။အဆိုပါအပြောင်းအရွှေ့လုပ်တဲ့အချိန်တုန်းက နေမာရဲ့လုပ်ပိုင်ခွင့် ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့တဲ့ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ DIS ဟာ အပြောင်းအရွှေ့ တန်ဖိုးနည်းပါးတာကြောင့် သူတို့ ဆုံးရှုံးခဲ့တယ်လို့ ပြောခဲ့တာပါ။အခြားတရားခံတွေကတော့ နေမာရဲ့မိဘတွေ၊ ကလပ်အသင်း ၂ သင်း၊ ဘာစီလိုနာ အသင်းဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဘာတိုမြူနဲ့ ရိုဆယ်လ်၊ ဆန်းတို့စ်အသင်းဥက္ကဋ္ဌဟောင်း အိုဒီလီယိုတို့ ဖြစ်ပါ တယ်။

ကစားသမားရဲ့ဖခင်ဖြစ်သူ နေမာဒါဆေးလ်ဗားဆန်းတို့စ်က “ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဥရောပမှာ သူ့ အတွက် ကစားသမားဘဝကို ပြင်ဆင်ဖို့ဖြစ်ပြီး ဒါကိုလည်း ကျနော်တို့ လုပ်ဆောင်ထားပြီးသားပါ။ ဘာစီလိုနာမှာ ကစားဖို့ သူ့အိမ်မက်ကို သိရှိထားလို့ သူတို့နဲ့ ဦးစားပေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ” လို့ တရားရုံးကို ပြောခဲ့တာပါ။
စပိန်အစိုးရရှေ့နေတွေက နေမာကို ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ကြေးငွေ ယူရို ၁၀ သန်းချမှတ်ဖို့ လုပ်ဆောင်နေပြီး DIS က ထောင်ဒဏ် ၅ နှစ်ချမှတ်ဖို့ အလိုရှိနေတာဖြစ်ပါတယ်။သူတို့တွေဟာ ဥက္ကဋ္ဌဟောင်း ရိုဆယ်လ်ကို ထောင်ဒဏ် ၅ နှစ်နဲ့ ဘာစီလိုနာအသင်းကို ဒဏ်ကြေးငွေ ယူရို ၈.၄ သန်းပေးဆောင်ဖို့ကိုလည်း လုပ်ဆောင် နေကြတာပါ။
ရီးရယ်လ်အသင်းဥက္ကဋ္ဌ ပီရတ်ဇ်က သူတို့ဟာ ၂၀၁၁ မှာ ယူရို ၄၅ သန်း၊ ၂၀၁၃ မှာ ယူရို ၃၆ သန်းနဲ့ နေမာကို ခေါ်ယူဖို့ ဆန်းတို့စ်အသင်းထံ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ဘာစီလိုနာထံ ပြောင်းဖို့သာ ရွေးချယ် ခဲ့တယ်လို့ သက်သေအဖြစ် တရားရုံးကို ပြောခဲ့တာဖြစ်ပါတယ်။နေမာဟာ ၂၀၁၇ မှာတော့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1519
CNI International News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈
ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိူကိုဝီဒိုဒိုတို့ဟာ နိုင်ငံတစ်ဝှမ်းရှိ အားကစားကွင်းတွေမှာ လုံခြုံရေး အစီအမံတွေကို ပြန်လည်သုံးသပ်ဖို့ အောက်တိုဘာလ ၁၈ ရက်နေ့က သဘောတူညီခဲ့ကြပါတယ်။
အခုလအတွင်း အင်ဒိုနီးရှားနိုင်ငံက ပွဲစဉ်တစ်ပွဲမှာ လူအုပ်ပြိုကျမှု ဖြစ်ပွားခဲ့တာကနေ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီနောက် အခုလို လုံခြုံရေး အစီအမံတွေကို ပြန်လည်သုံးသပ်ဖို့ ဖြစ်လာခဲ့တာပါ။
အားကစားကွင်း ဖြစ်ရပ်ဆိုးကြောင့် အင်ဒိုနီးရှားနဲ့ ဖီဖာတို့ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီခဲ့ပြီးနောက် အင်ဖန်တီနိုနဲ့ ဂျိူကိုဝီဒိုဒို တို့ဟာ ဂျကာတာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ပြင်ဆင်နေတာပါ။

အင်ဒိုနီးရှားလိဂ်ဝမ်း လူပြိုမှု ဖြစ်ပွားစဉ် (GETTY IMAGES)
အင်ဖန်တီနိုက အင်ဒိုနီးရှားရဲ့ ပထမဦးစားပေးမှာ နိုင်ငံရဲ့ ဘောလုံးပွဲတွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ အသွင်ပြောင်းဖို့ ဖြစ်ပြီး ပရိသတ်တွေ ဘေးကင်းအောင်နဲ့ လုံခြုံရေးအတွက် အကြွေးတင်နေတယ်လို့ ပြောခဲ့ပါတယ်။
အောက်တိုဘာလ ၁ ရက်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ရဲတွေဟာ လူစုလူဝေးကို ထိန်းချုပ်နိုင်ဖို့အတွက် ကွင်းထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့တာဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုကို ဖီဖာက အပြစ်တင်ခဲ့တာပါ။
အင်ဒိုနီးရှားမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးအတွက် ပရီးမီးယားလိဂ်နဲ့ စပိန်လာလီဂါ ကလပ်အသင်းတွေဟာ ပွဲမစခင် ၁ မိနစ် ငြိမ်သက်ခြင်းနဲ့ အနက်ရောင် လက်ပတ် ဝတ်ဆင်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားလိဂ်ဟာ ဒီ အဖြစ်အပျက် ဖြစ်ပျက်ပြီးကတည်းက ပွဲတွေကိုကစားဖို့ ရွှေ့ဆိုင်းထားပြီး အခုလာမယ့် အပတ်မှာ ပြန်လည် ကစားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
အင်ဒိုနီးရှားလိဂ် ဝမ်းဟာ အခုနှစ်ရာသီ ပွဲစဉ် ၁၁ ပွဲအထိ ကစားပြီးထားပြီး ဘော်နီရိုအသင်းက မဒူရာအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1275
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈
အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဟီဂူအင်ဟာ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ အပြီးမှာ ငိုကြွေးနေခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဟီဂူအင်ဟာ မေဂျာလိဂ် ရာသီအကုန်မှာ ကစားသမားဘဝက အနားယူတော့မယ်လို့ အခုလ အစောပိုင်းက ကြေညာခဲ့ပါတယ်။
ဟီဂူအင်ရဲ့ အင်တာမိုင်ယာမီ အသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ပွဲစဉ်မှာ နယူးယော့ခ်စီးတီး အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အာဂျင်တီးနား ကစားသမားရဲ့ ၁၇ နှစ်ကြာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝဟာ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဟီဂူအင်ဟာ ပွဲအပြီး ကွင်းအတွင်းကနေ ထွက်ခွာချိန်မှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။
ဟီဂူအင်က “ အလုပ်တစ်ခုအနေနဲ့ ကျနော်အနှစ်သက်ဆုံး အရာက အဆုံးသတ်သွားပြီလို့ ခံစားခဲ့ရပါတယ်။ ကျနော့် ကစားသမားဘဝ ၁၇ နှစ်ခွဲဆိုတာ ကျနော့်ဘဝရဲ့ တစ်ဝက်ပါပဲ။ ကျနော့် ကစားသမားဘဝ တစ်ခုလုံးရဲ့ ပုံရိပ်တွေဟာ ကျနော့်စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ကျနော်နေခဲ့တဲ့ နေရာတွေ၊ အလုပ်လုပ်ခဲ့တဲ့ နေရာတွေနဲ့ တွေ့ကြုံခဲ့ရတဲ့ အရာတွေကို ဒီနေ့အထိ ပေးခဲ့ပြီးပြီဖြစ်လို့ ကျနော်အလွန်ပျော်ပါတယ်။ ဒါက အရေးကြီးဆုံး အရာပါ။ အခုအိမ်မက်က ပြီးသွားပြီဆိုတော့ နောက်တစ်ခုအတွက် ပြန်စတင်ရတော့မယ်”လို့ ပွဲအပြီး အင်တာဗျူး မှာ ပြောသွားခဲ့ပါတယ်။

ဟီဂူအင် နောက်ဆုံး ကစားခဲ့စဉ် (The Star)
ဟီဂူအင်ဟာ ဥရောပထိပ်သီး အသင်းတွေဖြစ်တဲ့ ရီးရယ်လ်၊ နာပိုလီ၊ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ ချယ်လ်ဆီး အသင်းတွေမှာလည်း ကစားခဲ့တာပါ။
အာဂျင်တီးနား ကစားသမားဟာ ရီးရယ်လ်အသင်းနဲ့ လာလီဂါဆုဖလား ၃ ကြိမ်၊ နာပိုလီအသင်းနဲ့ ကိုပါအီတာလီ ယာဖလား၊ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ အေစီမီလန်နဲ့ ချယ်လ်ဆီးအသင်းမှာ တော့ အငှားနဲ့ ကာလတိုသာ ကစားခဲ့တာပါ။
အင်တာမိုင်ယာမီ အသင်းအတွက် ကစားပေးခဲ့အပြီးမှာ ဟီဂူအင်ဟာ ကလပ်ကစားသမားဘဝ ပွဲပေါင်း ၇၁၁ ပွဲ ကစားခဲ့ပြီး ၃၃၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟီဂူအင်ဟာ အာဂျင်တီးနား လက်ရွေးစင်အတွက် ၇၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၁ ဂိုး သွင်းယူကာ ၂၀၁၄ ကမ္ဘာ့ ဖလား၊၂၀၁၅ နဲ့ ၂၀၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေမှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဟီဂူအင်ဟာ ကစားသမားဘဝ အနားယူပြီးချိန်မှာ မျိုးဆက်သစ် လူငယ်လေးတွေကို အကူအညီ ပေးသွားမယ်လို့ ပြောထားခဲ့ ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1547
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈
ဘိုင်ယန်မြူးနစ် အသင်းရဲ့တိုက်စစ်မှူး မာနေးဟာ လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေအတွက် အသိအမှတ်ပြု ခံခဲ့ရပြီး ဆိုကရေးတီးစ်ဆုကို ရရှိသွားခဲ့ပါတယ်။
ပဲရစ်မှာ ကျင်းပခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ ဆီနီဂေါ လက်ရွေးစင် မာနေးဟာ ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ ဆိုကရေးတီးစ်ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
ဒီဆုဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက ဘရာဇီးလ်မှာ အာဏာရ စစ်အစိုးရကို ဆန့်ကျင်ပြီး ကိုရင်သီယန် ဒီမိုကရေစီ လှုပ်ရှားမှုကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဘရာဇီးလ် ဘောလုံးအိုင်ကွန် ဆိုကရေးတီးစ်ရဲ့ အမည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။
မာနေးဟာ ကွင်းအတွင်း အချိန်ဇယားတွေ များပြားနေပေမယ့် ဆီနီဂေါအတွက် ဆက်လက်ရှင်သန်နေခဲ့တာပါ။

မာနေး ပရဟိတအနေဖြင့် လှူဒါန်းမှုများ (GETTY IMAGES)
မာနေးဟာ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ ဇာတိ ဘမ်ဘာလီကျေးရွာမှာ ပြည်သူ့ဆေးရုံ တည်ဆောက်ပေးခဲ့ပြီး မိသားစုတွေနဲ့ ကျောင်းတွေကိုလည်း ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင် ဖို့အတွက် ဆီနီဂေါ အမျိုးသားကော်မတီကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မာနေးက “ ဒီနေ့ည ဧည့်သည်အဖြစ်လာရတာ အလွန်ပျော်ရွှင်ပါတယ်။ တစ်ခါတစ်လေမှာ အနည်းငယ်တော့ ရှက်မိပေမယ့် ကိုယ့်လူမျိုးတွေအတွက် ပိုကောင်းအောင် လုပ်ပေးရတာကို ကျနော်အလွန်ပျော်ပါတယ်”လို့ ဆုလက်ခံရယူအပြီးမှာ ပြောခဲ့ပါတယ်။
မာနေးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်နဲ့ ဆီနီဂေါ လက်ရွေးစင်အတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခုနှစ် ဘောလွန်းဒီအောဆုပေးပွဲမှာ ဘန်ဇီမာရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။
နွေရာသီက ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့တဲ့ မာနေးဟာ ဂျာမန်ကလပ်အတွက် ၁၆ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။
မာနေးရဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ အောက်တိုဘာလ ၁၉ ရက်မှာ ပိုကယ်လ်ဖလား ဒုတိယအဆင့် ပွဲစဉ်အဖြစ် အော့စ်ဘတ်၊ ၂၂ ရက်မှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဟော်ဖန်ဟိမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1839
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈
ရီးရယ်လ်နဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘန်ဇီမာဟာ ၂၀၂၂ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
တနင်္လာနေ့ညက ပဲရစ်မှာကျင်းပခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ ဘန်ဇီမာဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အရှိဆုံးဆုဖြစ်တဲ့ ဒီဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာနေး၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ကို အသာရပြီး ရရှိခဲ့တာပါ။အသက် ၃၄ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းအတွက် ၄၆ ပွဲပါဝင်ကစားပြီး ၄၄ ဂိုးသွင်းယူကာ အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့တာကြောင့် အခုလို ဘောလွန်းဒီအောဆုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘန်ဇီမာက “ဒီဆုကို ကျနော့်ရှေ့မှာ မြင်တွေ့ရတာ တကယ်ဂုဏ်ယူမိပါတယ်။ဒါဟာ ကျနော့်ရဲ့ငယ်ဘ၀ အိပ်မက်တစ်ခုဖြစ်ပြီး ကျနော်လုပ်ခဲ့တဲ့အလုပ်တွေအားလုံးကို ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး။ဘာမဆို ဖြစ်နိုင် တယ်လို့ပဲ စိတ်ထဲမှာ အမြဲတမ်းတွေးထားပါတယ်။ပြင်သစ်အသင်းမှာ ပါဝင်ခွင့်မရတဲ့အချိန်မှာလည်း အလုပ် ကြိုးစားမှုကို ဘယ်တော့မှမရပ်တန့်ခဲ့ပါဘူး။ဒီကိုရောက်လာခဲ့တဲ့ ခရီးအတွက် တကယ်ဂုဏ်ယူမိပါတယ်။ဒါဟာ မလွယ်ကူခဲ့ပါဘူး။ကျနော်နဲ့ ကျနော့်မိသားစုအတွက် ခက်ခဲခဲ့ပါတယ်” လို့ ဆုယူအပြီးမှာ ပြောခဲ့တာပါ။

ဘန်ဇီမာဟာ ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တဲ့ ၅ ဦးမြောက် ပြင်သစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ဘန်ဇီမာ၊ မာနေးနဲ့ ဒီဘရိုင်းတို့အပြင် ထိပ်ဆုံး ၁၀ ဦးထဲဝင်ခဲ့တဲ့ ကစားသမားတွေကတော့ ဟာလန်း၊ မိုဒရစ်၊ ဗီနီစီးယက်စ်၊ ကော့တွိုက်စ်၊ ဘတ်ပီ၊ ဆာလတ်နဲ့ လီဝန်ဒေါစကီးတို့ ဖြစ်တာပါ။ဘောလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒိုက နံပတ် ၂၀ နေရာမှာ ရပ်တည်ခဲ့ပြီး သူ့အတွက် နှစ်ပေါင်း ၁၇ နှစ်အတွင်း အဆိုးရွားဆုံးအဆင့်သတ်မှတ်ချက်ဖြစ်ခဲ့ပါတယ်။
ဒီဆုပေးပွဲရဲ့ အခြားဆုတွေဖြစ်တဲ့ အမျိုးသမီးဘောလွန်းဒီအောဆုကို ဘာစီလိုနာအသင်းက ပူတယ်လ်လက်စ်က ရရှိသွားခဲ့တာပါ။ပူတယ်လ်လက်စ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ရရှိခဲ့တာကြောင့် ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိတဲ့ ပထမဆုံးအမျိုးသမီးကစားသမားဖြစ်ခဲ့ပါတယ်။အကောင်းဆုံး ဂိုးသမားဆုဖြစ်တဲ့ ယာရှင်ဆုကို ကော့တွိုက်စ်က ရရှိခဲ့ပြီး၊ အကောင်းဆုံးလူငယ်ကစားသမားဆုဖြစ်တဲ့ ကိုပါဆုကို ဂါဗီက ရရှိခဲ့တာပါ။
ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက အကောင်းဆုံးတိုက်စစ်မှူးဆုဖြစ်တဲ့ ဂတ်မူလာဆုကို ရရှိခဲ့ပြီး ဘိုင်ယန် မြူးနစ်တိုက်စစ်မှူး မာနေးက ဆိုကရေးတီးဆုနဲ့ မန်စီးတီးအသင်းက တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းဆု ကို ရရှိသွားခဲ့ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1571
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇
ကာတာနိုင်ငံဟာ မူလအိမ်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး ၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ ၂၀၁၉ ကတည်းက သတ်မှတ်ခြင်း ခံခဲ့ရပေမယ့် နိုင်ငံအတွင်း ကိုဗစ် မူဝါဒတွေကြောင့် အခုနှစ် အစောပိုင်းမှာ အိမ်ရှင်အဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ။
အဲ့ဒါကြောင့် အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီက ကာတာကို ၂၀၂၃ အာရှဖလား အိမ်ရှင်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကာတာနဲ့အတူ အင်ဒိုနီးရှား၊ တောင်ကိုရီးယား တို့ကလည်း ဒီပြိုင်ပွဲကို အိမ်ရှင် အဖြစ် ပြုလုပ်ဖို့ လျှောက်ထားခဲ့ပေမယ့် နောက်ဆုံးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ကိုသာ ရွေးချယ်ခဲ့တာပါ။
အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်က “ အာရှဘောလုံးအဖွဲ့ချုပ်နဲ့ အာရှဘောလုံး မိသားစုကိုယ်စား လာမယ့် အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တဲ့ ကာတာဘောလုံးအဖွဲ့ချုပ်ကို ဂုဏ်ပြုချင်ပါတယ်။ ပြိုင်ပွဲ ကျင်းပဖို့ လျှောက်ထားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယား တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကာတာရဲ့ စွမ်းဆောင်ရည်တွေ၊ နိုင်ငံတကာ အားကစားပွဲကြီးတွေ လက်ခံကျင်းပတဲ့ မှတ်တမ်းနဲ့ သူတို့ရဲ့ စေ့စေ့စပ်စပ် လုပ် ဆောင်မှုကို တစ်ကမ္ဘာလုံးက သဘောကျကြပါတယ်။ ကာတာနိုင်ငံ အနေနဲ့ ဂုဏ်သိက္ခာနဲ့ လိုက်ဖက်ပြီး ထိုက်တန် တဲ့ မြင်ကွင်းတွေကို ပြသနိုင်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အာရှဖလားပြိုင်ပွဲ ဆုဖလားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုဖလားကိုတွေ့ရစဉ်
ကာတာနိုင်ငံဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် အခြေခံ အဆောက်အဦတွေကို အာရှဖလား ပြိုင်ပွဲ မှာလည်း အသုံးပြုဖို့ စီစဉ်ထားတာပါ။ ကာတာဟာ ၁၉၈၈ နဲ့ ၂၀၁၁ မှာလည်း အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့တာကြောင့် အာရှဖလားကို အိမ်ရှင်အဖြစ် ၃ ကြိမ်မြောက် ကျင်းပတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
ကာတာဟာ အာရှဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။
ကာတာဟာဆိုရင် လာမယ့် အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ရမှာဖြစ်လို့ ၂၀၂၇ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့် လျှောက်ထားမှုကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ အိန္ဒိယနဲ့ ဆော်ဒီတို့ ၂ နိုင်ငံသာ ရှိတော့တာပါ။
၂၀၂၃ အာရှဖလားပြိုင်ပွဲကို ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ၁၆ ရက်အထိ အသင်းပေါင်း ၂၄ သင်းနဲ့ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
Source: CNA
