- By CNI
- Category: အားကစား
- Hits: 810
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၂
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရာသီအစောပိုင်းက ဝေဖန်တဲ့သူတွေကို နှုတ်ဆိတ်သွားအောင် လုပ်ပြီးနောက် အသင်းဟာ ထိပ်ဆုံး ၄ သင်းနဲ့ ရာသီအဆုံးသတ်ဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “အသင်းဟာ ထိပ်ဆုံး ၄ နေရာမှာပဲ ရှိနေရပါမယ်။ ကစားသမားတွေကလည်း အဲဒီနေရာမှာ ပဲ ရှိနေဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ဟာ ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နိုင်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပေမယ့် ဒီရာသီမှာ အသင်းဟာ အလွန်ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်။ ရာသီအစမှာ ဆိုရင် ကျနော်တို့ကို ထိပ်ဆုံး ၆ သင်းထဲ ဝင်ရောက်မယ်လို့ ဘယ်သူကမှ ထည့်မတွက်ထားပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒီထက်ပိုပြီး မြင့်မားတဲ့အဆင့်မှာ ရပ်တည်နိုင်တယ်ဆိုတာ သိပါတယ်။ မကြာခင်မှာဆို ကလပ်အသင်း ဟာ ပိုပြီးကြီးမားတဲ့ အရာတွေအတွက် တိုက်ပွဲဝင်တော့မှာပါ”လို့ Sky Sports ကို ပြောပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲအများအပြား ပါဝင်ကစား ထားပြီး ခြေစွမ်းကောင်းတွေ ပြသနေတာ ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ ဘရိုက်တန်၊ ဝက်စ်ဟမ်း အသင်းတွေကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ထားပြီး အဆင့် ၅ နေရာက လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ဖိအားပေးခြင်းကို ခံနေရတာပါ။
ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
နည်းပြ အဲရစ်တန်ဟတ်က ကစားသမားတွေဟာ ပင်ပန်းနွမ်းနယ်မှုကို ကြုံတွေ့နေရတယ်လို့ ပြောတဲ့အပေါ်မှာ ဘရူနိုဖာနန်ဒက်စ်က ဒါကို ပယ်ချခဲ့ပြီး အသင်းဟာ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းနဲ့ အဆုံးသတ်မယ်လို့ ယုံကြည်နေ တာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ပင်ပန်းနွမ်းနယ်မှုက အမြဲတမ်း ရှိနေပါတယ်။ ကျနော်တို့ဟာ ပွဲတွေအများကြီး ကစားတဲ့အတွက် ဒါက ပုံမှန်ပါပဲ။ ကျနော်တို့ကတော့ တတ်နိုင်သမျှ ပွဲတွေ အများကြီး ကစားချင်ပြီး ဆုဖလားတွေ ဆွတ်ခူး နိုင်မယ့် ဗိုလ်လုပွဲအထိ ရှိနေချင်တာပါ။ ဖြစ်နိုင်တဲ့ အနားယူဖွယ် နည်းလမ်းတွေကိုတော့ ရှာဖွေရမယ်”လို့ ပြောခဲ့ တာပါ။
လက်ရှိအချိန်မှာ ယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းထက် ၁ မှတ်အသာနဲ့ ပွဲကျန်ကစားဖို့ ၁ ပွဲ ကျန်ရှိ နေသေးတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့အတွက် အားသာချက်တွေတော့ ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ် အိုးထရက်ဖို့ဒ်မှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အလွန်အရေးပါတဲ့ ၃ မှတ်ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 635
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ဘိုင်ယန်မြူးနစ်အသင်း စီအီးအို အိုလီဗာခန်းက အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် အရာအားလုံး ကြိုးစားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အိုလီဗာခန်းက “လွန်ခဲ့တဲ့တစ်နှစ်က ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် အရာအားလုံး ကြိုးစားခဲ့ပြီး ကျနော်တို့ရဲ့ ဘဏ္ဍာရေး ကန့်သတ်ချက်ကိုတောင် ရောက်သွားခဲ့ပါတယ်။ ကျနော်တို့ ဆုံးဖြတ်ရမှာက ကျနော်တို့ရဲ့ လုပ်ခလစာ ဖွဲ့စည်းတဲ့ ပုံစံကို ချိုးဖောက်ချင်တာလား ဆိုပြီးတော့ပေါ့။ အဲဒီအတွက် ကျနော်တို့ဘက်က အဆင်သင့် မဖြစ်ခဲ့ပါ ဘူး။ ဒါက ဘိုင်ယန်ရဲ့ ပုံစံမဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်အသင်းမှာ ဟာလန်း ကစားနေတဲ့ ပြီးခဲ့တဲ့ရာသီက ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ ပေမယ့် ကစားသမားကတော့ မန်စီးတီးအသင်းဆီ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၁.၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ ပါတယ်။
ဟာလန်းဟာ အင်္ဂလန်မှာ ကစားတဲ့ ပထမရာသီမှာတင် ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်း အများဆုံး ကစားသမားဆိုတဲ့ စံချိန် အပါအဝင် စံချိန်ပေါင်းများစွာကို တင်နိုင်ခဲ့ပါတယ်။
ဒါအပြင် အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ မန်စီးတီးအသင်းကို တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင် မယ့် မျှော်လင့်ချက်ကိုလည်း အသက်သွင်းပေးနေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် အနေနဲ့ ဘဏ္ဍာရေး အင်အား တောင့်တင်းမယ်ဆိုရင် ဟာလန်းကို ခေါ်ယူနိုင်မယ့် အခြေအနေဟာ ကွဲပြားသွားနိုင်တယ်လို့လည်း အိုလီဗာခန်းက ပြောခဲ့တာပါ။
မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ် ယှဉ်ပြိုင်နေစဉ်
ဘိုင်ယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အဓိကတိုက်စစ်မှူး လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းထံ ရောင်းချခဲ့ပေမယ့် တိုက်စစ်မှူး တစ်ဦးကို အစားမထိုးနိုင်ခဲ့ပါဘူး။
ဂျာမန်ကလပ်ဟာ ပြီးခဲ့တဲ့လက နည်းပြဖြစ်သူ နာဂျယ်လ်စမန်းကို ထုတ်ပယ်ကာ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းနည်းပြဟောင်း တူချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
တူချယ်လ်ရဲ့ လက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ပိုကယ်ဖလားကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံ လိဂ် ဖလားကနေလည်း ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ဘွန်ဒစ်လီဂါဖလားသာ ကျန်ရှိတော့တာပါ။
ဒီရာသီ ဘွန်ဒစ်လီဂါဖလား ပြိုင်ပွဲပြီးဆုံးဖို့ ၃ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယ နေရာက ဒေါ့မွန်အသင်းကို ရမှတ် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါ တယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 812
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ပီအက်စ်ဂျီအသင်း နည်းပြသစ် ဖြစ်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ရိုးမား အသင်းနည်းပြ မော်ရင်ဟိုက ငြင်းဆန်လိုက်ပါတယ်။
သူတို့နဲ့ ဘယ်တုန်းကမှ စကားမပြောဖူးဘူးလို့လည်း မော်ရင်ဟိုက ပြောပါတယ်။
မော်ရင်ဟိုက “ပီအက်စ်ဂျီဘက်က ဖုန်းခေါ်လာရင်လည်း သူတို့ ကျနော်နဲ့ တွေ့မှာမဟုတ်ပါဘူး။ ကျနော် သူတို့နဲ့ စကားမပြောဖူးဘူး”လို့ Sky Sports Italia ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
မကြာသေးခင်က ပြင်သစ်ကလာတဲ့ သတင်းတွေမှာ ပီအက်စ်ဂျီအသင်းဟာ မော်ရင်ဟိုနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ကာ သဘောတူညီမှု ရယူနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထား ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ သူတို့မျှော်လင့်ထားတဲ့ ပစ်မှတ်ကို မရောက်ခဲ့တာကြောင့် ရာသီအကုန်မှာ နည်းပြ ဂယ်လ်တီယာကို ရာထူးက ထုတ်ပယ်ပြီး သူ့နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတာပါ။
ဒီအချိန်မှာ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပေါ်တူဂီလူမျိုး နည်းပြ ကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲအတွက် ပြုလုပ်တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဒါကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ၂၀၂၁ ခုနှစ်၊ မေလကမှ ရိုးမားအသင်း နည်းပြအဖြစ် ခန့်အပ်ခံရတာဖြစ်ပြီး မနှစ်က ရာသီက အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
ရိုးမားအသင်းသားတွေနဲ့ မော်ရင်ဟိုကိုတွေ့ရစဉ်
မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အနာဂတ်အတွက် မရေမရာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
RMC Sport က ပီအက်စ်ဂျီအသင်း ဒါရိုက်တာဖြစ်သူ လူးဝစ်ကမ်ပို့စ်ဟာ မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ နွေရာသီ မှာ ရောက်ရှိလာမယ့် အလားအလာအတွက် စကားပြောဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
မော်ရင်ဟိုကလည်း ပီအက်စ်ဂျီအသင်းရဲ့ စီမံကိန်းကို နှစ်သက်တာကြောင့် လူးဝစ်ကမ်ပို့စ်နဲ့ အေးဂျင့်ဖြစ်သူတို့ရဲ့ ဆွေးနွေးမှုတွေဟာ ပိုပြီး မြှင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ လီဂူးဝမ်းဖလား ရယူနိုင်ဖို့ ရှိပေမယ့် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာကြောင့် အသင်းအကြီးအကဲတွေက စိတ်ပျက်နေတာပါ။
မော်ရင်ဟိုဟာ ဒီရာသီမှာ ရိုးမားအသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးထားပြီး ၂ နှစ် ဆက်တိုက် ဥရောပဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမားအသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာတော့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက အင်တာမီလန်အသင်းနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 760
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ အေစီမီလန်အသင်းကို အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ကစားဖို့ ကျန်သေးတဲ့အတွက် သတိထားရမယ်လို့ အင်တာမီလန်အသင်းတိုက်စစ်မှူး ဂျက်ကိုက ပြောလိုက်ပါတယ်။
ဂျက်ကိုက “ဒါဘီပွဲဖြစ်တဲ့အတွက် ဒါက အလွန်ကောင်းမွန်တဲ့ ခံစားချက်နဲ့ အလွန်ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျနော်တို့က အတွေ့အကြုံရှိတဲ့အသင်းဖြစ်ပြီး ဒီနေ့ ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့အရာတွေကို သိပါတယ်။ ဒုတိယအကျော့အတွက် ဒါက ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ပြိုင်ပွဲက မပြီးဆုံးသေးပါဘူး။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ကြီးကျယ်ခမ်းနားတဲ့ အသင်းတွေပဲ ရောက်လာတာဆိုတော့ ကျနော်တို့ သတိထားရမယ်၊ အာရုံစူးစိုက်မှုရှိနေရပါမယ်။ဒုတိယအကျော့အတွက် ပိုပြီးအာရုံစူးစိုက်ရမယ်ဆိုတာ အသေအချာပါပဲ။ဒါပေမယ့် ဒီနေ့လုပ်ခဲ့တဲ့ ပုံစံအတိုင်းသာ ကစားနိုင်ရင် ကျနော်တို့ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်နေပါပြီ” လို့ ပွဲအပြီးမှာ BT Sport ကို ပြောခဲ့တာပါ။
အင်တာမီလန်အသင်းဟာ ဒီပွဲမှာ အေစီမီလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို ပွဲချိန် ၈ မိနစ်မှာ ဂျက်ကိုနဲ့ ပွဲချိန် ၁၁ မိနစ်မှာ မီခီတာရန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲရဲ့ ပွဲချိန် ၃၁ မိနစ်မှာ အင်တာမီလန်အသင်း နောက်ထပ်သွင်းဂိုးရနိုင်မယ့် ပင်နယ်တီအခွင့်အရေးရခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့်ကာ ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့လို့ နစ်နာခဲ့ရတာပါ။ဒုတိယအကျော့ပွဲကိုလည်း ဆန်စီရိုမှာပဲ ကစား ရမှာဖြစ်တဲ့အတွက် အင်တာမီလန်အသင်းဟာ ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းနည်းပြ ပိုင်အိုလီကတော့ သူတို့ဟာ ဒုတိယအကျော့ပွဲစဉ်မှာ ရလဒ်ကောင်းရယူပြီး ပြန်လာ နိုင်မယ့် အခွင့်အရေးရှိတယ်လို့ ပြောခဲ့ပါတယ်။
ပိုင်အိုလီက “ဒုတိယအကျော့မှာ ပိုကောင်းအောင် ကြိုးစားသွားမှာပါ။ဒီပွဲမှာ ကျနော်တို့ဟာ နည်းဗျူဟာနဲ့ စိတ်ပိုင်းဆိုင်ရာအမြင်တွေမှာ ဆိုးရွားခဲ့ပါတယ်။ဒုတိယပိုင်းရဲ့ စိတ်နေသဘောထားနဲ့ စတင်ရမှာဖြစ်ပြီး ပွဲရဲ့ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ဒီပွဲနဲ့ လုံးဝမတူတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ ဒုတိယ အကျော့ကို သွားရမှာပါ။ပထမအကျော့ပွဲက စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်မယ်ဆိုတာ ကို သိထားပါတယ်” လို့ ပြောခဲ့တာပါ။
အင်တာမီလန်အသင်းဟာ အေစီမီလန်အသင်းကို ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးပေးဂိုးမပေးရဘဲ နိုင်ပွဲရခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၇၉-၈၀ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 652
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ဆိုးလ်ရှားက ယူနိုက်တက် လက်ထောက် နည်းပြဟောင်း ကာရစ်ဟာ အနာဂတ်မှာ အသင်းရဲ့ နည်းပြ ဖြစ်လာမယ့်သူလို့ ပြောလိုက်ပါတယ်။
ဆိုးလ်ရှားက “မိုက်ကယ်ဟာ ဆာအဲလက်စ်နဲ့ မော်ရင်ဟိုတို့ လက်အောက်မှာ ကမ္ဘာ့အကောင်းဆုံး ကစား သမားတွေနဲ့ ကစားခဲ့ပါတယ်။ သူဟာ အောင်နိုင်သူ ဖြစ်ပေမယ့် စိတ်ခံစားချက်တွေကို ထိန်းချုပ် ထားနိုင်တဲ့သူ ဖြစ်နေဆဲပါ။ သူက ယူနိုက်တက်မှာ နည်းပြ မဖြစ်လာမှာကို ကျနော် မမြင်မိပါဘူး။ မိုက်ကယ်သာ အသင်းမှာ နည်းပြ ဖြစ်ချင်တယ်ဆိုရင်တော့ သူဖြစ်လာမယ်ဆိုတာ ကျနော့်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်”လို့ ပြော ပါတယ်။
ကာရစ်ဟာ နည်းပြအဖြစ် အင်္ဂလန်ချန်ပီယံရှစ်ကလပ် မယ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်ထားခဲ့တာမှာ အောင်မြင်မှုရခဲ့လို့ နည်းပြဟောင်း ဆိုးလ်ရှားက အင်္ဂလန် ကစားသမားဟောင်းကို ယူနိုက်တက်ရဲ့ အနာဂတ် နည်းပြအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ကာရစ်ဟာ ဆိုးလ်ရှား ထုတ်ပယ်ခံရပြီးနောက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ယူနိုက်တက်အသင်းကို ယာယီ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ဂ်နစ် ကိုင်တွယ်ချိန်မှာတော့ သူဟာ အသင်းကနေ ထွက်ခွာ ခဲ့ပါတယ်။
ဒီနောက် ကာရစ်ဟာ မယ်ဒယ်ဘရော့အသင်းကို ချန်ပီယံရှစ် ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိအောင် ကိုင်တွယ် ပေးထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်ခွင့်ရမယ့် မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ကိုတွေ့ရစဉ်
ကာရစ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် အသင်းကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ ရှိခဲ့ပေမယ့် သူ့အပေါ် သစ္စာစောင့်သိမှုနဲ့ ၁၀ ရက်အကြာမှာ အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာလို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။
ဆိုးလ်ရှားက “ကျနော် ထုတ်ပယ်ခံရပြီးချိန်မှာ မိုက်ကယ်ဆီ သွားခဲ့ပြီး သူတို့က မင်းကို တာဝန်ယူစေချင်တယ်လို့ ပြောခဲ့ပါတယ်။ ငါလည်း သူတို့လိုပဲ မင်းကို ဒီမှာ လုပ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ ၁၀ ရက်အကြာမှာ သူက ကျနော့်ဆီကိုလာပြီး သူမလုပ်ချင်တော့တဲ့ အကြောင်းကို ပြောခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ကနေ ဆိုးလ်ရှား ထွက်ခွာပြီးနောက် ကာရစ်အပြင် သူ့ရဲ့နည်းပြ အဖွဲ့ဝင်ထဲမှာ ပါဝင်ခဲ့တဲ့ မက်ကန်နာ ကလည်း ထွက်ခွာခဲ့ကာ လိဂ်ဝမ်းကလပ် အစ်စဝှစ်ချ်အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
မက်ကန်နာဟာ အစ်စဝှစ်ချ်အသင်းကို လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းတက်နိုင်အောင် ကိုင်တွယ်ပေး နိုင်ခဲ့တာဖြစ်ပြီး ကာရစ်ရဲ့ မယ်ဒယ်ဘရော့အသင်းဟာ ပလေးအော့ဖ် ပွဲစဉ်အဖြစ် ကိုဗင်ထရီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 837
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၁
ဘရာဇီးလ်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်ဟာ မုဒိမ်းမှုနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေချိန် စပိန်တရားသူကြီး တစ်ဦးက ကစားသမားရဲ့ ဒုတိယအကြိမ်မြောက် အာမခံတောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။
ဒန်နီအဲလ်ဗတ်စ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဘာစီလိုနာရှိ နိုက်ကလပ်တစ်ခုရဲ့ ရေချိုးခန်းထဲမှာ အမျိုးသမီး ငယ် တစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
တရားရုံးက သူ့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဘာစီလိုနာ ကစားသမားဟောင်းဟာ ထွက်ပြေးဖို့ ကြိုးစားမယ့် အန္တရာယ်မှာရှိနေတဲ့အတွက် ထောင်ထဲမှာ ဆက်ပြီးနေရမှာ ဖြစ်ပါတယ်။
ကတ်တာလိုနီးယား တရားရုံးချုပ်က ဒန်နီအဲလ်ဗတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုက သူ့ကို စပိန်ကနေ အချိန်မရွေး ထွက်ခွာသွားခွင့် ပေးနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။
ဒန်နီအဲလ်ဗတ်စ်ကို တွေ့ရစဉ်
ဘရာဇီးလ် ကစားသမားဟာ ဖေဖော်ဝါရီလက ပထမဆုံးအကြိမ် တောင်းဆိုမှုကို ပယ်ချခံရပြီးနောက် သူ့ရဲ့ ဥပဒေပြုအဖွဲ့က ထောင်ထဲကနေ အာမခံနဲ့ လွှတ်ပေးဖို့ ဒုတိယအကြိမ် တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။
ဒန်နီအဲလ်ဗတ်စ်က သူတို့နှစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ ရှိခဲ့ပေမယ့် နှစ်ဦးသဘောတူလို့ တရားသူကြီး တွေကို ထွက်ဆိုထားပါတယ်။
ဘရာဇီးလ် နောက်ခံလူဟာ ဒီအဖြစ်အပျက်ကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရပြီးနောက် သူနဲ့ စာချုပ်ရှိနေတဲ့ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းဟာ ဇန်နဝါရီလမှာ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။
အသက် ၄၀ အရွယ်ရှိ အဲလ်ဗတ်စ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲပေါင်း ၄၀၈ ပွဲ ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။
အဲလ်ဗတ်စ်ဟာ ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီ အသင်းတွေမှာလည်း ပါဝင်ကစားခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ပွဲ ပါဝင်ကစားခဲ့တာ အပါအဝင် ပွဲပေါင်း ၁၂၆ ပွဲ ကစားထားပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 597
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၀
မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့ချ်က ဆော်ဒီကလပ်ကို ပြောင်းရွှေ့ဖို့ သားဖြစ်သူ သဘောတူညီမှု ရပြီဆိုတဲ့ သတင်း တွေကို ငြင်းဆန်လိုက်ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ လာမယ့်ရာသီအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးဘူးလို့ ပြောလိုက်ပါတယ်။
ဂျော့ချ်မက်ဆီက “လာမယ့်နှစ် ရာသီအတွက် ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးပါဘူး။ လီယွန်နယ်က ပီအက်စ်ဂျီနဲ့ လိဂ်ပြိုင်ပွဲ မပြီးဆုံးမချင်း ဆုံးဖြတ်ချက်ချမှာ မဟုတ်ပါဘူး။ ရာသီကုန်ပြီးမှသာ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်မှာပါ။ အမှန်တရားကတော့ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရဘူးဆိုတာကို အာမခံနိုင်ပါတယ်။ ရာသီအကုန်ထိ နှုတ်နဲ့ပဲဖြစ်ဖြစ်၊ လက်မှတ်ထိုးတာနဲ့ သဘောတူညီမှုတွေက ရှိမှာမဟုတ်ဘူး”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မက်ဆီဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ပေါင် ၅၂၂ သန်းတန်ကြေးရှိ ကြီးမားတဲ့ စာချုပ်ကို လက်မှတ်ထိုးမယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပြီးနောက် ဖခင်ဖြစ်သူက ဒီသတင်းတွေကို ငြင်းဆန်ရင်း ကြေညာ ချက် ချက်ချင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းကလည်း ဆော်ဒီကလပ်ကို မက်ဆီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် သူတို့နှစ်ဦး ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနွေရာသီ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမယ်လို့ ပြောခဲ့ ပါတယ်။
မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ မကြာသေးခင် ရက်ပိုင်းအတွင်းက ဆော်ဒီနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့တာမှာ အသင်းရဲ့ ခွင့်ပြုချက်မရဘဲ သွားရောက်ခဲ့လို့ ၂ ပတ်ကြာဆိုင်းငံ့တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ သတင်းတွေ ဟာ ပိုပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အခုအချိန်မှာ အသင်းကို တောင်းပန်မှု ပြုလုပ်ခဲ့လို့ ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လုပ် နေခဲ့ပေမယ့် စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ထွက်ခွာဖို့ သေချာသလောက် ရှိနေတာပါ။
ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီကို ပြန်လည်ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာအသင်းက ပြင်းပြင်းထန် ထန် ချိတ်ဆက်နေပြီး လာလီဂါနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါအပြင် ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့ ဆော်ဒီကလပ် အသင်းတွေကလည်း မက်ဆီကို အခုရာသီအကုန်မှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၇၁ ပွဲ ပါဝင်ကစားထားပြီး ၃၁ ဂိုး သွင်းယူထားကာ ဒီရာသီမှာ အသင်းနဲ့အတူ ပြင်သစ်လီဂူးဝမ်း ဆုဖလား ရယူနိုင်ဖို့ ရှိနေပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 834
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၁၀
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ သူတို့အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ တိုက်ပွဲဝင်နိုင်ခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ခံစားချက်နဲ့ ဒုတိယအကျော့ကို သွားမှာပါ။ဒီရလဒ်က ကွင်းထဲမှာ လုပ်ဆောင်ခဲ့တဲ့အရာ အတွက် ဆုအနေနဲ့ မဖြစ်ခဲ့ပါဘူး။ဒါကြောင့် ဒီပွဲက နောက်ဆုံးမိနစ်အထိ သွားရတော့မှာပါ။သူတို့ဟာ ပထမပိုင်း မိနစ် ၃၀ မှာ ဘောလုံးပိုင်ဆိုင်မှုပိုရခဲ့ပေမယ့် ကျနော်တို့ စိတ်မပူပါဘူး။ကျနော်တို့ဟာ ဒီပွဲမှာ နိုင်ပွဲရသင့်ခဲ့ပေမယ့် ခံစားချက်တွေက ကောင်းပါတယ်” လို့ Movistar Plus ကို ပြောခဲ့တာပါ။
ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပွဲချိန် ၃၆ မိနစ်မှာ ဗီနီစီးယက်စ်က ရီးရယ်လ်အတွက် ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့ ပေမယ့် ၆၇ မိနစ်မှာ ဒီဘရိုင်းက ချေပဂိုးပြန်သွင်းခဲ့လို့ တစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ပထမ အကျော့မှာ ရလဒ်မပြတ်သားခဲ့တာကြောင့် ဒုတိယအကျော့ အီးတီဟတ်ကွင်းမှာ ကစားမယ့်ပွဲက ၂ သင်းစလုံး အတွက် အဆုံးအဖြတ်ဖြစ်လာမှာပါ။
ဒီပွဲမှာ မန်စီးတီးအသင်း ချေပဂိုးမသွင်းခင် စတင်ခဲ့တဲ့ ဘောလုံးကို ဘာနာဒိုဆေးလ်ဗားရယူချိန်မှာ ဘောလုံးဟာ ဘေးစည်းကျော်နေခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးခွင့်ပြုခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင်လူကြီးကို စောဒက တက်ခဲ့တဲ့ ရီးရယ်လ် နည်းပြ အန်ဆယ်လော့တီဟာ အဝါကတ် ပြသခံခဲ့ရပါတယ်။ အန်ဆယ်လော့တီဟာ ဒီ ဖြစ်ရပ်အပေါ် ဒေါသထွက် နေခဲ့ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။
အန်ဆယ်လော့တီက “ဘောလုံးက ဘေးစည်းကို ကျော်သွားပါပြီ။ ဒီမတိုင်ခင်ကလည်း ကျနော်တို့ရမယ့် ထောင့် ကန်ဘောကို သူမမြင်လို့ မပေးခဲ့ပါဘူး။ဘောလုံးက ဘေးစည်းကျော်နေတယ်ဆိုတာကို BeIN Sports က ပြသ ထားတဲ့ ပုံတွေမှာ ရှင်းရှင်းလင်းလင်းကို မြင်တွေ့ရပါတယ်။သူတို့က ဒါကို မမြင်တွေ့ရတာတော့ ထူးဆန်းပါ တယ်။သူက ကျနော့်ကိုတောင် အဝါကတ်ပြသခဲ့ပါသေးတယ်။ကွင်းထဲမှာရှိတဲ့ ကစားသမားအချို့ကို အဝါကတ် ပြသရမှာဖြစ်ပေမယ့် ဒိုင်လူကြီးက သိပ်ပြီး အာရုံစူးစိုက်မှုမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမတိုင်ခင် မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်၊ ရီးရယ်လ်အသင်းက ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 633
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
ဘရိုက်တန်နည်းပြ ဒီဇာဘီက အဲဗာတန်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး လာမယ့် အပတ်မှာ ဘရိုက်တန် အစစ်အမှန်ကို မြင်တွေ့ရမယ်လို့ အာဆင်နယ်အသင်းကို သတိပေးလိုက်ပါတယ်။
ဒီဇာဘီက “ဒီပွဲက ဘရိုက်တန်က အစစ်အမှန် မဟုတ်ပါဘူး။ ဆိုးရွားတဲ့ နေ့တစ်နေ့ပါပဲ။ အချိန်အနည်းငယ် အတွင်းမှာ ပွဲတွေ အများကြီး ကစားရတာလည်း ခက်ခဲပါတယ်။ ဒါပေမယ့် ဒီရလဒ်အတွက် ကျနော့်မှာ တာဝန် ရှိပါတယ်။ ရည်မှန်းချက် ကြီးကြီးမားမားနဲ့ တိုက်ပွဲဝင်ချင်တယ်ဆိုရင် နောက်တစ်ပွဲကစားဖို့ ကျနော်တို့ အဆင် သင့် ဖြစ်နေရပါမယ်။ ဒီပွဲမှာ ကျနော်တို့ အမှားအယွင်းတွေ လုပ်ခဲ့တာကြောင့် တိုးတက်ရပါမယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကျနော်တို့ရဲ့ အရည်အသွေးကို ပြသရပါမယ်။ ဒီပွဲမှာ ဘရိုက်တန် အစစ်အမှန်ကို မြင်တွေ့ရမယ် လို့ ကျနော်ထင်ကြောင်း” ပြောပါတယ်။
ဘရိုက်တန်အသင်းဟာ တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်အသင်းနဲ့ ပွဲမှာ ဂိုးပြတ် အရေး နိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့် ရည်မှန်းချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။
အဲဒါကြောင့် နည်းပြ ဒီဇာဘီက လာမယ့် အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ သူတို့ရဲ့ စွမ်းဆောင် ရည်ကို ပြန်လည် မြှင့်တင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့တာပါ။
အာဆင်နယ်နဲ့ ဘရိုက်တန် ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ မန်စီးတီး အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၁ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေဟာ မပြီးဆုံးသေးဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘရိုက်တန် အသင်းကတော့ အီးမရိတ်စ်ကွင်းမှာ လာရောက် ကစားရမယ့် ဒီပွဲစဉ်မှာ အာဆင်နယ် အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်တွေကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဘရိုက်တန်အသင်းဟာ အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ပွဲကျန်ကစားဖို့ ၂ ပွဲ ကျန်ရှိနေသေးတဲ့အတွက် ဥရောပဝင်ခွင့် တစ်နေရာရဖို့အတွက် မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 592
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၉
မြန်မာအသင်းကို အရေးနိမ့်ခဲ့တဲ့ ဆီးဂိမ်းစ်အုပ်စုပွဲအပြီးမှာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့တဲ့ ကမ္ဘော ဒီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆိုခဟာ နိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် သူ့ရဲ့ရာထူးမှာ ဆက်ပြီးရှိနေတော့မယ်လို့ ပြောလိုက်ပါတယ်။
ဆိုခက “ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ တောင်းဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။ဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားက ဘောလုံး ပရိသတ်အားလုံးရဲ့ ယုံကြည်မှုကို တုန့်ပြန်တဲ့အနေနဲ့ ဘောလုံးကဏ္ဍအားလုံးကို ပြုပြင်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်လုပ်ဆောင်ကြဖို့ ကလပ်အသင်းအားလုံးကို တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ကမ္ဘောဒီးယားအသင်းဟာ ဆီးဂိမ်းစ်အုပ်စုတတိယပွဲစဉ်မှာ မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အုပ်စုတွင်းတတိယနေရာကို ရောက်ရှိခဲ့တာကြောင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူက ဒီတာဝန်ကိုယူတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်မယ်လို့ မေလ ၇ ရက်က ပြောခဲ့တာဖြစ်ပါတယ်။သူဟာ အရင်ကတည်းက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ကမ္ဘောဒီးယားအနေနဲ့ ဆီမီးဖိုင်နယ်မတက်ရောက်နိုင်ခဲ့ရင် ရာထူးကနေ နုတ်ထွက်မယ်လို့ ကတိပေးထားတာပါ။
ဒါပေမယ့် အစိုးရကိုယ်စား နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူ ဟွန်ဆန်က ဆိုခရဲ့ လမ်းညွှန်မှုအောက်မှာ ကမ္ဘောဒီးယား ဘောလုံးလောကဟာ တဖြည်းဖြည်းတိုးတက်လာတယ်လို့ ပြောခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းဖို့ ပြောခဲ့ တာဖြစ်ပါတယ်။အဲဒါကြောင့် ဆိုခဟာ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီးတာဝန်ယူရတော့မှာပါ။
ကမ္ဘောဒီယားအသင်းဟာ ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ အုပ်စုကနေ ဆီမီးဖိုင်နယ်တက်နိုင်ဖို့အတွက် နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ပွဲမှာ အနိုင်ရလဒ်ရယူရမှာဖြစ်သလို၊ မြန်မာအသင်းကလည်း ဖိလစ်ပိုင်အသင်း ကို အရေးနိမ့်မှရမှာဖြစ်ပါတယ်။အဲဒါကြောင့် ကမ္ဘောဒီးယားအသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးနေတာပါ။
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၃၂ ကြိမ်မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲကို မေလ ၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Source : ChannelNewsAsia