
- By CNI
- Category: အားကစား
- Hits: 848
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဥရောပပြန်မယ့် သတင်းတွေကို ငြင်းဆန်လိုက်ပြီး အယ်လ်နာဆာမှာ ပဲ ဆက်ရှိမယ်လို့ အတည်ပြုခဲ့ပါတယ်။
ရော်နယ်ဒိုက “ကျနော်ဒီမှာ ပျော်ရွှင်ပြီး ဆက်သွားချင်ပါတယ်။ ကျနော်ဒီမှာ ဆက်ရှိမှာပါ။ လာမယ့် ရာသီမှာ ကျနော်တို့ အသင်းဟာ ပိုပြီးကောင်းမွန်လာမှာပါ။ နောက်ဆုံး ၅ လနဲ့ ၆ လအတွင်းမှာ ကျနော်တို့ဟာ တိုးတက် လာခဲ့ပြီး မကြာခင်မှာ ဆုဖလားတွေရယူနိုင်မယ်ဆိုတာကို ကျနော်ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အယ်လ်နာဆာ အသင်း ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းအတွက် ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၆ ပွဲ ပါဝင် ကစား ခဲ့ပြီး ၁၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အသင်းကို အမှတ်ပေး ချန်ပီယံဆု ရရှိအောင် မကူညီပေးနိုင်ခဲ့ပါဘူး။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ ဒုတိယနေရာသာ ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်အီးတီ ဟတ် အသင်းနဲ့ ၅ မှတ် ကွာဟခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက ထွက်ခွာပြီး ဥရောပကို ပြန်သွားဖွယ်ရှိတယ်လို့ မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ကစားသမားကတော့ ဆော်ဒီကလပ်မှာပဲ ဆက်ရှိမယ်လို့ ပြောခဲ့တာပါ။
ရော်နယ်ဒို အောင်ပွဲခံနေစဉ်
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက နာမည်ကျော် ထိပ်တန်း ကစားသမားတွေကို ဆော်ဒီလိဂ်ကနေ ကြိုဆိုတယ်လို့လည်း ပြောခဲ့ပါသေး တယ်။
ရော်နယ်ဒိုက “သူတို့တွေကို ကြိုဆိုပါတယ်၊ လိဂ်က တိုးတက်လာမှာပါ။ လက်ရှိ အချိန်မှာလည်း အံ့သြစရာ ကောင်းတဲ့ နိုင်ငံခြားသား ကစားသမားတွေနဲ့ အာရပ်ကစားသမားတွေ ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
ဆော်ဒီလိဂ်ဟာ လက်ရှိအချိန်မှာ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဘန်ဇီမာ၊ ဘတ်စ်ကွက်၊ မိုဒရစ် အစရှိတဲ့ ကစားသမားတွေကို ငွေကြေး အများအပြားပေးပြီး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
ဘန်ဇီမာဟာ ဆော်ဒီကလပ် အယ်လ်အီးတီဟတ်အသင်းကို ပြောင်းဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမားကတော့ ရီးရယ်လ်အသင်းမှာပဲ ဆက်ရှိဖွယ်ရှိတယ်လို့ ပြောထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 735
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂
ယူနိုက်တက်အသင်းဟာ Forbes စီးပွားရေးဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအရှိဆုံးအသင်းအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Forbes က ထုတ်ပြန်ခဲ့တဲ့ စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ စပိန်လာလီဂါထိပ်သီး ရီးရယ်လ်အသင်းက ဒေါ်လာ ၆.၀၇ ဘီလီယံနဲ့ ရှိနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းက ဒေါ်လာ ၆ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေတာပါ။ ထိပ်ဆုံး ၂ သင်းဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၆ ဘီလီယံ အထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ သင်းထဲမှာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ စပါးနဲ့ အာဆင်နယ်အသင်းတို့လည်း ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းကို ဂလေဇာမိသားစုက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်မ်နဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့က ဝယ်ယူဖို့ လေလံ တင်သွင်းထားခဲ့ကြတာပါ။ ရီးရယ်လ်အသင်းဟာ သူတို့ရဲ့ တန်ဖိုးကို ၁၉ ရာခိုင်နှုန်း တိုးမြှင့်စေခဲ့ပြီး နောက် ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်ခဲ့တာဖြစ်ပြီး ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းကတော့ ဒေါ်လာ ၅.၅၁ ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Forbes ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းတွေရဲ့စာရင်းကို စတင်ထုတ်ပြန်ခဲ့တဲ့ ၂၀၀၄ က စတင်ပြီး ရီးရယ်လ်နဲ့ယူနိုက်တက်အသင်းတို့ဟာ နှစ်စဉ်ထိပ်ဆုံး ၅ သင်းထဲမှာ ရပ်တည်ခဲ့တာပါ။ ဆော်ဒီ ကျောထောက်နောက်ခံနဲ့ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့ နယူးကာဆယ်အသင်းရဲ့ တန်ဖိုး ဟာ ၅၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ဒေါ်လာ ၇၉၄ သန်းနဲ့ အဆင့် ၂၂ နေရာအထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းတို့ဟာ ဒေါ်လာ ၄.၈၆ ဘီလီယံ၊ ဒေါ်လာ ၄.၂၁ ဘီလီယံနဲ့ နံပတ် ၆ ၊ နံပတ် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 844
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဆီဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ ရရှိခဲ့တဲ့ ငွေတံဆိပ် ဆုတံဆိပ်ကို လူအုပ်ကြီးရှိ ကလေးတစ်ဦးထံ ပစ်ပေးသွားခဲ့ပါတယ်။
မော်ရင်ဟိုက “ဒါကို ကျနော်လုပ်ခဲ့တာပါ။ ကျနော် ငွေတံဆိပ်တွေကို မလိုချင်ပါဘူး။ ငွေတံဆိပ်တွေ ကိုလည်း မသိမ်းထားချင်ပါဘူး။ ဒါကြောင့် ကျနော်ပေးလိုက်တာပါ”လို့ ပြောခဲ့တာပါ။
ဇွန်လ ၁ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဆီဗီလာအသင်းက ရိုးမားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ပွဲချိန်အတွင်းမှာ ၁ ဂိုးစီ သရေကျခဲ့လို့ အချိန်ပို ဆက်ကစားတာမှာလည်း ဂိုးမသွင်း နိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာ ဆီဗီလာအသင်းက ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ချန်ပီယံဆုကို ၇ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
ဆီဗီလာအသင်း ဖလားရသွားစဉ်
ဆီဗီလာအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲတက်တဲ့ ၇ ကြိမ်စလုံး ဗိုလ်စွဲနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ပြီး ထိန်းသိမ်း နိုင်ခဲ့ပေမယ့် မော်ရင်ဟိုကတော့ ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲမှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုး နည်းပြဟာ ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ အရင် ၅ ကြိမ်စလုံး ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ယူရိုပါလိဂ် ဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဆီဗီလာနဲ့ အတွေ့မှာ သူ့ရဲ့ မှတ်တမ်းကောင်း ရပ်တန့် သွားခဲ့ရတာပါ။
မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ အထိ ရှိနေသေးပေမယ့် သူ့ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း အပါအဝင် အသင်းတချို့ရဲ့ ပစ်မှတ်ထားခြင်း ခံနေရပါတယ်။
မော်ရင်ဟိုက “ကျနော်ဟာ အခြားကလပ် တစ်သင်းသင်းက အဆက်အသွယ် ပြုလုပ်တာခံရရင် အသင်း ပိုင်ရှင်တွေကို ပြောမယ်လို့ လွန်ခဲ့တဲ့လ အနည်းငယ်က ပြောခဲ့ဖူးပါတယ်။ ကျနော် လျှို့ဝှက်ထားမှာ မဟုတ်ပါဘူး။ ပေါ်တူဂီက ကျနော့်ကို ဒီဇင်ဘာလတုန်းက မေးခဲ့ချိန်မှာလည်း အသင်းကို ပြောခဲ့ပါတယ်။ အခု အချိန်ထိတော့ ကျနော်နဲ့ စကားပြောတဲ့ အသင်းမရှိသေးပါဘူး။ ဗိုလ်လုပွဲ ၅ ကြိမ် အနိုင်ရပြီး ဒီတစ်ကြိမ် အရေးနိမ့်ခဲ့ပေမယ့် ကျနော်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့တာပါ။
အခုနှစ်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာအသင်းဟာ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 799
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
ဘန်ဇီမာဟာ ဆော်ဒီကလပ် အယ်လ်အီးတီဟတ်အသင်းက ကြီးမားတဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်ဆိုပြီး ရီးရယ်လ်အသင်းကို အသိပေးခဲ့တယ်လို့ သိရပါတယ်။
ဘန်ဇီမာဟာ ဆော်ဒီပရိုလိဂ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး အခုရာသီအကုန်မှာ ကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ ရီးရယ်လ်အသင်းထံ အသိပေးခဲ့ကြောင်း Foot Mercato က ဖော်ပြခဲ့ ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်းဟာ ယူရိုသန်း ၄၀၀ ရရှိမယ့် ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု ခံထားရတာ ဖြစ်ပါတယ်။
ဒီကမ်းလှမ်းမှုထဲမှာ ဘန်ဇီမာဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဆော်ဒီနိုင်ငံက ကျင်းပနိုင်ဖို့အတွက် သံတမန်အဖြစ် ဆောင်ရွက်ရမှာလည်း ပါဝင်ပါတယ်။
ဆော်ဒီနိုင်ငံဟာ နာမည်ကြီး ကစားသမား အများအပြားကို နိုင်ငံအတွင်း ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး မကြာ သေးခင်က ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုကို အယ်လ်နာဆာအသင်းက ခေါ်ယူနိုင်ခဲ့ပါတယ်။
အခုအချိန်မှာ ဘန်ဇီမာအပြင် မက်ဆီကိုလည်း ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။
ဘန်ဇီမာကို တွေ့ရစဉ်
ဆော်ဒီပရိုလိဂ် အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်ဟီလယ်အသင်းဟာ မက်ဆီကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ရီးရယ်လ် အသင်းနဲ့အတူ ချန်ပီယံလိဂ် ၅ ကြိမ် အပါအဝင် ဆုဖလား အများအပြားကို ရရှိထားပြီး မနှစ်က ရာသီက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဘောလွန်းဒီအောဆုကို ရယူထား တာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ဒီရာသီမှာ ရီးရယ်လ် အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားပြီး ဂိုး ၃၀ သွင်းယူကာ ကိုပါဒယ်ရေးဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
စပိန်ကလပ်က သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူးဖြစ်တဲ့ ဘန်ဇီမာကို အနည်းဆုံး တစ်ရာသီအသင်းမှာ ဆက်ရှိအောင် ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းဖွယ်ရှိပေမယ့် ကစားသမားဘက်ကတော့ ငွေကြေးပမာဏ အများကြီးရမယ့် ဆော်ဒီကို သွားရောက်ချင်နေတာပါ။
ဘန်ဇီမာကို ခေါ်ယူမယ့် အယ်လ်အီးတီဟတ်အသင်းဟာ အခုနှစ်ရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁
ကိုဆိုဗိုအိုလံပစ် အာဏာပိုင်တွေဟာ ဆားဘီးယား တင်းနစ် အကျော်အမော် ဂျိုကိုဗစ်ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ထံ တောင်းဆိုခဲ့ပါတယ်။
ကိုဆိုဗိုအိုလံပစ် ကော်မတီဥက္ကဋ္ဌ အစ်စ်မတ်က “ဂျိုကိုဗစ်ဟာ ဆားဘီးယား အမျိုးသားရေးဝါဒီတွေရဲ့ ဝါဒဖြန့်မှုကို ထပ်မံမြှင့်တင်ပေးခဲ့ပြီး ဒီလိုလုပ်ဆောင်ဖို့အတွက် အားကစား ပလက်ဖောင်းကို အသုံးပြုခဲ့ပါတယ်။ ပွဲအပြီး ပြောကြားချက်တွေဟာ နှစ်နိုင်ငံအကြား တင်းမာမှုနဲ့ အကြမ်းဖက်မှု မြင့်တက်လာခြင်းတို့ကို တိုက်ရိုက် ဖြစ်ပေါ် သွားစေနိုင်ပါတယ်”လို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ဂျိုကိုဗစ်က ကိုဆိုဗိုဟာ ဆားဘီးယားရဲ့ နှလုံးသားဖြစ်တယ်လို့ ပြောခဲ့ပြီးနောက် ကိုဆိုဗို အိုလံပစ်ကော်မတီက အခုလို ပြောလာတာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်ဟာ မေလ ၂၉ ရက်က ဒီမက်ဆေ့ချ်ကို ကင်မရာ မှန်ဘီလူးပေါ်မှာ ရေးသားခဲ့တာဖြစ်ပြီး အဲဒီနေ့မှာ နေတိုးအဖွဲ့နဲ့ ဆာ့ဘ်ဆန္ဒပြသူတွေ ကိုဆိုဗိုမြို့ ဇဗီကန်မှာ ထိပ်တိုက် တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်ရဲ့ ဖခင် ကြီးပြင်းခဲ့တဲ့ ဒီမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဆန္ဒပြသူ ၅၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆားဘီးယား အာဏာပိုင်တွေက ပြောခဲ့တာပါ။
ကိုဆိုဗိုမှာ ဆာ့ဘ်လူမျိုးတွေနဲ့ နေတိုးဦးဆောင်တဲ့ KFOR တပ်ဖွဲ့ အဓိကရုဏ်းဖြစ်နေစဉ်
ဆာ့ဘ်တွေက သပိတ်မှောက်တဲ့ ရွေးကောက်ပွဲတွေအပြီးမှာ ကိုဆိုဗိုမြောက်ပိုင်း ဆာ့ဘ်လူမျိုး အများစု နေထိုင်တဲ့ နယ်မြေမှာ အယ်လ်ဘေးနီးယားလူမျိုး မြို့တော်ဝန်တွေ တက်လာပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်ကတော့ ဘယ်လို ပဋိပက္ခမျိုးကိုမဆို ဆန့်ကျင်တယ်လို့ နောက်ပိုင်းမှာ ပြောခဲ့ပြီး သူ့ရဲ့ ကြေညာမှုကို ကာကွယ်ခဲ့တာပါ။
ကိုဆိုဗိုမှာ စစ်သား ၄,၀၀၀ ခန့်ရှိတဲ့ နေတိုးအဖွဲ့ဟာ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ တပ်ဖွဲ့ဝင် ၇၀၀ ကို ထပ်မံ စေလွှတ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မငြိမ်မသက်မှုတွေဟာ ပိုပြီး ပြင်းထန်လာတဲ့အတွက် အခြားတပ်ရင်းတွေကိုလည်း တပ်လှန့် ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 718
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန် ၁
အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုနဲ့ ဂန္တဝင်တိုက်စစ်မှူး ရှက်ဖ်ချန်ကိုတို့ဟာ သြဂုတ်လ ၅ ရက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားမယ့် Game4Ukraine ပရဟိတပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်မယ်လို့ သိရပါတယ်။
ရုရှားက နိုင်ငံအတွင်း ကျူးကျော်ပြီးနောက် ဒုံးကျည်တွေ ထိမှန်ခဲ့တဲ့ ယူကရိန်းရှိ စာသင်ကျောင်းများ ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေပွဲအဖြစ် ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇာလန်းစကီးက မေလ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ရှက်ဖ်ချန်ကိုဟာ ယူကရိန်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်ပြီး နိုင်ငံရဲ့ နည်းပြအဖြစ် ၅ နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းမှာ ကစားနေတဲ့ ဇင်ချန်ကိုကတော့ လက်ရှိ ယူကရိန်း လက်ရွေးစင်အသင်းရဲ့ အသင်း ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒီပရဟိတပွဲကို ၂၀၂၃-၂၄ ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင်မှာ ကျင်းပ သွားမှာပါ။
ဇင်ချန်ကိုနဲ့ ရှက်ဖ်ချန်ကို ကိုတွေ့ရစဉ်
အသက် ၂၆ နှစ်အရွယ်ရှိ ဇင်ချန်ကိုက “ဒီပရဟိတပွဲဟာ အပျက်အဆီးတွေကြားမှာ ကလေးတွေရဲ့ စာသင် ကျောင်းတွေ ပြန်တည်ဆောက်နိုင်ဖို့အတွက် ရန်ပုံငွေ ရှာဖွေနိုင်ဖို့ ရည်ရွယ်တာပါ။ သူတို့က ဒီကျောင်းကို လိုအပ်ပြီး ဖခင်တစ်ဦးအနေနဲ့ ယူကရိန်းကလေးတိုင်းရဲ့ နာကျင်မှုကို မျှဝေပြီး ခံစားရပါတယ်။ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ တခြားထိပ်တန်း အသင်းတွေကနေ ကွင်းထဲမှာ ကြီးကျယ်တဲ့ ကစားသမားတွေ အများကြီးကို တွေ့ရမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီပွဲက ရရှိတဲ့ ငွေကြေးတွေဟာ ချာနီဟစ်ဗ်အောဘလတ်စ်ရှိ Mykhailo-Kotsiubynsky Lyceum ရောက်ရှိမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 700
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖရန့်ဖတ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲမှာ ထိတ်လန့်စရာ အဖြစ်အပျက် ဖြစ်ခဲ့ပြီး ဆယ်ကျော်သက် ကစားသမားတစ်ဦးဟာ ပြိုင်ဘက်နဲ့ ရန်ဖြစ်ပြီးနောက် သေဆုံး သွားခဲ့ပါတယ်။
JFC ဘာလင်အသင်းမှာ ကစားနေတဲ့ အသက် ၁၅ နှစ်အရွယ်ရှိ ကစားသမားဟာ မတ်ဇ်လူငယ် အသင်း က ကစားသမားတစ်ဦးနဲ့ ပွဲအပြီးမှာ ရန်ဖြစ်ခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ်ကြောင့် အသက် ၁၅ နှစ်အရွယ်ရှိ ကစားသမားဟာ ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာ ရရှိသွား ခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။
ဂျာမန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ “တနင်္ဂနွေနေ့က ရန်ဖြစ်ခဲ့မှုကြောင့် အသက် ၁၅ နှစ်အရွယ်ရှိ ကောင်လေးတစ်ဦးဟာ ဦးနှောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးသွားခဲ့ပါတယ်။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့အတွက် လာမယ့် ရက်ပိုင်းအတွင်းမှာ အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးသွား မယ်”လို့ ဖော်ပြခဲ့ပါတယ်။
ဘောလုံးကွင်း တစ်ခုကိုတွေ့ရစဉ်
ဂျာမန်က NW သတင်းမှာတော့ ပွဲအပြီး နှစ်ဘက်အသင်းကြား ရန်ပွဲဖြစ်ပွားခဲ့တာမှာ မတ်ဇ်ကစားသမား တစ်ဦးဟာ သေဆုံးသွားခဲ့တဲ့ ကစားသမားရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို ထိခိုက်အောင် လုပ်ခဲ့တာကြောင့် ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာ ရသွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဂျာမန်တရားရေးဌာနက ဒီအမှုကို ကိုင်တွယ်နေပြီး ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
မတ်ဇ်လူငယ်အသင်းရဲ့ ကစားသမားကတော့ ဂျာမန်အာဏာပိုင်တွေနဲ့အတူ ရှိနေပြီး သေဆုံးသွားတဲ့ ကစားသမားကို တမင်ထိခိုက်အောင် လုပ်ဆောင်လိုစိတ် မရှိခဲ့ဘူးလို့ ပြောထားပါတယ်။
ရဲတပ်ဖွဲ့က အမည်မဖော်လိုတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မတ်ဇ်လူငယ် ကစားသမားကို စခန်းမှာ ထိန်းသိမ်း ထားပါတယ်။
အခုအချိန်မှာ စုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1050
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၃၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ လိဂ်မန်နေဂျာများ အစည်းအရုံး(LMA)နဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ၂ ဆုကို ရရှိသွားခဲ့ပါတယ်။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၃ နှစ်ဆက်တိုက် ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီးနောက် အခုလိုဆု ၂ ဆုကို ရရှိခဲ့တာပါ။
စပိန်လူမျိုး နည်းပြဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ၄ ကြိမ်မြောက် ရယူ နိုင်ခဲ့တာဖြစ်ပြီး လိဂ်မန်နေဂျာများအစည်းအရုံးက ပေးတဲ့ဆုကိုတော့ ၃ ကြိမ်မြောက်အဖြစ် ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ ဒီဆု ၂ ဆုစလုံးကို ၂၀၂၁ နောက်ပိုင်းမှ ပထမဆုံးအကြိမ် ပြန်လည် ရယူနိုင်ခဲ့တာပါ။
ဂွာဒီယိုလာက “ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရယူနိုင်ခဲ့တဲ့အတွက် ကျနော် ဝမ်းမြောက်မိ ပါတယ်။ ပြီးတော့ ဒီဆုဖလားကို ရခဲ့တာက မယုံနိုင်ဖွယ်ကောင်းတဲ့ ဂုဏ်ယူ စရာပါ။ ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်မှာ ရှိနေပြီး လာမယ့်ရာသီမှာလည်း ဒီလိုမျိုးပဲ ဆက်ပြီး ရှိနေမယ်ဆိုတာကို ကျနော် ကတိပေးပါတယ်”လို့ ပြောခဲ့ပါတယ်။
ကွန်ပနီကို တွေ့ရစဉ်
ဒီရာသီ ပရီးမီးယားလိဂ်ဖလား ရရှိထားပြီးဖြစ်တဲ့ မန်စီးတီးအသင်းဟာ နောက်ထပ် ဆုဖလားတွေဖြစ်တဲ့ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလား ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဆုဖလား ၃ လုံး ရယူနိုင်မယ့် အိပ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ ရှိနေတာပါ။
မန်စီးတီးအသင်းဟာ စနေနေ့မှာ ယူနိုက်တက်အသင်းနဲ့ FA ဖလား ဗိုလ်လုပွဲ၊ ဇွန်လ ၁၀ ရက်မှာ အင်တာ မီလန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အင်္ဂလန်ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုတော့ ဘန်လေအသင်း နည်းပြ ကွန်ပနီက ရရှိခဲ့ပါတယ်။
ကွန်ပနီဟာ သူကိုင်တွယ်တဲ့ ပထမဆုံး ရာသီမှာတင် ဘန်လေအသင်းကို ချန်ပီယံရှစ် ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ဦးဆောင် ပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။
လိဂ်ဝမ်းတစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ပလိုင်းမောက်နည်းပြ ရှုးမာကာနဲ့ လိဂ်တူးနည်းပြဆုကို လေတန်အော်ရီးယန့် အသင်းနည်းပြ ဝဲလ်လန်းစ်က ရရှိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီး စူပါလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံဆု ရယူနိုင်အောင် ကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြ ဟေးရက်စ်က ဒီပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 989
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၃၁
မော်ရင်ဟိုက သူ့ရဲ့ နည်းစနစ်တွေကို လူတွေက မေးခွန်းထုတ်ပြီး ဝေဖန်နေတာကို ဂရုမစိုက်ဘူးလို့ ဆီဗီလာနဲ့ ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲ မတိုင်ခင် ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “ဝေဖန်မှုတွေကို ကျနော် ဂရုမစိုက်ပါဘူး။ ကျနော် ဘာလုပ်ပေးရမလဲ၊ လူတိုင်းနဲ့ တိုက်ခိုက်ရမှာ လား၊ ဒါကို ကျနော် မလုပ်နိုင်ပါဘူး။ ကျနော် အကောင်းဆုံးတွေကို ပေးဖို့အတွက် အလုပ်ကို ကြိုးစားပြီး လုပ်နေ ပါတယ်။ ကျနော့်မှာ သမိုင်းကြောင်းရှိပါတယ်။ ဒါကို ဘယ်သူကမှ ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒါက ကျနော့်ရဲ့ ဘဝ ဒဿနပါပဲ။ ဗိုလ်လုပွဲမှာ ကျနော်တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားပြီး အနိုင်ရအောင် လုပ်ဆောင်သွားမှာပါ” လို့ BT Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ရိုးမားအသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ လေဗာကူဆင် အသင်းနဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု စံချိန်တင် ၂၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ခံစစ်ကို အကောင်းဆုံး ကစားကာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းကိုတွေ့ရစဉ်
အဲဒါကြောင့် မော်ရင်ဟိုရဲ့ နာမည်ကြီး ခံစစ်နည်းစနစ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် ပေါ်တူဂီ လူမျိုး နည်းပြက ဒါကို ဂရုမစိုက်ပါဘူး။
မော်ရင်ဟိုဟာ ရိုးမားအသင်းကို ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီးနောက် အခုနှစ်မှာလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့တာကြောင့် ၂ နှစ်ဆက်တိုက် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ခွင့် ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ဒီဗိုလ်လုပွဲဟာ မော်ရင်ဟိုအတွက် ၆ ကြိမ်မြောက် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲဖြစ်ပြီး အရင် ၅ ကြိမ်စလုံးမှာ ဗိုလ်စွဲခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။
မော်ရင်ဟိုက “ကျနော်တို့ဟာ ကြောက်ရွံ့တာ မရှိပါဘူး။ ကျနော်တို့ရဲ့ အရည်အသွေးတွေနဲ့ ပြဿနာတွေကို ကျနော်တို့ သိပါတယ်။ ကျနော်တို့ဟာ ဒီပြဿနာတွေကို ဖုံးကွယ်ပြီး အားသာချက်တွေနဲ့ ကစားနေပါတယ်။ ကျနော်တို့ဟာ အလွန်တောင့်တင်းတဲ့ အစုအဖွဲ့ဖြစ်ပြီး ဒီကောင်လေးတွေက ဗိုလ်လုပွဲမှာ ကစားဖို့ အလွန် ထိုက် တန်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဆီဗီလာနဲ့ ရိုးမားအသင်းတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်ရှိ Puskas Arena မှာ ဇွန်လ ၁ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Euro Sport

- By CNI
- Category: အားကစား
- Hits: 956
CNI Sport News
၂၀၂၃ ခုနှစ်၊ မေလ ၃၁
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အသင်းထံ ပြောင်းရွှေ့လာနိုင်ဖို့အတွက် ဖုန်းခေါ်ဆိုပြီး ဆွဲဆောင်ခဲ့တယ်လို့ ဂျာမနီကလာတဲ့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒီကလန်ရိုက်စ်ဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာဖို့ ရှိနေတာပါ။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အတွက် ဒီကလန်ရိုက်စ်ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ပြီး ကြိုးစား နေသလို ယူနိုက်တက်၊ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့အပြိုင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး Sky Sport Germany က နည်းပြဖြစ်သူ တူချယ်လ်ဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုမှုတွေပြုလုပ်ကာ ဘွန်ဒစ်လီဂါကို ပြောင်းရွှေ့လာနိုင်အောင် ဆွဲဆောင်နေတယ်လို့ ဖော်ပြ ခဲ့ပါတယ်။ ဒီကလန်ရိုက်စ်ကတော့ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိဖို့က သူ့ရဲ့ဦးစားပေးဖြစ်ပေမယ့် ဘိုင်ယန် မြူးနစ်ရဲ့ စိတ်ဝင်စားမှုကိုလည်း လမ်းဖွင့်ပြီး ကြိုဆိုထားတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နှစ်ရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာကြောင့် နာမည်ကြီးကစားသမားတွေကို ခေါ်ယူဖို့ ရှိနေပြီး ဒီထဲမှာ ဒီကလန်ရိုက်စ်က ထိပ်ဆုံး နေရာမှာ ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ပိုပြီးအခြေအနေ ကောင်းနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ အမြန်ဆုံးလက်ဦးမှုရယူနိုင်အောင် လုပ်ဆောင် နေတာပါ။
ဘိုင်ယန်မြူးနစ်နည်းပြ တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ချိန်တုန်းက ဒီကလန်ရိုက်စ်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး ကွင်းလယ်ကစားသမားကို ချီးကျူးမှုတွေတောင် ပြုလုပ်ထားတာ ဖြစ်ပါ တယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်ဖို့ ရှိနေပြီး အင်္ဂလန်ကစားသမားကို ပေါင် ၈၆ သန်းနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။ ဝက်စ်ဟမ်းအသင်းကတော့ ဒီကလန်ရိုက်စ်အတွက် ပေါင်သန်း ၁၀၀ အထက် ရရှိနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source:Metro