- By CNI
 - Category: အားကစား
 - Hits: 1296
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၂ ကြိမ် ရရှိထားတဲ့ တင်းနစ်ဂန္ထဝင် ရာဖေးလ်နာဒယ်လ်ဟာ ဒီရာသီကုန်ရင် အနားယူ တော့မယ်လို့ ကြေညာခဲ့ပါတယ်။
ရာဖေးလ်နာဒယ်လ်က “ပရော်ဖက်ရှင်နယ် တင်းနစ်ကနေ အနားယူတော့မယ်ဆိုတာ ခင်ဗျားတို့ကို အသိပေးဖို့ ကျနော် ဒီမှာရှိနေပါတယ်။ ကျနော့်အတွက် ခက်ခဲတဲ့နှစ်တွေဖြစ်ခဲ့ပြီး အထူးသဖြင့် ပြီးခဲ့တဲ့ ၂ နှစ်ပါ။ အကန့် အသတ်တွေမရှိဘဲ ကစားနိုင်မယ်ဆိုတာ ကျနော်မထင်ပါဘူး”လို့ ပြောခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ရာဖေးလ်နာဒယ်လ်ဟာ နိုဝင်ဘာလတွင် ကျင်းပမယ့် Davis Cup Finals ပြိုင်ပွဲမှာ စပိန်နိုင်ငံကို ကိုယ်စားပြုပြီး သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။
စပိန်တင်းနစ် ကစားသမားဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ နှစ်ရာသီမှာ ပွဲအနည်းငယ်သာ ကစားနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အကုန်မှာ အနားယူမယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့တာပါ။
တကယ်လည်း ရာဖေးလ်နာဒယ်လ်ဟာ ဒီရာသီကုန်ရင် သူအနားယူတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ်ကို တွေ့ရစဉ်
မြေစေးကွင်းဘုရင်လို့ လူသိများတဲ့ ရာဖေးလ်နာဒယ်လ်ဟာ ပြင်သစ်အိုးပန်း ချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ် ရယူနိုင်ခဲ့ပြီး Roland Garros မှာကစားတဲ့ အဓိကပွဲပေါင်း ၁၁၆ ပွဲမှာ ၁၁၂ ပွဲအထိ အနိုင်ရရှိခဲ့တာပါ။
ရာဖေးလ်နာဒယ်လ်ဟာ အိုလံပစ်ပြိုင်ပွဲရဲ့တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့သလို Davis Cup ပြိုင်ပွဲမှာ စပိန်အသင်းကို ချန်ပီယံဆု ၄ ကြိမ်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ရာဖေးလ်နာဒယ်လ်က “ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဆုံးဖြတ်ချက်ချဖို့ အချိန်ယူခဲ့ရပါတယ်။ ဒါပေမယ့် ဘဝမှာ အရာအားလုံးဟာ အစနဲ့အဆုံးရှိပါတယ်။ ကျနော်ဟာ ထင်ထားတာထက်ကို အများကြီးလည်း ပိုအောင်မြင်မှု ရရှိခဲ့ပါတယ်။ ကျနော့်ရဲ့ နောက်ဆုံးပြိုင်ပွဲမှာ စပိန်နိုင်ငံကို ကိုယ်စားပြုရမှာဖြစ်လို့ အလွန်စိတ် လှုပ်ရှားပါတယ်”လို့ ပြောခဲ့တာပါ။
၂၀၂၄ Davis Cup Finals ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး စပိန်အသင်းဟာ ကွာတားဖိုင်နယ်အဖြစ် နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
 - Category: အားကစား
 - Hits: 1302
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ဂရိအသင်းဟာ ကွယ်လွန်သွားခဲ့တဲ့ အသင်းဖော် ဘယ်လ်ဒေါ့ခ်အတွက် အရာအားလုံးပေးခဲ့တယ်လို့ တိုက်စစ်မှူး ပါဗလီဒစ်က ပြောခဲ့ပါတယ်။
ပါဗလီဒစ်က “ဘယ်လ်ဒေါ့ခ်ကြောင့် ကျနော်တို့ဟာ အလွန်ထူးခြားတဲ့ပွဲကို ကစားခဲ့ပြီး သူ့အတွက်နဲ့ သူ့ မိသားစုအတွက် ကျနော်တို့ အရာအားလုံးကို ပေးခဲ့ပါတယ်။ ကျနော်တို့ဟာ သူ့အတွက် ကစားရမယ်လို့ ပြောခဲ့ပါတယ်။ သွင်းဂိုးက အရေးမကြီးဘဲ ကျနော်တို့ဟာ သူ့အတွက် ကစားချင်ပြီး သူ့အတွက် အရာအားလုံးကို ပေးခဲ့ပါတယ်”လို့ ITV ကို ပြောခဲ့တာပါ။
ဂရိအသင်းဟာ ယာယီနည်းပြ လီကာစလေ လက်ထက်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိနေတဲ့ အင်္ဂလန်အသင်းကို ဝင်ဘာလေကွင်းမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကို ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာ ဂရိအသင်းအတွက် ၂ ဂိုးစလုံးကို ပါဗလီဒစ်က သွင်းယူခဲ့တာပါ။
ဒီပွဲမတိုင်ခင် တစ်ရက်အလိုမှာ ဗြိတိန်ဖွား ဂရိနောက်ခံလူ ဘယ်လ်ဒေါ့ခ် ကွယ်လွန်ခဲ့တာကို ဂရိကစားသမားတွေ သိရှိခဲ့ကြတာ ဖြစ်ပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဘယ်လ်ဒေါ့ခ်ဟာ အေသင်မြို့တောင်ပိုင်း သူ့ရဲ့နေအိမ်ရှိ ရေကူး ကန်ထဲမှာ ရေနစ်သေဆုံးနေခဲ့တာပါ။

ဂရိအသင်းနဲ့ အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် အင်္ဂလန်နဲ့ ဂရိအသင်းပွဲမတိုင်ခင်မှာ ဘယ်လ်ဒေါ့ခ်အတွက် ဝမ်းနည်းခြင်းအဖြစ် ၁ မိနစ်ကြာ ငြိမ်သက်ခဲ့သလို ကစားသမားတွေဟာ အမည်းရောင် လက်ပတ်တွေကို ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။
ဒီပွဲမှာ ဂရိကစားသမားတွေဟာ ဘယ်လ်ဒေါ့ခ်ရဲ့ ဂျာစီကို ကိုင်မြှောက် အောင်ပွဲခံခဲ့သလို ပါဗလီဒစ်ကလည်း သူ့ရဲ့သွင်းဂိုးကို ဘယ်လ်ဒေါ့ခ်အတွက် ရည်စူးခဲ့တာပါ။
ဂရိအသင်းနည်းပြ ဂျိုဗာနိုဗစ်က သူတို့ဟာ ခက်ခဲတဲ့ ၂၄ နာရီကို ဖြတ်သန်းခဲ့ရပေမယ့် ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ချီးကျူးသွားခဲ့ပြီး ဘယ်လ်ဒေါ့ခ်ဟာ အဝတ်လဲခန်းထဲမှာ သူတို့နဲ့အတူ ရှိနေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဘယ်လ်ဒေါ့ခ်ဟာ ဂရိအသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားခဲ့ပြီး ယူရို ၂၀၂၄ ပလေးအော့ဖ်ပွဲစဉ်မှာ နောက်ဆုံး ပါဝင်ကစားခဲ့တာပါ။
ဂရိအသင်းဟာ အင်္ဂလန်အသင်းကို အနိုင်ရခဲ့တာကြောင့် ကစားပြီးတဲ့ နေးရှင်းလိဂ်ပွဲစဉ် ၃ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
Source: BBC
		- By CNI
 - Category: အားကစား
 - Hits: 1864
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ နော်ဝေအသင်းက ဆလိုဗေးနီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီးနောက် နိုင်ငံအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ နော်ဝေအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဟာလန်းဟာ ပွဲပေါင်း ၃၆ ပွဲကစားအပြီးမှာ ၃၄ ဂိုး သွင်းယူကာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
အရင်က နော်ဝေအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့သူကတော့ ၁၉၂၈ ကနေ ၁၉၃၇ ခုနှစ်အထိကစားခဲ့တဲ့ ဂျူဗီဖြစ်ပြီး ၃၃ ဂိုးနဲ့ စံချိန်တင်ထားတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ အသက် ၂၄ နှစ်အရွယ်ရှိ ဟာလန်းဟာ ဂျူဗီရဲ့စံချိန်ကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ် ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဟာလန်းက “ဒါဟာ ကြီးမားပြီး သမိုင်းဝင်ပါပဲ။ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့တဲ့အတွက် ကျနော်ပျော်ရွှင်ပါတယ်။ ကျနော်ဟာ နှစ်ပေါင်းများစွာကစားဖို့ကျန်ရှိနေပါသေးတယ်။ ဒီပွဲရလဒ်ကိုလည်း ကျေနပ်မိပြီး ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။

ဟာလန်းဟာ ပွဲအပြီးမှာ သူ့ရဲ့ဂျာစီအောက်ထဲ ဘောလုံးကိုထည့်ပြီး ဘယ်ဘက်လက်မစုပ်နေတဲ့ပုံကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာဖြစ်ပါတယ်။
ဒီပုံရဲ့ဘေးမှာ ကလေးပုံအီမိုဂျီနဲ့ မကြာမီလာမည်လို့ ရေးသားခဲ့တာ ကြောင့် သူ့ရဲ့လက်တွဲဖော်ဟာ ကိုယ်ဝန်ရှိနေပြီဆိုပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။
နော်ဝေအသင်းဟာ ဆလိုဗေးနီးယားအသင်းကို အနိုင်ရခဲ့တာကြောင့် နေးရှင်းလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်ရရှိကာ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတာပါ။
ယူရို ၂၀၀၀ နောက်ပိုင်းအဓိကပြိုင်ပွဲတွေနဲ့ ဝေးကွာနေတဲ့ နော်ဝေအသင်းဟာ လာမယ့် ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ခြေစစ်ပွဲအောင်မြင်ဖို့ ပစ်မှတ်ထားနေပါတယ်။ နော်ဝေအသင်းဟာ လာမယ့်နေးရှင်းလိဂ် ပွဲစဉ်အဖြစ် သြစတြီးယားအသင်းနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
 - Category: အားကစား
 - Hits: 1496
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀
ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းကို ကြီးမားတဲ့စာချုပ်နဲ့ ဆော်ဒီ နိုင်ငံထံ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
TEAMtalk က အယ်လ်နာဆာအသင်းဟာ ဒီဘရိုင်းကို ခေါ်ယူနိုင်ဖို့အတွက် တစ်ပတ်လုပ်ခပေါင် ၁ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားတာပါ။
ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း ရရှိနေတာကြောင့် ဒီလစာငွေ ပမာဏဟာ သူ့အတွက် မက်လောက်စရာ ကမ်းလှမ်းမှု ဖြစ်နိုင်ပါတယ်။
ဒီဘရိုင်းဟာ အရင်က အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့အတွက် ဥရောပကနေ ထွက်ခွာဖို့ တွန့်ဆုတ်ခဲ့ဖူးပေမယ့် အယ်လ်နာဆာအသင်းကတော့ သူ့ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။
ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်နွေရာသီဆိုရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

ဒီဘရိုင်းနဲ့အယ်လ်နာဆာအသင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ဒီဘရိုင်းရဲ့ ဒဏ်ရာမှတ်တမ်းနဲ့ အသက်အရွယ်ကြောင့် စာချုပ်သက်တမ်းတိုးဖို့ကို ဆုံးဖြတ်ချက် ချရခြင်းမရှိသေးပါဘူး။
ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး မနှစ်က ရာသီတုန်းက ရာသီဝက်ကျော်မှသာ မန်စီးတီးအသင်း အတွက် ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း မန်စီးတီးအသင်းဟာ ဒီဘရိုင်းရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ ငယ်ရွယ်တဲ့ကစားသမားအချို့ကို ပစ်မှတ်ထားနေတာပါ။
အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုက လာမယ့်နွေရာသီမှာ အသင်းရဲ့အဓိက ဦးစားပေးအဖြစ် ဒီဘရိုင်းကို ခေါ်ယူဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက ကလပ်အသင်း အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဒီဘရိုင်းလို ကစားသမားမျိုး လိုအပ်တယ်လို့ ယုံကြည် နေတာပါ။
ဒီဘရိုင်းကို ခေါ်ယူဖို့ မေဂျာလိဂ်အသင်းသစ် ဆန်ဒီယေဂိုအသင်းကလည်း စိတ်ဝင်စားနေပေမယ့် ဆော်ဒီကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲနိုင်တာဖြစ်ပါတယ်။
Source: Goal
- By CNI
 - Category: အားကစား
 - Hits: 2958
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀
အသင်းလက်မဲ့ဖြစ်နေတဲ့ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ စီးရီးအေပြိုင်ပွဲထံ ပြန်လာကာ သူ့ရဲ့ ကစားသမားဘဝကို အီတလီမှာ ပြန်လည်စတင်ဖို့ ရှိနေပါတယ်။
ဘာလော့တယ်လီဟာ ပြီးခဲ့တဲ့ဇူလိုင်က တူရကီကလပ် ဒီမာစပေါ်အသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းသစ် မရရှိသေးတာပါ။
ဘာလော့တယ်လီဟာ အာရှနိုင်ငံက ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့သလို ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာလော့တယ်လီနဲ့ ကိုရင်သီယန်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားခဲ့တာပါ။
မန်စီးတီး တိုက်စစ်မှူးဟောင်းဟာ အိန္ဒိယစူပါလိဂ် ကလပ်အသင်းတစ်သင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ဒီကလပ်က သူ့ကိုခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဘာလော့တယ်လီကို တွေ့ရစဉ်
လက်ရှိအချိန်မှာတော့ ဂျီနိုအာအသင်းနည်းပြ ဂီလာဒီနိုက ဘာလော့တယ်လီနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်ထားပြီး ကစားသမားကို အီတလီထံ ပြန်လာဖို့ လမ်းဖွင့်ပေးခဲ့တာပါ။
ဘာလော့တယ်လီကို ခေါ်ယူဖို့ ဂျီနိုအာတစ်သင်းတည်းသာ ချိတ်ဆက်ထားတာ မဟုတ်ဘဲ တိုရီနိုအသင်းကလည်း ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ La Stampa သတင်းမှာ ဖော်ပြထားပါတယ်။
တိုရီနိုအသင်းဟာ အဓိကတိုက်စစ်မှူး ဇာပါတာကို ဒဏ်ရာကြောင့် ရာသီအကုန်ထိ ဆုံးရှုံးရမှာဖြစ်လို့ ဘာလော့တယ်လီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
ဘာလော့တယ်လီဟာ ဘရက်စီယာအသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ကာ သူ့အတွက် ရွေးချယ်မှုတွေကို စဉ်းစားနေတာ ဖြစ်ပါတယ်။
သတင်းတွေမှာတော့ ဘာလော့တယ်လီဟာ စီးရီးအေပြိုင်ပွဲထံ ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဖော်ပြထား တာပါ။
အင်တာမီလန်အသင်းနဲ့ စီးရီးအေပြိုင်ပွဲမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဘာလော့တယ်လီဟာ ၂၀၁၉-၂၀ ရာသီက ဘရက်စီယာအသင်းနဲ့အတူ စီးရီးအေပြိုင်ပွဲမှာ နောက်ဆုံးပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
Source: Goal
- By CNI
 - Category: အားကစား
 - Hits: 2964
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀
မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက အာဆင်နယ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဂါဘရီရယ်လ်ရဲ့ဦးခေါင်းကို ဘောလုံးနဲ့ပစ်ပေါက်ခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ပြောခဲ့ ပါတယ်။
ဟာလန်းက “ပွဲဆူနေတဲ့ အခိုက်အတန့်တွေနဲ့ ဒီပွဲမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့ပါတယ်။ ကွင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက ကွင်းထဲမှာပဲ ရှိနေရမှာပါ။ ဘောလုံးနဲ့ပစ်ပေါက်ခဲ့တဲ့အပေါ် နောင်တရလားဆိုရင်တော့ ကျနော့်ဘဝမှာ အများကြီး နောင်တရစရာမရှိပါဘူး”လို့ ပြောခဲ့တာပါ။
ဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂျွန်စတုန်းစ်က အဖိုးတန်ချေပဂိုး သွင်းယူအပြီးမှာ ဟာလန်းဟာ ဘောလုံးကို ကောက်ယူကာ စိတ်ပျက်နေတဲ့ ဂါဘရီရယ်လ်ရဲ့ဦးခေါင်းကို ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပေမယ့် ဟာလန်းဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ အရေးယူမှု ကနေ လွတ်မြောက်ခဲ့တာပါ။
ဟာလန်းဟာ ဒီပွဲအပြီးမှာ အာဆင်နယ်အသင်းနည်းပြ အာတီတာ၊ တိုက်စစ်မှူး ဂျီးဆပ်စ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံမှု တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
ဟာလန်းဟာ သူ့ရဲ့အပြုအမူတွေကြောင့် အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အီယန်ရိုက်ရဲ့ ဝေဖန်မှုတွေ လည်း ခံခဲ့ရတာပါ။
မန်စီးတီးအသင်း တိုက်စစ်မှူးဟာ သူ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် သူကတော့ ဒီလုပ်ရပ်အပေါ် နောင်တ မရဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ် ပွဲတွေကစားမယ့် နော်ဝေအသင်းနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ် နေပြီး အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ဒဏ်ရာကြောင့် သူဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာပါ။
နော်ဝေအသင်းဟာ နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် ဆလိုဗေးနီးယား၊ သြစတြီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဖွင့်ပွဲစဉ် ၂ ပွဲမှာ ရမှတ် ၄ မှတ်ရရှိထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
 - Category: အားကစား
 - Hits: 1350
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀
အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဂရိအသင်းနဲ့ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်မှာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာမပါဝင်ဘူးလို့ အတည်ပြုခဲ့ပါတယ်။
လီကာစလေက “ဟာရီကိန်းကို ပွဲထွက်လူစာရင်းမှာ ကျနော်တို့အသုံးပြုမှာမဟုတ်ပါဘူး။ လာမယ့် တနင်္ဂနွေနေ့ ပွဲစဉ်ကျရင်တော့ သူပွဲထွက်လူစာရင်းထဲ ပြန်ပါဝင်နိုင်ဖို့မျှော်လင့်ပါတယ်။ အချိန်က စကားပြောသွားမှာဖြစ်ပြီး ကျနော်တို့အလျင်စလိုလုပ်သင့်တယ်လို့ မထင်ကြောင်း”ပြောခဲ့တာပါ။
ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်ကစားခဲ့ရင်း ညာဘက် ခြေထောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဟာရီကိန်းဟာ နေးရှင်းလိဂ်ပွဲတွေကစားမယ့် အင်္ဂလန် အသင်းနဲ့ပူးပေါင်းကာ သီးခြားလေ့ကျင့်မှုတွေကို ပြုလုပ်နေခဲ့တာပါ။
အဲဒါကြောင့် နည်းပြ လီကာစလေက ဂရိအသင်းနဲ့ပွဲမှာ ဟာရီကိန်းကို စွန့်စားပြီးအသုံးပြုသွားဖို့ ဆန္ဒမရှိဘဲ ဖင်လန်အသင်းနဲ့ပွဲစဉ်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒါ့အပြင် လီကာစလေက ဂရိအသင်းနဲ့ပွဲစဉ်မှာ နောက်ခံလူ ဂျွန်စတုန်းစ်ဟာ အင်္ဂလန်အသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူရမယ်လို့ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက ဟာရီကိန်း လူစားလဲ ခံရချိန်မှာ ဝေါလ်ကာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပေမယ့် လီကာစလေကတော့ ဂျွန်စတုန်းစ်ကို တာဝန်ပေးဖို့ ရွေးချယ်ခဲ့တာပါ။
ဂျွန်စတုန်းစ်က အင်္ဂလန်အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ရမယ့်အပေါ် အလွန်ဂုဏ်ယူမိပြီး နည်းပြကို ကျေးဇူးတင်ရုံနဲ့တင် မလုံလောက်ဘူးလို့ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ဒဏ်ရာကြောင့် လူစာရင်းကနေ ထွက်ခွာခဲ့တဲ့ ကိုဘီမိုင်နူး၊ကွန်ဆာနဲ့ ဂစ်ဘ်ဝှိုက်တို့ရဲ့ နေရာ မှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ကာတစ်ဂျုံးစ်နဲ့ လီဗရာမန်တိုတို့ကို အစားထိုးခေါ်ယူခဲ့တာပါ။
အင်္ဂလန်အသင်း နဲ့ ဂရိအသင်းတို့ဟာ နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၂ ပွဲစီ ကစားအပြီးမှာ ၂ ပွဲစလုံးနိုင်ပွဲ ရရှိထားတာဖြစ်ပါတယ်။
Source:ChannelNewsAsia
				- By CNI
 - Category: အားကစား
 - Hits: 4383
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီဟာ ဗင်နီဇွဲလားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါဝင် ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ စကာလိုနီက ပြောခဲ့ပါတယ်။
စကာလိုနီက “မက်ဆီ အဆင်ပြေပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ကလပ်အသင်းအတွက် ပွဲအများအပြား ပါဝင်ကစားခဲ့ပါတယ်။ သူဟာ အသင်းနဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ပြိုင်ဘက်ကောင်း ဖြစ်လာမယ့် ဗင်နီဇွဲလားအသင်းနဲ့ပွဲမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။
မက်ဆီဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ညာဘက် ခြေချင်းဝတ် ဒဏ်ရာကြောင့် ပြီးခဲ့တဲ့လက အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
အခုအချိန်မှာတော့ မက်ဆီဟာ ဒဏ်ရာကနေ သက်သာပြီး အင်တာမိုင်ယာမီ အသင်းအတွက် ပွဲတွေ ပြန်ပါဝင် ကစားနိုင်ခဲ့လို့ အာဂျင်တီးနားအသင်းရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်
ဗင်နီဇွဲလားအသင်းနဲ့ပွဲမှာ မက်ဆီ ပါဝင်ကစားနိုင်မှာ ဖြစ်ပေမယ့် မက်အယ်လစ္စတာကတော့ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ နည်းပြစကာလိုနီက ပြောခဲ့တာပါ။
မက်အယ်လစ္စတာဟာ လီဗာပူးလ်အသင်းက ပဲလေ့စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
မက်အယ်လစ္စတာဟာ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မှု ပြုလုပ်နိုင်ခြင်းမရှိဘဲ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေလို့ သူ့ရဲ့အခြေအနေကို စောင့်ကြည့်ရမယ်လို့ အာဂျင်တီးနားအသင်းနည်းပြက ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အောက်တိုဘာ ၁၁ ရက်မှာ ဗင်နီဇွဲလား အသင်းနဲ့ အဝေးကွင်း၊ ၁၆ ရက်မှာ ဘိုလီးဗီးယားအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ၈ ပွဲကစားထားပြီး ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: CNA
				- By CNI
 - Category: အားကစား
 - Hits: 2748
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉
လီဗာပူးလ်အသင်းဟာ ဆာလက်ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဒေါ့မွန်အသင်း ကစားသမား အဒီယီမီကို ပစ်မှတ်ထား စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးတာပါ။
အဲဒါကြောင့် ဆာလက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ပြင်ပကလပ်တွေနဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေ ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။
ဆာလက်ဟာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ပွဲအပြီးမှာ ဒီရာသီက သူ့ရဲ့ လီဗာပူးလ်အသင်း ကစားသမားဘ၀ နောက်ဆုံးရာသီ ဖြစ်နိုင်တယ်လို့ ပြောထားတာပါ။
Sky Sports က လီဗာပူးလ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ မြန်နှုန်းမြင့် ကစားသမား အဒီယီမီကို စိတ်ဝင်စားနေပြီး ဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ အလားအလာရှိတဲ့သူအဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။

အဒီယီမီကို တွေ့ရစဉ်
အသက် ၂၂ နှစ်အရွယ်ရှိ အဒီယီမီဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ၈ ပွဲ ကစားထားတာမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတာကြောင့် လီဗာပူးလ်အသင်း အပါအဝင် အသင်းအချို့ကလည်း သူ့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ နွေရာသီက အဒီယီမီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားဟာ ဒီအပြောင်းအရွှေ့ ကို ငြင်းပယ်ကာ ဘွန်ဒက်လီဂါမှာ ဆက်ပြီးရှိနေခဲ့တာပါ။
ဒါအပြင် ချယ်လ်ဆီးအသင်းကလည်း အဒီယီမီကို စိတ်ဝင်စားခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေထံ ချဉ်းကပ် ခဲ့ပေမယ့် သူကတော့ ချန်ပီယံလိဂ်မှာ ဆက်ကစားချင်တာကြောင့် ဒီချဉ်းကပ်မှုကို လက်ခံခဲ့ခြင်း မရှိပါဘူး။
အဒီယီမီဟာ ဒေါ့မွန်အသင်းက ဆဲလ်တစ်အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ဆဲလ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အဒီယီမီဟာ ဒေါ့မွန်အသင်းအတွက် ၇၄ ပွဲ ကစားထား ပြီး ၁၉ ဂိုးသွင်းယူကာ ၂၀၂၇ ခုနှစ်နွေရာသီအထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
 - Category: အားကစား
 - Hits: 2294
 
CNI Sport News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ အောက်တိုဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်၊ CEO ဘာရာဒါ၊ အားကစားဒါရိုက်တာ အက်ရှ်ဝေါ့၊ နည်းစနစ် ဒါရိုက်တာ ဝီလ်ကော့စ်တို့ဟာ INEOS ရုံးချုပ်မှာ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ၂ ရက်အကြာမှာ ကလပ်အသင်းအကြီးအကဲတွေရဲ့ တွေ့ဆုံမှုဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရလဒ်ကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေကလည်း ပိုပြီးများပြားလာခဲ့တာပါ။
ဒါပေမယ့် ကလပ်အသင်း အကြီးအကဲတွေရဲ့ တွေ့ဆုံမှုမှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ် အပါအဝင် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဒီတွေ့ဆုံမှုကနေ ဆုံးဖြတ်ချက် မချနိုင်ပေမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ရာသီအစဆိုးရွားတဲ့ ရလဒ်တွေကြောင့် သူတို့ဟာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်နိုင်ဖွယ်ရှိနေဆဲလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။

ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်သာ ရယူထားနိုင်ပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေက စိတ်ပျက်စရာ ကောင်းနေပေမယ့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အသင်းအကြီးအကဲတွေဟာ သူ့ကိုအချိန် ထပ်ပြီးပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
တစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့ အသင်းမရှိသေးတဲ့ တူချယ်လ်၊ အယ်လီဂရီတို့ကို ပစ်မှတ်ထားနေသလို လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းကို တာဝန်ပေးဖို့လည်း စဉ်းစားနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲရစ်တန်ဟတ်အနေနဲ့ အသင်းကို ဆက်ပြီးကိုင်တွယ်ခွင့် ရမယ်ဆိုရင် ဒီပွဲကို မဖြစ်မနေ နိုင်ပွဲရရှိအောင် ကိုင်တွယ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: Goal
	    	  	
	    	      
	    
	  	  
			
			
                        