CNI International News
ကိယက်ဗ်၊ မေလ ၁၅
ယခုသီတင်းပတ်အတွင်း ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများတွင် ရုရှားသမ္မတ ပူတင် (Vladimir Putin) တက်ရောက်မည်ဆိုပါက ၎င်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ကရင်မလင် နန်းတော်ကမူ မေလ ၁၅ ရက်တွင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul ) မြို့၌ ပြုလုပ်မည့် ဆွေးနွေးပွဲများကို ပူတင် တက်ရောက်ရန် ရှိ/မရှိကို ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။
စီစဉ်ထားသည် ဆွေးနွေးပွဲများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အဆိုပြုခဲ့သည့် ငြိမ်းချမ်းရေး အားထုတ်ကြိုးပမ်းမှုများကို အာရုံစိုက်ဆွေးနွေးမည်ဖြစ်ပြီး ထိုဆွေးနွေးမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) တက်ရောက်မည်ဖြစ်သည်။
ထို့ပြင် ထရမ့်သည် ထိုဆွေးနွေးပွဲများသို့ အမေရိကန် အထူးသံတမန်များဖြစ်သည့် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ကိတ်သ် ကဲလော့ (Keith Kellogg) တို့ကိုလည်း စေလွှတ်ထားသည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
စစ်ပွဲကို အဆုံးသတ်ရေးအတွက် ခြွင်းချက်မရှိ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးလိုကြောင်း၊ ရုရှား၏ အရေးကိစ္စအားလုံးသည် ပူတင်အပေါ်တွင် မူတည်နေသဖြင့် ထိုဆွေးနွေးမှုများကို ပူတင်လည်း တက်ရောက်သင့်ကြောင်း ဇာလန်းစကီးက ပြောသည်။
“ကျနော်တို့က စစ်ပွဲကို အဆုံးသတ်ရေးအတွက် စတင်လုပ်ဆောင်ဖို့ သဘောတူချင်ပါတယ်။ သူ (ပူတင်) ကတော့ ကျနော်နဲ့ တိုက်ရိုက်ဆွေးနွေးရမှာကို ထိတ်လန့်နေပါတယ်” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
အကယ်၍ ဆွေးနွေးပွဲများ ဖြစ်မလာပါက အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ရုရှားအပေါ် ပြင်းထန်သည့် ပိတ်ဆို့မှုများ ပြုလုပ်မည့် အခြေအနေကိုလည်း မျှော်လင့်ထားသည်ဟု ဇာလန်းစကီးက ပြောသည်။
ထရမ့်သည် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပြီးနောက် ယူကရိန်းနှင့် ရုရှား အစိုးရများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေသည့် ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများအား ပြသခဲ့ကြသည်။
ပူတင်ကလည်း ယူကရိန်းနှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်လိုကြောင်း မေလ ၁၁ ရက်က ကမ်းလှမ်းခဲ့ပြီး ထရမ့်ကမူ ဇာလန်းစကီး အနေဖြင့် ထိုကမ်းလှမ်းမှုကို လက်ခံရန် တိုက်တွန်းခဲ့သည်။
Source: ရိုက်တာ