CNI International News

နယူးဒေလီ၊ မေလ ၁၀

မကြာသေးမီက ဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန် တိုက်လေယာဉ်များ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှုကို ကမ္ဘာတစ်ဝန်းက အနီးကပ်စောင့်ကြည့်ခဲ့ကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မေလ ၇ ရက်က ဖြစ်ပွားခဲ့သည့် ထိုလေကြောင်းတိုက်ပွဲအတွင်း ပါကစ္စတန်လေတပ်၏ တရုတ်နိုင်ငံလုပ် တိုက်လေယာဉ်များသည် အိန္ဒိယတိုက်လေယာဉ် ၂ စင်းကို ပစ်ချခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးကမူ ပါကစ္စတန်သည် တရုတ်နိုင်ငံလုပ်  J-10C တိုက်လေယာဉ် ဖြင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကို အသုံးပြုကာ အိန္ဒိယတိုက်လေယာဉ်များကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏  PL-15 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်သည် ဥရောပ၏ MBDA ကော်ပိုရေးရှင်းက ထုတ်လုပ်ခဲ့သည့် ရေဒါလမ်းညွှန် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်ကို တိုက်ခိုက်နိုင်ခဲ့ကြောင်း လူမှုမီဒီယာများတွင် ရေးသားဖော်ပြ နေကြသည်။

ထိုလက်နက်များ အသုံးပြုခြင်း ရှိ၊မရှိကိုမူ တရားဝင် အတည်ပြုထားခြင်းမရှိပေ။

တရုတ်ထုတ် J-10C တိုက်လေယာဉ်အုပ်စုကိုတွေ့ရစဉ်

“တရုတ်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ အိန္ဒိယနဲ့ ပါကစ္စတန် လေကြောင်းတိုက်ပွဲနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို ရရှိဖို့ အရမ်းစိတ်ဝင်စားနေကြပါတယ်။ အဲဒါမှ အားနည်းချက်၊ အားသာချက်တွေကို သိပြီး ပြင်စရာရှိတာတွေ ပြင်နိုင်မှာဖြစ်ပါတယ်” ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု၏ လေကြောင်း နှင့်အာကာသရေးရာ ပညာရှင် ဒေါက်ဂလပ်စ် ဘာရီ (Douglas Barrie) က ပြောကြားခဲ့သည်။

တရုတ်၏ စွမ်းအားပြင်း လက်နက်သည် အနောက်နိုင်ငံ၏ စွမ်းအားပြင်း လက်နက်ကို ယှဉ်နိုင်စွမ်းရှိသည် ဆိုစေကာမူ အမှန်တကယ် တိုက်ပွဲဖြစ်ပွားမှုတွင် မိမိတို့အနေဖြင့် အသေးစိတ် မသိရကြောင်း ၎င်းက ဆိုသည်။

ပြင်သစ်နှင့်အမေရိကန်တို့ကမူ ထိုလေကြောင်း တိုက်ပွဲနှင့်ပတ်သက်ပြီး အိန္ဒိယထံမှ အလားတူ ထောက်လှမ်းရေး သတင်းများကို ရရှိရန် မျှော်လင့်နေဖွယ်ရှိကြောင်းလည်း ဘာရီက ပြောသည်။

ပါကစ္စတန်ကမူ တရုတ်နိုင်ငံလုပ် J-10C တိုက်လေယာဉ်များကို အသုံးပြုပြီး အိန္ဒိယလေယာဉ်များကို တိုက်ခိုက်ခဲ့ ကြောင်းနှင့် အိန္ဒိယ၏ Rafale တိုက်လေယာဉ် ၃ စင်း အပါအဝင် အိန္ဒိယလေယာဉ် ၅ စင်းကို ပစ်ချခဲ့ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

Rafale တိုက်လေယာဉ်များကို ထုတ်လုပ်သည့်  Dassault Aviation ကုမ္ပဏီနှင့် အိန္ဒိယစစ်တပ်တို့ကမူ ပါကစ္စတန် ၏ ပြောကြားချက်ကို မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ