CNI International News
အစ္စလာမ်မာဘက်၊ မေလ ၈
မေလ ၅ ရက်က အိန္ဒိယသည် စစ်ဆင်ရေးပြုလုပ်ပြီး ပါကစ္စတန်ကို တိုက်ခိုက်ခဲ့ချိန်တွင် အိန္ဒိယတိုက်လေယာဉ် ၅ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် ဒေသတွင်း ငရဲမီးရှို့ခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများအတွက် လက်တုံ့ပြန်ရန်နှင့် မိမိတို့၏ အချုပ်အခြာအာဏာအား ပေါ်ပေါ်ထင်ထင် ချိုးဖောက်မှုကို တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်။
အိန္ဒိယကမူ ပြီးခဲ့သည့်လက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွများနှင့်ဆက်နွှယ်သည့် အကြမ်းဖက်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၆ ဦးထက်မနည်း သေဆုံးကာ ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပါကစ္စတန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အိန္ဒိယက တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စခန်းနေရာကိုတွေ့ရစဉ်
အိန္ဒိယစစ်တပ်ကမူ ပါကစ္စတန်နိုင်ငံအတွင်းရှိ Jaish-e-Mohammed အဖွဲ့နှင့် Lashkar-e-Taiba အဖွဲ့များ၏ စခန်းများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်မူ အိန္ဒိယလေယာဉ် ၅ စင်းနှင့် ဒရုန်းများကို ပစ်ချခဲ့ကြောင်း ဖော်ပြထားပြီး အိန္ဒိယကမူ အတည်ပြုခဲ့ခြင်းမရှိပေ။
အိန္ဒိယ၏ ကက်ရှ်မီးယားဒေသမှ ဒေသန္တရအစိုးရ သတင်းရင်းမြစ်များကမူ တိုက်လေယာဉ် ၃ စင်းသည် ဟိမဝန္တာဒေသတွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူးများ ဆေးရုံတင်ထားရကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ၏ စစ်ဆင်ရေးအပြီး နှစ်နိုင်ငံနယ်စပ်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ အိန္ဒိယ၌ သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၄၈ ဦးရှိခဲ့ကာ ပါကစ္စတန်တွင် သေဆုံးသူ ၆ ဦးရှိခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အခြားကမ္ဘာ့ ခေါင်းဆောင်များကမူ အိန္ဒိယနှင့် ပါကစ္စတန်ကို တင်းမာမှုများ လျှော့ချရန်နှင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
Source: ရိုက်တာ