CNI International News
ဆန်နာ၊ မေလ ၈
အစ္စရေးစစ်တပ်သည် ယီမင်နိုင်ငံ၊ ဆန်နာ (Sanaa) မြို့တော်၏ အဓိကလေဆိပ်ကို မေလ ၆ ရက်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီအဖွဲ့အား ၂ ရက်တွင်း ဒုတိယအကြိမ် မြောက် တိုက်ခိုက်မှုဖြစ်သည်။
ဟူရ်သီအဖွဲ့သည် အစ္စရေး၏ Ben Gurion လေဆိပ်အနီး ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ယီမင်ရှိ ဟူရ်သီအဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
မေလ ၆ ရက်က အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဟူရ်သီတို့ ထိန်းချုပ် ထားသည့် Al-Masirah TV မှ ဖော်ပြခဲ့သည်။
အစ္စရေးသည် မေလ ၆ ရက်က လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ အချိန်တွင် ယီမင်ဒေသခံများအား ဆန်နာ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အနီးဝန်းကျင်ကို သွားရောက်ခြင်း မပြုရန်နှင့် ခပ်ဝေးဝေးတွင်နေရန် သတိပေးခဲ့ သည်။
ထိုလေကြောင်းတိုက်ခိုက်မှုသည် ဟူရ်သီအဖွဲ့၏ အခြေခံ အဆောက်အအုံကို ပစ်မှတ်ထားခြင်းဖြစ်ပြီး လေဆိပ် သည် အလုံးစုံထိခိုက် ပျက်စီးသွားကြောင်း အစ္စရေးက ပြောသည်။
ယီမင်ရှိ လေဆိပ်ကို တွေ့ရစဉ်
ဂါဇာစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက အစ္စရေးနှင့် ဟူရ်သီအဖွဲ့ကြား တင်းမာမှုများ မြင့်တက်ခဲ့သော်လည်း မေလ ၄ ရက်က အစ္စရေး၏ Ben Gurion လေဆိပ်ကို ဟူရ်သီတို့က တိုက်ခိုက်ခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့ သည်။
မေလ ၅ ရက်ကလည်း အစ္စရေးသည် ယီမင်နိုင်ငံရှိ Hodeidah ဆိပ်ကမ်းကို လေကြောင်းတိုက်ခိုက်ခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ဆန်နာမြို့တော်၏ အဓိကလေဆိပ်ရှိ ဟူရ်သီအဖွဲ့၏ အခြေခံအဆောက်အအုံကို တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး လေဆိပ်သည် ထိခိုက်ပျက်စီးခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ သည်။
ထိုလေဆိပ်၏ အထွေထွေညွှန်ကြားရေးမှူးကလည်း နောက်ထပ် ကြေညာချက် မထုတ်ပြန်မီ အချိန်အထိ လေကြောင်း ခရီးစဉ်များအားလုံးကို ဆိုင်းငံ့ကြောင်း မေလ ၇ ရက်က ပြောကြားခဲ့သည်။
Source: ရိုက်တာ