CNI International News
အင်ဖာ၊ မေလ ၈
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ကသည်းနှင့် ကူကီး-ဇို လူမျိုးစုများကြား ပဋိပက္ခများဖြစ်ပွားပြီး ၂ နှစ် ကျော်ကြာသည်အထိ ပြည်နယ်အတွင်း လူမျိုးစုတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း Imphal Times သတင်းမှ ဖော်ပြခဲ့သည်။
အိန္ဒိယအစိုးရ၏ စစ်ဆင်ရေးဆိုင်းငံ့မှု (SoO) သဘောတူညီမှုအောက်တွင် ကူကီးစစ်သွေးကြွအဖွဲ့များဖြင့် ထိတွေ့ ဆက်ဆံနေမှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်လာသည်။
ထိုသဘောတူညီချက်ကို ပြန်လည်စိစစ်ရန် သို့မဟုတ် ဖျက်သိမ်းရန် မဏိပူရပြည်နယ် အစိုးရနှင့် ကသည်း အရပ်ဖက် အဖွဲ့အစည်းများ အပါအဝင် နယ်ပယ်အသီးသီးမှ တိုက်တွန်းမှုများ ရှိနေသည့်တိုင် ကူကီးစစ်သွေးကြွ များသည် လက်နက်များကို ဆက်လက်စွဲကိုင်ထားမှုကြောင့် ပဋိပက္ခကို စီမံဖြေရှင်းရာတွင် လိုတစ်မျိုး၊ မလို တစ်မျိုး ကျင့်သုံးသည့် ပုံစံအပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။
အိန္ဒိယအစိုးရ၊ မဏိပူရပြည်နယ်အစိုးရနှင့် ကူကီး-ဇို လက်နက်ကိုင်အဖွဲ့ ၂ ဒါဇင်ကျော်အကြား ၂၀၀၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် SoO စာချုပ်သည် နိုင်ငံရေးအရ ဆွေးနွေးမှုကို ဖြစ်မြောက်စေနိုင်ရန်အတွက် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအဖြစ် အစောပိုင်းတွင် မူဘောင်ချမှတ်ခဲ့သည်။
ကူကီးအမျိုးသားတပ်မတော်(KNA) ကို တွေ့ရစဉ်
သို့သော်လည်း ထိုသဘောတူညီချက်သည် လက်နက်ကိုင်အဖွဲ့များကို လက်နက်များ ဆက်လက် ကိုင်စွဲခွင့်နှင့် ဒေသခံများအပေါ် ဩဇာလွှမ်းမိုးခွင့် ရရှိစေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး သီးခြား ကူကီးအုပ်ချုပ်ရေး ဒေသတစ်ခု ထူထောင်မှုကိုလည်း တွန်းအားပေး လုပ်ဆောင်နေမှုအပေါ် ကသည်းလူမျိုးအများစုက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
“ဒါက ငြိမ်းချမ်းရေး သဘောတူညီမှု မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တွေကို အစိုးရရဲ့ စပွန်ဆာနဲ့ ခိုလှုံခွင့် ပေးထားတာ ဖြစ်ပါတယ်” ဟု အင်ဖာအခြေစိုက် အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ကသည်းဆန္ဒပြသူများသည် တရားမဝင် လှုပ်ရှားမှု တားဆီးရေး အက်ဥပဒေဖြင့် စွဲချက်တင်ခံရပြီး ၎င်းတို့၏ လက်နက်များ သိမ်းဆည်းခံနေရချိန်တွင် အစိုးရသည် တောင်တန်းဒေသများပေါ်၌ ပေါ်ပေါ်ထင်ထင် လက်နက် ကိုင်ထားသည့် စစ်သွေးကြွများကိုမူ မမြင်ချင်ယောင် ဆောင်ထားသည်ဟုလည်း အဆိုပါ လေ့လာသုံးသပ်သူက ပြောသည်။
ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA)ကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ်အတွင်း SoO စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တွင် ပါရှိသော အချက်များကို ချိုးဖောက်မှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုများ၊ တပ်သားသစ် စုဆောင်းမှုများ နှင့် ၂၀၂၃ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့သည့် လူမျိုးစုပဋိပက္ခ၌ တိုက်ရိုက် ပါဝင်ပတ်သက်မှုများ ရှိခဲ့သည့် သတင်းများ လည်း ထွက်ပေါ်ခဲ့သည်။
သို့သော်လည်း ဗဟိုအစိုးရသည် ဆွေးနွေးညှိနှိုင်းမှုများနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် လိုအပ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ထိုအဖွဲ့များကို လက်နက်ဖျက်သိမ်းခြင်း သို့မဟုတ် သဘောတူညီချက်ကို ဖျက်သိမ်းခြင်း မပြုသေးကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လတွင်မူ မဏိပူရပြည်နယ်အစိုးရသည် ကူကီးအဖွဲ့ဖြစ်သည့် ကူကီးအမျိုးသားတပ်မတော်(KNA) နှင့် ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA) အဖွဲ့တို့နှင့်အတူ SoO သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့သည်။
Source: Imphal Times