CNI News
၂၀၂၅ ခုနှစ်၊ မေလ ၅
နစကအနေဖြင့် ငြိမ်းချမ်းရေးတံခါးဖွင့်ရုံပင် မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးတံခါးထဲသို့ ဝင်လာနိုင်သည့် အခင်းအကျင်းမျိုးအား အလေးထား ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
ထိုကဲ့သို့ အခင်းအကျင်းမျိုးအား ဆောင်ရွက်နိုင်မည်ဆိုပါက အကျပ်အတည်များအား ကျော်လွှားနိုင်သည့် လမ်းစများ ဖော်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးစောကျော်ညွန့်က “လက်ရှိနိုင်ငံရဲ့ အခြေအနေက ၄ နှစ်ကျော်ကျော်လောက် ကျနော်တို့က လက်နက် ကိုင်ပဋိပက္ခ ခံခဲ့ရတယ်၊ ကျနော်တို့အနေနဲ့ ကျနော်တို့ကိုယ်တိုင် ဖန်တီးလာတဲ့ ဒီလက်နက်ကိုင် ပဋိပက္ခကို ကျနော်တို့ကိုယ်တိုင် လျှော့ချနိုင်အောင် ဒါမှမဟုတ် ရပ်စဲနိုင်အောင်၊ ပပျောက်နိုင်အောင် ကျနော်တို့ လုပ်နိုင်စွမ်း ရှိတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်၊ ကျနော် နားလည်ရသလောက်ဆိုရင် လက်ရှိပေါ့လေ၊ နိုင်ငံတစ်ခု လုံးရဲ့ အရေးအရာကိစ္စ အဝဝကို တာဝန်ယူဆောင်ရွက်နေတဲ့ လက်ရှိ SAC လို့ပဲပြောပြော၊ အစိုးရလို့ပဲပြောပြော ဒီအဖွဲ့အစည်းတွေ အနေနဲ့ကတော့ ကျနော်တို့ထက်ပိုပြီးတော့ အမြင်ကျယ်ဖို့ လိုအပ်မယ်၊ သည်းခံနိုင်အောင် ကြိုးပမ်းရမယ်၊ အမျှော်အမြင်ရှိရှိနဲ့ လက်ရှိပဋိပက္ခကို ကျော်လွှားနိုင်မယ့် အစီအမံတွေကို ဦးဆောင်ဦးရွက်ပြုပြီး တော့ လုပ်ဆောင်နိုင်ရင်တော့ ဆိုလိုချင်တာကတော့ ဥပမာအားဖြင့်ဗျာ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပါတယ် ဆိုရုံ လောက်နဲ့ မဟုတ်ဘဲနဲ့ ဖွင့်ထားတဲ့ငြိမ်းချမ်းရေး တံခါးထဲကို သက်ဆိုင်သူတွေ ဝင်လာနိုင်တဲ့ အခင်းအကျင်းမျိုး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကိုတော့ လက်ရှိနိုင်ငံတော်ရဲ့ အရေးအရာ အားလုံးကို တာဝန်ယူ စီမံအုပ်ချုပ် နေတဲ့ အဖွဲ့အစည်း အနေနဲ့ကတော့ အလေးထား ဆောင်ရွက်နိုင်ရင်တော့ အကျပ်အတည်း ကျော်လွှားနိုင်တဲ့ လမ်းစတွေဘာတွေ ကျနော်တို့ အစဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က သိမ်းပိုက် ထားသည့် လားရှိုးမြို့ကို မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ၎င်းကမူ ကိုးကန့် အထူးဒေသ(၁)ကို အုပ်ချုပ်ခွင့်ရသွားခဲ့သည်။
လက်နက်ကိုင်အင်အားစု တစ်ခုကိုတွေ့ရစဉ်
သို့သော် TNLA နှင့် မြန်မာ့တပ်မတော်တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅-၁၆ ရက်က တရုတ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အပစ်အခတ်ရပ်စဲနိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈-၂၉ ရက်က တွေ့ဆုံမှုတွင် မိုးကုတ်၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်ရှိ TNLA တပ်ဖွဲ့များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ပြန်လည်ဆုပ်ခွာရန် တပ်မတော် ဘက်က သဘောထားရပ်တည်၍ ဆွေးနွေးပွဲ အဆင်မပြေဘဲ အဆုံးသတ်ခဲ့သည်။
လက်ရှိတွင် နစကအနေဖြင့် စစ်ရေးနှင့်နိုင်ငံရေး တစ်ပြိုင်တည်း သွားသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုအားလုံးရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ဟာ ငါတို့နယ်မြေများများ သိမ်းထားမှရမယ်၊ အဲဒါမှ ဆွေးနွေးတဲ့ အချိန်မှာ ငါတို့ပြောသမျှ သူလိုက်လျောရမယ်ဆိုတဲ့ အပေါက်မျိုးကို လိုချင်တဲ့ အတွက်ကြောင့်မို့လို့ အခုက ဟိုကလည်း အတင်းတိုက်တယ်၊ ဒီကလည်း အတင်းတိုက်တယ်၊ သိပ်မကြာခင်မှာ ဆွေးနွေးရတော့မယ်ဆို တာ အကုန်လုံးက သဘောပေါက်ပြီးသား၊ ကိုယ့်ဘက်ကလည်း ဒါတွေမဆုံးရှုံးအောင် ဆုံးရှုံးပြီးသားဟာတွေ ကို ပြန်ယူနိုင်အောင် လုပ်ရမှာပေါ့လေ၊ အဲဒီလိုကို မလုပ်နိုင်ဘဲနဲ့ ဆိုလို့ရှိရင်တော့ ဒါက အောက်စည်းရောက် ပြီးတော့ ဘယ်လိုဖြစ်မလဲတော့ ကျနော်လည်း မပြောတတ်ဘူး၊ ဒါပေမယ့် ဒီလောက်ကတော့ အကုန်လုံးက စဥ်းစားတတ်တဲ့ လူတွေကြီးပါပဲ၊ ဘာဖြစ်လို့မလုပ်သလဲ၊ မလုပ်တာလား သို့တည်းမဟုတ် လုပ်တာကို လူထု သိအောင် မပြောတာလား ခက်တော့ခက်တယ်၊ တစ်ဖက်ကတော့ ဒါပြတ်ပြတ်သားသားရှိတယ်၊ ပြတ်ပြတ် သားသား လုပ်နေတယ်ဆိုတဲ့ သဘောတွေ့တယ်၊ နစက အနေနဲ့လည်း ဒီလိုပဲ ပြောချင်တာကတော့ Hard power နဲ့ Soft power မျှပြီးတော့မှ တကယ့်ကို လုပ်ပြနိုင်မှပဲ တွေ့ဆုံဆွေးနွေးရေး ဘာရေးညာရေးတွေ အကုန်လုံးက ပြန်ပြီးတော့မှ ပွင့်လင်းသွားမယ်လို့ ထင်တယ်” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်
လက်ရှိတွင် အာရက္ခတပ်တော် (AA) ကလည်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထို့နောက် AA သည် ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မာန်အောင်၊ ပေါက်တော၊ တောင်ကုတ်၊ မြေပုံ စသည့် ဒေသများကို ထိန်းချုပ်ထားသည်။
အလားတူ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သီပေါ၊ မိုးမိတ်၊ မဘိမ်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်တို့ကို ထိန်းချုပ် ထားသည်။
ထို့နောက် MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ချင်းရွှေဟော်၊ ကွတ်ခိုင်တို့ကို ထိန်းချုပ်ထားသည်။
ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ် ရေးမြို့ လွယ်ဂျယ်မြို့တို့ကို ထိန်းချုပ်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ရွှေပြည်အေး၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ခမ်းပတ် မြို့မျာကိုလည်း KIA-PDF တို့က ထိန်းချုပ်ထားသည်။