CNI News
၂၀၂၅ ခုနှစ်၊ မေလ ၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးမြို့နယ်အတွင်း စစ်မှုထမ်းခေါ်ယူမှု များကို ဥပဒေလမ်းကြောင်းအား ကျော်လွန်၍ မလုပ်ဆောင်ဘဲ ဥပဒေအတိုင်းဆောင်ရွက်ရန် နာဂအမျိုးသားဆို ရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ပြောသည်။
နာဂဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များ အပါအဝင် ခန္တီးမြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက စစ်မှုထမ်းခေါ်ယူမှုများကို ဥပဒေအတိုင်း ဆောင်ရွက်မှုမလုပ်ဘဲ အတင်း ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် NSCN-K/AM အဖွဲ့က လေရှီး၊ လဟယ်၊ နန်းယွန်း၊ ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် ဗျူဟာမှူးများထံ စစ်မှုထမ်းခေါ်မှု ဥပဒေအတိုင်းသာ ဆောင်ရွက်ရန်နှင့် ဥပဒေကျော်လွန်၍ ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် စာများပေးပို့ထားသည်ဟု NSCN-K/AM မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းအောင်က ပြောသည်။
NSCN-K/AM နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်
၎င်းက “ကျနော်တို့ ဒီဘက်ဒေသကျတော့ အခုယောကျာ်းလေးဆိုရင် အိမ်မှာ မနေရဲဘူးဖြစ်နေတယ်။ သူတို့က အကုန် လိုက်ဖမ်းပြီးတော့မှခေါ်တာ၊ တချို့ဆို ရွှေမျှောလုပ်တဲ့၊ မှော်တွေမှာ လိုက်ဖမ်း ဖမ်းပြီးတော့မှ သူတို့က ပြန်ရွေးခိုင်းတာပေါ့။ ကျနော်တို့က တစ်ခါစာထုတ်ထားသလိုပဲ ဥပဒေလမ်းကြောင်း အတိုင်းပဲလုပ်ပါပေါ့။ ဆင့်ခေါ် စာနဲ့ ပတ်သက်တာတွေဆိုရင် ဆင့်ခေါ်စာခေါ် ဥပဒေလမ်းကြောင်းအတိုင်းပဲ အလုပ်လုပ်ပေးပါလို့ ကျနော်တို့က သူတို့ကို စာ(ပို့)ထွက် ပေးထားတာရှိတယ်။ ဒါပေမယ့် သူတို့က အဲလိုမျိုးမဟုတ်ဘဲနဲ့ လမ်းပေါ်မှာ ကြုံတဲ့နေရာမှာ လိုက်ဖမ်းပြီးတော့မှ လုပ်နေတာတွေရှိတာပေါ့နော်။ တစ်ခါတစ်လေကျတော့ ဆင့်ခေါ်စာလည်း မပါဘဲနဲ့ ဝရမ်း လည်း မပါဘဲနဲ့အိမ်တွေမှာ ဧည့်စာရင်းပုံစံနဲ့ စစ်ပြီးတော့မှ ဖမ်းခေါ်သွားတာ။ ကျနော်တို့ ခန္တီးဘက်မှာ ဆေးလာကု တဲ့ ကလေးတွေပါ ပါသွားတဲ့ အတိုင်းအတာတွေ အများကြီးရှိတယ်”ဟု ပြောသည်။
NSCN-K/AM သည် နာဂလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် ဆွေးနွေး လျက်ရှိသော အဖွဲ့အစည်းဖြစ်သည်။
မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင် တော်လှန်ရေးကို ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်အင်အား တိုးချဲ့နိုင်ရေးအတွက် စစ်မှုထမ်းများကို ဆင့်ခေါ်လျက်ရှိသည်။
နာဂဒေသစစ်မှုထမ်းဥပဒေကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒပြနေစဉ်
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်စေရ မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန် ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သော အမျိုးသား/အမျိုးသမီး စုစုပေါင်း ၇ သန်းဝန်း ကျင်ရှိပြီး တစ်လကို လူဦးရေ ၅၀၀၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် စစ်မှုထမ်းဥပဒေ အကျုံးဝင်ပြီးနောက် အပတ်စဉ် ၁၂ အထိ ဆင့်ခေါ်ထားပြီး ဖြစ်သည်။