CNI International News
ဟောင်ကောင်၊ မေလ ၅
အမေရိကန်နှင့် တရုတ်ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခင်းအကျင်း ပြောင်းလဲနေမှုနှင့်အတူ နယ်စပ်ဖြတ်ကျော် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုနေရသည့် တရုတ်ပြည်မကြီး၏ ကုမ္ပဏီများတွင် အလုပ်အကိုင်များ ရေရာမှုမရှိသော အခြေအနေသို့ ရောက်ရှိဖွယ်ရှိကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် တရုတ်၏ ပို့ကုန်များအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံခဲ့သဖြင့် တရုတ်ကုမ္ပဏီများ၏ စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။
ဥပမာအနေဖြင့် အမေရိကန်ဈေးကွက်သို့ ကုန်ကျစရိတ် နည်းပါးစွာဖြင့် ထုတ်ကုန်များကို တင်ပို့နေသည့် တရုတ် ၏ Shein နှင့် Temu ကဲ့သို့ ကုမ္ပဏီများအပေါ် ကုန်သွယ်ခွန်များက ဂယက်ရိုက်ခတ်လာခဲ့သည်။
ထို့ကြောင့် အဆိုပါကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များကို ဈေးနှုန်းတိုးမြှင့်ခြင်း၊ ဝယ်လိုအား လျော့ကျမှု ကြောင့် ထုတ်ကုန်အရေအတွက်ကို ကန့်သတ်ခြင်းတို့ ပြုလုပ်လာခဲ့သည်။
တရုတ်နဲ့အမေရိကန် ကုန်သွယ်ရေးကို သရုပ်ဖော်ပြထားစဉ်
ထို့နောက် သယ်ယူပို့ဆောင်ရေး၊ ကုန်လှောင်ရုံနှင့် ဖောက်သည်များအား ထောက်ပံ့ပေးသည် ကဏ္ဍများတွင် အလုပ်အကိုင် နေရာများကို လျော့ကျစေနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက် လမ်းကြောင်းများကို တရုတ်နှင့် ဝေးသည့် အခြားနိုင်ငံများသို့ ပြောင်းလဲခဲ့သဖြင့် အခြားနိုင်ငံများတွင် ကုန်ထုတ်လုပ်ရေး အလုပ်အကိုင် များ မြင့်တက်လာစေခဲ့သည်။
ထိုအပြောင်းအလဲက အရှေ့တောင်အာရှနိုင်ငံများအတွက် အကျိုးအမြတ်ရစေပြီး တရုတ်ကုမ္ပဏီများအတွက်မူ ကုန်ထုတ်လုပ်မှုအဆင့်ကို ထိန်းသိမ်းရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကာ ကုန်ထုတ်ကဏ္ဍနှင့် အခြားဆက်စပ် သည့် ကဏ္ဍများတွင် အလုပ်အကိုင် တည်ငြိမ်မှုကို သက်ရောက်စေခဲ့သည်။
လေ့လာချက်တစ်ခုအရ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး နိုင်ငံပိုင် လုပ်ငန်းများသည် ပိုမိုထိခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှု လျော့ကျမှုသည် ဝန်ထမ်းခေါ်ယူမှုကို လျော့ကျစေပြီး ရှိရင်းစွဲ ဝန်ထမ်းအရေအတွက် ကိုလည်း လျှော့ချနိုင်သည့် အခြေအနေသို့ ရောက်ရှိစေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: South China Morning Post