CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကို ကျော်လွှားနိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကြားကာလအစိုးရတစ်ခုအား ဖွဲ့စည်းနိုင်ရန် ဆွေးနွေးခဲ့ကြောင်း 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က CNI သတင်းဌာနသို့ ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့ဖြစ် ဖွဲ့စည်းထားသော 7 EAO Alliance ၏ ဦးဆောင်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ကျင်းပခဲ့သည်။
ထိုအစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ အချက် ၅ ချက်အား ဆွေးနွေးချမှတ်နိုင် ခဲ့ကြောင်း၊ ကြားကာလအစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ရန် ဆွေးနွေးခဲ့ကြောင်း 7 EAO Alliance အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွှန့်က CNI သတင်းဌာနသို့ ပြောသည်။
7 EAO Alliance အစည်းအဝေး ကျင်းပနေစဉ်
၎င်းက “၂ ရက်တာ အစည်းအဝေးမှာကတော့ အကြောင်းအရာတွေ တော်တော်များများ စုံလင်သလို ဆွေးနွေးတဲ့ ကဏ္ဍတွေကလည်း တော်တော်များပါတယ်၊ အဲဒီထဲမှာ ကျနော်တို့ 7 EAO Alliance အနေနဲ့ ထင်သာမြင်သာရှိတဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တစ်ခု အနေနဲ့ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ အကျပ်အတည်းကို ကျော်လွှား ဖို့ဆိုရင် ဒီတိုင်းလုပ်နေတာထက် စာရင်ပေါ့လေ အစီအစဥ်တစ်ခုတော့ ချမှတ်ဖို့သင့်တာပေါ့၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဥ်ပေါ့။ အစီအစဥ် (၁) က တစ်နိုင်ငံလုံးအပစ်ရပ်ရမယ်၊ အစီအစဥ် (၂) ကတော့ သက်ဆိုင်တဲ့သူ အားလုံးကနေပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီကိစ္စရပ်ကို ကျနော်တို့ ဆွေးနွေးကြမယ်ဆိုတာကို ကတိကဝတ်ပြုဖို့ လိုအပ်တယ်၊ အစီအစဥ် (၃) ကတော့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြားကာလ အစိုးရ တစ်ခုကို ဖွဲ့စည်းဖို့လိုအပ်တယ်၊ အစီအစဥ် (၄) ကတော့ ချုပ်ပြောလိုက်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲမယ်၊ အစီအစဥ် (၅) နောက်ဆုံးကတော့ ရွေးကောက်ပွဲ ကျင်းပမှာပေါ့ဗျာ၊ ခုနက အပြည့်အစုံ ပြော မယ်ဆိုရင်တော့လည်း ခုနက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဆိုပြီးတော့ အဲဒီ အစီအစဥ် ၅ ခုကိုတော့ ကျနော်တို့ ဆွေးနွေးချမှတ်နိုင်ခဲ့ပါတယ်”ဟု ပြောသည်။
7 EAO Alliance သည် အချက် ၅ ချက်ကို ဆွေးနွေး ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုအချက်များမှာ (၁) တစ်နိုင်ငံလုံး အပစ်ရပ်ရန်၊ (၂) သက်ဆိုင်သူများအားလုံး ဖက်ဒရယ်ဒီမိုကရေစီ ထူထောင် ရေး ဆွေးနွေးကြရန်၊ (၃) ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြားကာလအစိုးရ ဖွဲ့စည်းရန်၊ (၄) ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရန်၊ (၅) ရွေးကောက်ပွဲ ကျင်းပရန် စသည့် အချက်များဖြစ်သည်။
အဆိုပါ ဆွေးနွေးချက်များကို 7 EAO Alliance က ထိုင်း၊ အာဆီယံ အပါအဝင် ပြည်တွင်း လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ ကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ကြားကာလအစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ရန် ဆွေးနွေးချက်အား ပုံဖော်ရန် လုပ်ဖော်ကိုင်ဖက်များကြားတွင် သဘောတူညီချက်ရရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုဆွေးနွေးချက်အား လက်နက်ကိုင်အဖွဲ့အစည်းများ လက်ခံနိုင်ရန်ညှိနှိုင်း၍ တဖြေးဖြေး ရှေ့တိုးရမည်ဖြစ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
NSPNC နဲ့ 7 EAO Alliance တို့ ဆွေးနွေးနေစဉ်
၎င်းက “ကြားကာလပဲခေါ်ခေါ်၊ ကူးပြောင်းရေးကာလပဲခေါ်ခေါ်ပေါ့ဗျာ၊ အဲဒီမှာ အဖွဲ့ (၁) ဖွဲ့ ရှိရမယ်ဆိုတာ ကျနော်တို့ ချမှတ်ထားတာတော့ ကြာပါပြီ၊ ဟိုးကျနော်တို့ လမ်းပြမြေပုံ စလုပ်ကတည်းကိုက NCA ထိုးပြီးထဲကိုက ကျနော်တို့က ချထားတာဖြစ်တယ်၊ သို့သော်လည်းပဲ တစ်ဖက်က လက်မခံနိုင်သေးဘူးပေါ့ဗျာ၊ NSPNC တို့ဘာတို့ က လက်မခံသေးတာတွေဘာတွေ တွေ့ရတဲ့ အခါကျတော့ ကျနော်တို့လည်းပဲ ကိုယ့် Position အရကိုယ်ပေါ့၊ ဒါပေမယ့် ဆွေးနွေးတဲ့ အခါကျတော့ ဆွေးနွေးပွဲ ဝင်တဲ့အခါကျတော့ အဲဒီအာဂျင်ဒါက မရောက်ဘူးဗျ၊ ဘာကြောင့် လဲဆိုတော့ တစ်ဖက်က လက်မခံတဲ့အတွက် ဖြစ်ပါတယ်၊ အခက်အခဲတော့ များပါတယ် အဲဒီဟာကတော့။ အဲဒီ အချက်ကို ပုံဖော်ဖို့က ပထမက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာပဲ အရင်သဘောတူညီချက်ရအောင် လုပ်ရမှာ ပေါ့၊ ကိုယ့်အချင်းချင်းမှာ ဒီကြားကာလ သို့တည်းမဟုတ် ကူးပြောင်းရေးကာလအစိုးရအဖွဲ့ ရှိရမယ်ဆိုတဲ့ Idea ကို လက်ခံတဲ့ ဥပမာ မြောက်ပိုင်း (၇) ဖွဲ့က လက်ခံမလား၊ တောင်ပိုင်းက P2C တို့ဘာတို့ လက်ခံမလားပေါ့ဗျာ၊ အဲဒါတွေကို ကျနော်တို့ အရင်ညှိပြီးတော့မှ တဖြေးဖြေး ရှေ့တိုးရမယ့် ကိစ္စလို့ ယူဆပါတယ်” ဟု ပြောသည်။
ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် အားလုံးက လက်ခံထားပြီး ဖြစ်ကြောင်း၊ လက်ရှိပုံမှန် အခြေအနေ မဟုတ်သည့် နိုင်ငံရေး အခင်းအကျင်းအောက်တွင် အတွေးအခေါ်နှင့် ယူဆချက် အသစ်များ ဖြစ်လာနိုင်သော်လည်း ပြည်ထောင်စုအကျိုးကို ရှေးရှုကာ ထိတွေ့ဆက်ဆံနိုင်မည်ဆိုပါက ညှိနှိုင်းအဖြေရှာ၍ရမည်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
7 EAO Alliance အဖွဲ့၏ အစည်းအဝေးတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး တပ်မြတ်တော်(ALPR) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ တက်ရောက်ခဲ့ကြသည်။
ထို့နောက် အစည်းအဝေးတွင် လက်ရှိပြည်ထောင်စုအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်း အား ကျော်လွှားနိုင်ရန်အတွက် 7 EAO Alliance က ချမှတ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဥ်အား ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ခဲ့ကြောင်း 7 EAO Alliance က ထုတ်ပြန်ခဲ့သည်။