CNI International News

စင်္ကာပူ၊ ဧပြီ ၃၀

စင်္ကာပူနိုင်ငံတွင် မေလ ၃ ရက်၌ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားပြီး အဓိက အတိုက်အခံပါတီ ဖြစ်သည့် အလုပ်သမားပါတီသည် လွှတ်တော်တွင် နေရာအများအပြားကို အနိုင်ရရှိရန် မျှော်လင့်ထားကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲသည် စင်္ကာပူဝန်ကြီးချုပ်သစ် လော့ရန့် ဝေါင် (Lawrence Wong) နှင့် ၎င်း၏ PAP ပါတီ အတွက် ပထမဆုံး ရွေးကောက်ပွဲ စိန်ခေါ်မှု ဖြစ်လာလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

သို့သော် မဲဆန္ဒရှင်များသည် လက်ရှိ အာဏာရ PAP ပါတီကိုသာ မဲပေးဖွယ်ရှိနေကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။

စင်္ကာပူနိုင်ငံကို ဗြိတိန်က ၁၉၅၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့ပြီးကတည်းက PAP ပါတီသည် စင်္ကာပူ၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိခဲ့သည်။

စင်္ကာပူတွင် နောက်ဆုံးအကြိမ် ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စင်္ကာပူမဲဆန္ဒရှင်များကို တွေ့ရစဉ်

ထိုရွေးကောက်ပွဲတွင် အတိုက်အခံ အလုပ်သမားပါတီက လွှတ်တော်၌ နေရာ ၁၀ နေရာ ရရှိခဲ့ပြီး အတိုက်အခံများ အတွက် အကြီးမားဆုံး အောင်မြင်မှုဖြစ်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် PAP ပါတီသည် လွှတ်တော်နေရာ ၉၃ နေရာ၌ ကျန်သည့် နေရာ ၈၃ နေရာစလုံးကို အနိုင်ရရှိခဲ့သည်။

မေလ ၃ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင်မူ စင်္ကာပူ၏ မဲဆန္ဒနယ် ၃၃ ခုမှ လွှတ်တော်ကိုယ်စားလှယ် ၉၇ နေရာစလုံးကို မဲပေးရွေးချယ်မည်ဖြစ်ပြီး အတိုက်အခံ အလုပ်သမားပါတီက နေရာအများစု အနိုင်ရရှိရန် မျှော်လင့် ထားကြောင်း ပါတီခေါင်းဆောင် ပရီတမ် ဆင်း (Pritam Singh) က ပြောကြားခဲ့သည်။

သို့သော် မတ်လက ဗြိတိန်အခြေစိုက် YouGov သုတေသနကုမ္ပဏီက စင်္ကာပူနိုင်ငံသား ၁၈၄၅ ဦးကို စစ်တမ်း ကောက်ခံခဲ့ရာတွင် ၆၃ ရာခိုင်နှုန်းက အာဏာရ PAP ပါတီကို ရွေးချယ်ခဲ့ကြပြီး ၁၅ ရာခိုင်နှုန်းကသာ အလုပ်သမားပါတီကို ရွေးချယ်ခဲ့ကြသည်။

Source: Nikkei Asia