CNI International News

ဒါကာ၊ ဧပြီ ၂၆

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheik Hasina) ၏ အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက် ပြည်ပနိုင်ငံ များမှ ဘင်္ဂလားဒေ့ရှ်သို့ ငွေများ လွှဲပြောင်းပို့ဆောင်မှုများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အထူးသဖြင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများက ၎င်းတို့ရရှိသည့် လုပ်ခလစာငွေများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ၎င်းတို့၏ မိသားစုဝင်များထံ ပြန်လည်ပေးပို့နေခြင်းဖြစ်သည်။

ထို့ကြောင့် ငွေလွှဲမှုများကို ပြည်တွင်းရှိ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှတဆင့် ငွေလွှဲခဲ့ကြခြင်းဖြစ် သည်။

ဧပြီ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဧပြီလအတွင်း နိုင်ငံပိုင်ဘဏ်များကို ပြည်ပမှ ငွေများ လွှဲပြောင်းပေးပို့မှုများသည် ဒေါ်လာ ၄၅၉ ဒသမ ၇၂ သန်းရှိခဲ့ပြီး ပုဂ္ဂလိက ဘဏ်များကို လွှဲပြောင်းပေးပို့ မှုသည် ဒေါ်လာ ၅၉၀ ဒသမ ၃၄ သန်းရှိခဲ့သည်ဟု သိရသည်။

ထိုလွှဲငွေ ပမာဏအရ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများက ဘင်္ဂလားဒေ့ရှ်သို့ ငွေလွှဲသည့် နှုန်းထားသည် တစ်နေ့လျှင် ဒေါ်လာ ၈၇ ဒသမ ၆၉ သန်း ပျမ်းမျှရှိခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ငွေကြေးကို တွေ့ရစဉ်

မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်ပမှ လွှဲငွေပမာဏသည် ဒေါ်လာ ၃ ဒသမ ၂၉ ဘီလျံအထိ စံချိန်တင် များပြားခဲ့ပြီး ထိုပမာဏအရ နေ့စဉ် လွှဲငွေပမာဏသည် ဒေါ်လာ ၁၀၉ ဒသမ ၈၅ သန်း ပျမ်းမျှရှိခဲ့သည်။

ထို့ကြောင့် ယခုနှစ် မတ်လသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသမိုင်းတွင် လအလိုက် လွှဲငွေပမာဏ အများဆုံးအဖြစ် ဒေါ်လာ ၂ ဒသမ ၆၄ ဘီလျံနှင့် စံချိန်တင်ထားသည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကို ကျော်တက်ကာ လအလိုက် လွှဲငွေပမာဏ ဒေါ်လာ ၃ ဒသမ ၂၉ ဘီလျံဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည်။

ထို့ပြင် နှစ်အလိုက် လွှဲငွေ ပမာဏသည်လည်း ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ပြည်ပမှ လွှဲငွေ ဒေါ်လာ ၁ ဒသမ ၉၉ ဘီလျံရှိခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂ ဒသမ ၅၃ ဘီလျံ ရှိခဲ့သည်။

ထို့ကြောင့် ယခုနှစ် ဖေဖော်ဝါရီလသည်လည်း သမိုင်းတစ်လျှောက် လအလိုက် လွှဲငွေ စတုတ္ထအများဆုံး လအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှုများကြောင့် ဟာစီနာ အစိုးရအဖွဲ့ ပြုတ်ကျခဲ့သည့် ပြီးခဲ့သည့် သြဂုတ်လကတည်းက လစဉ် ပြည်ပမှလွှဲငွေပမာဏသည် ပျမ်းမျှ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် ရှိခဲ့သည်ဟုလည်း ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

Source: Nikkei Asia