CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်များ မတ်လ ၂၈ ရက်က စတင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အိမ်ထောင်စု ၁၂၈,၉၆၅ စု၊ လူဦးရေ ၆၂၉,၂၀၆ ဦး ငလျင်ဘေးသင့်ခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်က ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာကော်မတီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၁၀)ခုတွင် ထိခိုက်ပျက်စီးခဲ့ရပြီး အိမ်ထောင်စု ၁၂၈,၉၆၅ စု၊ လူဦးရေ ၆၂၉,၂၀၆ ဦး ငလျင်ဘေးကြုံတွေ့ခဲ့ကြရသည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းက ပြောသည်။
ကယ်ဆယ်ရေးစခန်း ၁၃၅ ခုကို ပြောင်းရွှေနေထိုင်သူ ၄၈၆၅၆ ဦးရှိပြီး မိမိအစီအစဉ်နှင့် ပြောင်းရွှေ့နေထိုင်သူ ၁၅၉,၂၃၉ ဦးရှိကြောင်း၊ ငလျင်ဘေးသင့်ခဲ့သော်လည်း မိမိတို့၏ နေအိမ်များတွင် နေထိုင်လို့ရသည့်အတွက် ဆက် လက် နေထိုင်သူ ၄၂၁၃၁၁ ဦးရှိကြောင်း DMC ၏ ဧပြီ ၂၃ ရက် စာရင်းအရ သိရသည်။
အလားတူ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဧပြီ ၂၄ ရက် ကနဦးစာရင်း များအရ လူနေအိမ် ၆၃၈၅၄ လုံး၊ စာသင်ကျောင်း ၆၇၅၂ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၄၇၄ ကျောင်း၊ စေတီပုထိုး ၅၃၄၂ ဆူ၊ အခြား ဘာသာရေး အဆောက်အဦ ၆၁၃ လုံး၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး၊ ရထား လမ်း ၅၆ ခု၊ လမ်း ၂၇၁ ခု၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်း၊ ထရန်စဖော်မာ ၃၅၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ကာလတို၊ ကာလလတ်၊ ကာလရှည် ခွဲခြားလျက် အဆင့်လိုက် ပြီးစီးရေးစီမံ ဆောင်ရွက်သွားကြရန် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်းက ပြောသည်။
နိုင်ငံတကာတွင် ကာလတို ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၆ လမှ ၁၂ လအထိ၊ ကာလလတ် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ၁ နှစ်မှ ၂ နှစ်အထိ၊ ကာလရှည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂ နှစ်မှ ၅ နှစ်အထိ လိုအပ်ပါက ၁၀ နှစ်အထိ စသည်ဖြင့် ဆောင်ရွက်လေ့ရှိကြသည့်အတွက် မိမိတို့နိုင်ငံ၏ အရင်းအမြစ် ပေါ်တွင် မူတည်ပြီး ကဏ္ဍခွဲခြား ဆောင်ရွက်သွားမည်ဆိုပါက အမြန်ဆုံးပြီးမြောက်အောင်မြင်သည့် ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဟု ၎င်းက ပြောသည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အဓိက လိုအပ်ချက်မှာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး ပစ္စည်းများဖြစ် ရာ အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းမြင့်တင်ရောင်းချလျက်ရှိသည့်အတွက် ပြည်သူများမှာ အခက်အခဲဖြစ်နေ ကြသည်။
မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ ၉ ရုံမှ ငလျင်မလှုပ်မီက တစ်ရက်လျှင် ၃၀၇၀၀ တန်(၆၁၄၀၀၀)အိတ် ထုတ်လုပ် ခဲ့သော်လည်း ငလျင်လှုပ်ပြီး နောက်ပိုင်း စက်ရုံ ၆ ရုံမှ ဘိလပ်မြေ ၁၇၁၀၀ တန်(၃၄၂၀၀၀)အိတ် ထုတ်လုပ်ပေး လျက်ရှိကြောင်း၊ မေလ ၁၅ ရက်တွင် ဘိလပ်မြေ ၂၂၁၀၀ တန်(၄၄၂၀၀၀)အိတ် ထွက်ရှိနိုင်ရေး ထပ်မံတိုးမြှင့် ထုတ် လုပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ပြောကြားခဲ့သည်။
ထို့ပြင် စက်တင်ဘာလတွင် ဘိလပ်မြေ ၃၂၁၀၀ တန် (၆၄၂၀၀၀) အိတ်အထိ ထွက်ရှိအောင် ထပ်မံတိုးမြှင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘိလပ်မြေ တစ်အိတ် ဈေးနှုန်းကိုလည်း တစ်အိတ်လျှင် ၁၇၀၀၀ ကျပ်ဖြင့် ဘေးသင့် အဆောက်အအုံများသို့ ရောင်းချပေးရန် သက်ဆိုင်ရာ စက်ရုံများသို့ ဈေးနှုန်း သတ်မှတ် ပေးထားကြောင်း ၎င်းက ပြောသည်။
ထို့နောက် နစကဥက္ကဋ္ဌက ငလျင်ဘေးသင့် စစ်ကိုင်းတိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလီယံ၊ နေပြည်တော်ကောင်စီနယ်မြေအတွက် ငွေကျပ် ၁၀ ဘီလီယံ၊ ရှမ်းပြည်နယ်အတွက် ငွေကျပ် ၅ ဘီလီယံ စသဖြင့် ထောက်ပံ့ပေးခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နောက်ပိုင်း ဧပြီ ၂၃ ရက်အထိ ငလျင်လှုပ်ခတ်မှုအနေဖြင့် ၁၅၅ ကြိမ်ရှိခဲ့ ကြောင်း၊ နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ခတ်မှုများမှဦ ပျမ်းမျှ ရက်ချ်တာစကေး ၄ နှင့်အောက် အများစုဖြစ်ပြီး ရက်ချ်တာစကေး ၅ ဝန်းကျင် ၁ ကြိမ်ခန့်သာ ရှိခဲ့ကြောင်း၊ ဧပြီ ၂၃ ရက် နောက်ပိုင်းတွင် နောက်ဆက်တွဲ ငလျင် လှုပ်ခတ်မှု မရှိသေးကြောင်း သိရသည်။