CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေဖြင့် စစ်ရေးရည်မှန်းချက်အရ “ဝ” ကဲ့သို့ တိုင်းပြည်တစ်ခုတည်း၌ စနစ်နှစ်ခုပုံစံ အုပ်ချုပ်မှုမျိုး တောင်းလာနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် “ဝ”တပ်ဖွဲ့(UWSA) ရရှိခံစားနေရသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းမျိုးကို တခြားသော လက်နက်ကိုင်များကလည်း စံပြအနေဖြင့် ထား၍ တောင်းဆိုတိုက်ခိုက်လျက် ရှိနေသည်။

KIA အနေဖြင့် ကချင်ပြည်နယ် တစ်ခုလုံးကို စိုးမိုးရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်သွားနိုင်သည့်အပြင် ၎င်းထက်ပိုသည့် အခင်းအကျင်းမျိုးကိုလည်း လုပ်ဆောင်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

UWSA ကို တွေ့ရစဉ်(Ye Aung Thu)

၎င်းက “သူတို့ရဲ့ ကချင်ပြည်နယ်အတွက် အားလုံးစိုးမိုးရေးကိုကတော့ ဆက်လက် လုပ်သွားမှာတော့ ယုံမှားစရာ မရှိပါဘူး။ ဒီထက်ပိုကောင်းလည်း ပိုနိုင်တယ်။ သို့သော်လည်းပဲ အဓိက,ကတော့ အခုသတ်မှတ်ထားတဲ့ ကချင် ပြည်နယ်လောက်ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ ကျနော်မှန်းတာ မှားနိုင်တယ်နော်။ သို့သော်လည်း ပိုရထားတဲ့ အခါကြတော့ ပိုပြီး‌တော့ ဈေးဆစ်နိုင်တာပေါ့။ အများကြီး အမြတ်ထွက်နိုင်တာပေါ့။ သူလည်း “ဝ” တို့လိုပဲ တိုင်းပြည်ကတော့ တစ်ခုတည်း စနစ်နှစ်ခုလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်းပဲ ကျနော်ထင်တာ မမှားလို့ရှိရင် တော့ တရုတ်အဆင့်လောက်တော့ မမှန်းထားဘူးလို့ ထင်ပါတယ်။ တင်းပြည့်ကျပ်ပြည့် ဖက်ဒရယ် ရတယ်ဆိုရင် သူတို့က ပိုပြီးတော့ လက်ခံနိုင်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

KIA ၏ ၂၀၂၄ ခုနှစ်၊ မတ်လဆန်းပိုင်းက စတင်ခဲ့သော စစ်ဆင်ရေးသည် မဟာဗျူဟာမြောက် အရေးပါကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိကြသည်။

KIA သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စစ်ရေးအရ ရှုံးသွားတဲ့နယ်မြေများရှိခဲ့သော်လည်း ထိုကာလ၌ နိုင်ငံရေးအရ ဆုံးရှုံးမှုမများသေးကြောင်း၊ သို့သော် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံရေး အရသာမက စစ်ရေးအရတွင်ပါ အများကြီးရှုံးသွားသည့် အနေအထားရှိခဲ့ကြောင်း ထောက်ပြမှုများရှိသည်။

သို့သော် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်တွင် နိုင်ငံရေးအရ ပြန်အဖတ်ဆယ်ခြင်း၊ စစ်ရေးအရ အသာစီးရယူခြင်းတို့ လုပ်လာသည့်အခါမှာတော့ စစ်ရေးနှင့်နိုင်ငံရေး အသာစီးရလျက်ရှိကြောင်း အကဲခတ်များက ထောက်ပြကြသည်။

KIA ၏ စစ်ရေးဗျူဟာသည် နယ်မြေလုံခြုံရေးကို ပိုင်စိုးနိုင်ရန် အရယူလိုသည့် အနေအထားဖြစ်ပြီး အခြားသော ပထဝီ အနေအထားအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း မြန်မာနိုင်ငံ၏ အနောက်မြောက် တစ်ကြောလုံးကို သိမ်းပိုက်လိုသည့် ရည်မှန်းချက်ရှိကြောင်းလည်း သိရသည်။

ကချင်တိုင်းရင်းသားတွေကို တွေ့ရစဉ်

ထိုသို့ အနောက်မြောက်တစ်ကြောလုံးကို သိမ်းပိုက်ရန်မှာ မလွယ်ကူသည့်အပြင် ယခုကဲ့သို့ KIA အင်အားကြီး လာခြင်းသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုများကြောင့်လည်း ပါဝင်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သိပ်တော့မလွယ်လှပါဘူး။ အနောက်မြောက်တစ်ကြောလုံးကို သိမ်းပိုက်မယ်ဆို အခုကချင်ပြည်နယ်မှာ သူ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးကြည့်လိုက်ပါ သူ့ကိုတော်လှန်မှာက ရှမ်းနီတွေကစပြီး တော်လှန်မှာလေ။ ဒါကတော့ နောက်ခံကောင်းကောင်းမရှိရင် မလွယ်လောက်ဘူး။ အခုကလည်း သူ့အနေနဲ့ကတော့ အနောက်နိုင်ငံ ရဲ့ ထောက်ခံမှုတွေလည်းပါတာပေါ့။ အနောက်နိုင်ငံရော၊ တရုတ်ရော၊ သူက နှစ်ဖက်ခွစားပြီးမှ အလုပ်လုပ်တဲ့ အခါကြတော့ သူ့ရဲ့အင်အားတွေကတော့ ကြီးကြီးလာတာပေါ့။ ဒါပေမယ့် အပြစ်မပြောလိုပါဘူး။ သူ့အမျိုးသား ရေး ကြီးပွားဖို့အတွက် သူဆောင်ရွက်တာဖြစ်တဲ့အတွက် ဘယ်နေရာရရပေါ့။ ဒါပေမယ့် ဗဟိုအစိုးရအနေနဲ့ ထိန်းသိမ်းနိုင်ရမယ်။ ဒေသခံအနေနဲ့လည်း ကျ‌နော်တို့ KIA ကို လက်ခံတာ မရှိပါဘူး။ အဓိက,ကတော့ ကချင် ပြည်နယ်ပေါ့။ ဘယ်သူတွေ လက်မခံဘူးလဲဆို‌တော့ ကချင်ပြည်နယ်က ရှမ်းနီတွေကတော့ KIA ကိစ္စဆိုရင် လုံးဝ လက်မခံတာတွေရှိတယ်။ ဒါပေမယ့်သူက တရုတ်ဘက်အခြမ်းကို အုပ်ချုပ်နေမယ်ဆိုရင်တော့ တော်လှန်ရေးက တော့ ရှမ်းနီက ပြန်စရမှာပဲလေ” ဟု  ပြောသည်။

ထို့ပြင် ကချင်ပြည်နယ်အား KIA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်မည်ဆိုပါ ရှမ်းနီတိုင်းရင်းသားများမှ စတင်ကာ တော်လှန်ကြမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။

၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းသော KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ ၃ ခု အခြေစိုက်ပြီး ကချင်ပြည်နယ်တွင် တပ်မဟာ ၈ ခုရှိသည်။