CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃

တရုတ်နိုင်ငံသည် မကြာသေးမီက ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို မြန်မာနိုင်ငံ၊ လားရှိုးမြို့သို့ စေလွှတ်ခဲ့ပြီး မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရေး လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ‌ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာကုံကျားကူ(Mr. Guo Jiakun)က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်က ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Mr. Guo Jiakun က “ကူမင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအစိုးရနှင့် MNDAA တို့၏ သဘော တူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်၏ ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် မကြာသေး မီက ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့ကို မြန်မာနိုင်ငံ လားရှိုးမြို့သို့ စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံတပ်မတော်နှင့် MNDAA တို့အကြား ပစ်ခတ်ရပ်စဲ‌ရေးကို စောင့်ကြည်သွားမည်ဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ် ခြင်းအား မျက်မြင်သက်သေခံသွားမည်”ဟု ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Guo Jiakun ကို တွေ့ရစဉ်

မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၏ ဆန္ဒနှင့်တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက် ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ မြှင့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံသည် တက်ကြွစွာ ပံ့ပိုးကူညီ လျက်ရှိပါသည်ဟု ၎င်းက ပြောသည်။

Mr. Guo Jiakun က “တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲ များကို လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ဘက်အသီးသီးနှင့်အတူ တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က ရှမ်းပြည် နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အပါအဝင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။

မြန်မာ့တပ်မတော် စစ်ယာဉ်တန်းများ လားရှိုးမြို့ထဲ ဝင်ရောက်လာစဉ်

ထို့နောက် အုပ်ချုပ်ရေးယန္တရားများ ထူထောင်ရေး မြို့တော်စီမံခန့်ခွဲရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်ထံ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည် လွှဲပြောင်းပေးရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်သည် ဧပြီ ၂၁ ရက်က လားရှိုးမြို့အတွင်းသို့ စစ်ယာဉ်တန်းများဖြင့် ဝင်ရောက်လာပြီ MNDAA ထံက မြို့ကိုပြန်လည် လွှဲပြောင်းရယူခဲ့သလို တရုတ်နိုင်ငံကလည်း နှစ်ဖက်ပစ်ခတ်မှုရပ်စဲရေး စောင့်ကြည့်အဖွဲ့ကို  စေလွှတ်ခဲ့သည်။

သို့သော် တရုတ်၊ မြန်မာ့တပ်မတော်နှင့် MNDAA ကြား မည်သည့် သဘောတူညီချက်များ ရရှိခဲ့သည်ကိုတော့ အများပြည်သူကို ထုတ်ပြန်၍ ချပြခြင်းမရှိသေးပေ။