CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုကို နစကမှ လက်လွှတ်ဆုံးရှုံးထားရသော်လည်း လားရှိုးမြို့ကို ပြန်ရပါက အရှုံးမရှိသည့်အပြင် အမြတ်ထွက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်း စတင်ထားသည့် ကိုးကန့်တပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့ နောက်ဆုံးထား၍ နစကထံသို့ လားရှိုးမြို့အား ပြန်လည် လွှဲပြောင်းရေး လုပ်ငန်းစဉ်များ စတင်နေ သည်။
နစက အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မည်သည့်အရာမျှ မရရှိခြင်းနှင့် နှိုင်းယှဉ်ပါက ယခုကဲ့သို့ လားရှိုးမြို့ ကို ရရှိခြင်းသည် မရှုံးကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
လားရှိုးမြို့အဝိုင်းဘက်မှာ MNDAA အလံများ မရှိတော့သည်ကို တွေ့ရစဉ်
၎င်းက “ဘာမှမရတာထက် စာရင်တော့ လားရှိုး ရတယ်ဆိုတာက မရှုံးပါဘူး။ ဂုဏ်သိက္ခာလည်း ပြန်တက်သေး တယ်။ ဘာလို့ဆို လားရှိုးက အချက်အခြာမြို့ ဖြစ်နေတာကို။ မူဆယ်ကိုသွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းထားတယ်။ မန္တလေးကိုဆင်းတဲ့ လမ်းကြောင်းကို ထိန်းထားတယ်။ အဲဒီလမ်းကြောင်းကို ထိန်းသိမ်းနိုင်ဖို့နဲ့ အဲဒီလမ်းကြောင်းမှာ ကုန်သွယ်ရေးလုပ်ငန်းတွေကို ပြန်ပြီးအသက်ဝင်ဖို့က တရုတ်ကလည်း လိုချင်တယ်။ ဒါကို SAC ကလည်း လိုချင်တယ်။ ဒါကြောင့် ဂုဏ်သိက္ခာထိန်းတဲ့အနေနဲ့ လားရှိုးမှာ ပြန်ထိုင်ပြီးတော့ အာဏာပြတ်တာ က စစ်အင်အားသုံးထက်ကို ပိုကုန်ကျစရိတ်နည်းတယ်၊ အသေအပျောက်နည်းတယ်၊ သို့သော် နေပြည်တော်ရဲ့ ဩဇာအာဏာ ပြန်ပြီးတော့ တက်တယ်ဆိုတဲ့ သဘောက သူ့အတွက် အမြတ်ထွက်ပါတယ်။ မရှုံးပါဘူး”ဟု ပြော သည်။
မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)တို့အကြား ယာယီအပစ်ရပ်ရေးကို တရုတ်က ကြားဝင်စေ့စပ် ခဲ့ပြီးနောက် လားရှိုးမြို့ကနေ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာရန် ဖြစ်လာခဲ့သည်။
ဧပြီ ၂၁ ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့များ လားရှိုးမြို့၏ အုပ်ချုပ်ရေးမှ ထွက်ခွာခဲ့ကာ မြို့ထဲတွင် ကိုးကန့်အလံများ မရှိတော့ဘဲ မြန်မာနိုင်ငံအလံ တစ်ခုတည်းသာ လွှင့်ထူထားကြောင်းလည်း သတင်းဖော်ပြချက်များအရ သိရသည်။
ထိုသို့ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့မှ နစကထံ ပြန်လည် လွှဲပြောင်းပေးခြင်းသည် တရုတ်၏ ဖိအားကြောင့် ဖြစ်သည်ဟု ယူဆနေကြသည်။
ထိုယူဆချက်များအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဧပြီ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ အနေဖြင့် မြန်မာက သက်ဆိုင်ရာ အစုအဖွဲ့များကို နိုင်ငံရေး ပြန်လည်သင့်မြတ်ရန်နှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရန် မိတ်ဆွေသဘောဖြင့်သာ အကြံပြုပေးနေခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
လားရှိုးမြို့အတွင်း တစ်နေရာကိုတွေ့ရစဉ်
ယခုကဲ့သို့ နစကဘက်မှ လားရှိုးမြို့ကို ပြန်ရခြင်းသည် ၎င်းတို့အတွက် အားတက်စရာဖြစ်ကြောင်း တရုတ်-မြန်မာ အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မနေ့က ထူးခြားတာက တရုတ်ကလည်း ဗမာပြည်ရဲ့ ပြည်တွင်းရေးမှာ သူတို့ဝင်မပါပါဘူးလို့ ပြောတယ်။ ဒါပေမယ့် စေ့စပ်ဆွေးနွေးရေး ကိစ္စတွေပဲဖြစ်ဖြစ်၊ လားရှိုးကိစ္စမှာပဲဖြစ်ဖြစ် တရုတ်က ကမကထ လုပ်နေတာတွေ လည်း ရှိတာကို။ တရုတ်က ဒါမျိုးတွေလည်း လုပ်တတ်တယ်။ အရင်တုန်းက ကမ္ဘောဒီးယားမှာ ခမာတွေ ကိစ္စတို့၊ နောက်သီရိလင်္ကာက ကိစ္စတို့၊ အရှေ့တီမောကိစ္စတို့ ဒါတွေမှာလည်း သူတို့လုပ်တတ်တယ်။ အဲဒီတုန်းက ကျမ သိသလောက်ကတော့ ငြိမ်းချမ်းရေးစောင့် တပ်သားများအဖြစ်ဝင်ပြီးတော့ ဘက်နှစ်ဘက်ကြားမှာ ဝင်ပြီးတော့ အပစ်ခတ်ရပ်စဲရေး လုပ်လိုက်တယ်။ အဲဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်တာ တွေ့ဖူးတယ်။ အခုတော့ မပြော တတ်ဘူး။ ဆွေးနွေးနေကြဆဲပဲ ဖြစ်တာကို။ အဲဒီတော့ စစ်ကောင်စီဘက်ကလည်း လားရှိုးပြန်ရတယ်ဆိုရင် သူ့အတွက် စိတ်ဓါတ်ရေးရာ အားတက်စရာဖြစ်တာပေါ့။ MNDAA ဘက်ကလည်း သူက ကိုးကန့်လူမျိုးအတွက်ပဲ အခြေခံဒေသရဖို့ဆိုရင် လားရှိုးအထိ မလိုဘူးလေ။ သူ့အရင်ဒေသ ပတ်ဝန်းကျင်နဲ့ နည်းနည်းပါးပါးလောက်ပဲ ရတာပေါ့။ အဲဒီတော့ အဲဒီဟာတွေကို ဘယ်လိုထိန်းညှိမလဲတော့မသိဘူး။ စောင့်ကြည့်ရလိမ့်မယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းသုံးဖွဲ့ အပါအဝင် PDF များအနေဖြင့် မူဆယ်-မန္တလေးကြားက မြို့များ အားလုံးကို ဆုတ်ခွာရမည်ဖြစ်ကာ ကွတ်ခိုင်၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုတို့ ပါဝင်ကြောင်း သိရသည်။
MNDAA အနေဖြင့် တရုတ်၏ ညွှန်ကြားမှုအတိုင်း သွားရမှာဖြစ်သော်လည်း လားရှိုးမြို့ပြင်မှာတော့ တပ်စွဲထား ကြောင်းလည်း သိရသည်။