CNI International News

ဘေဂျင်း၊ ဧပြီ ၂၂

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တစ်ဖက်သတ်ဆန်သည့်ဝါဒနှင့် စျေးကွက်ကာကွယ်ရေးဝါဒကို ဆန့်ကျင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ဧပြီ ၂၁ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။

တရုတ်နှင့် အိန္ဒိယအနေဖြင့် ဒေသတွင်း စီးပွားရေး ပေါင်းစပ်ဆောင်ရွက်မှုကို ပူးပေါင်းမြှင့်တင်ရန်နှင့် ထောက်ပံ့ ရေးကွင်းဆက် တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းသင့်ကြောင်းလည်း ဝမ်က ဘေဂျင်းမြို့တော်တွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနို (Sugiono) နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဝါရှင်တန် (Washington) တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် တွေ့ဆုံခဲ့သည့် ဆူဂီအိုနိုသည် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဆာဖရီ ဆမ်ဆူဒီး (Sjafrie Sjamsoeddin) နှင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ဝမ်ယိနှင့်အတူ တရုတ်ကာကွယ်ရေးဝန်ကြီး တုံးကျွင်း (Dong Jun) နှင့် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအစည်းအဝေးသည် မိမိတို့နှစ်နိုင်ငံကြား အပြန်အလှန် နားလည်မှုနှင့် ဆက်သွယ်မှုများကို တိုးမြှင့်ရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆာဖရီက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်

ဧပြီ ၂၁ ရက် အစောပိုင်းကလည်း တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိအောင် ကြိုးပမ်းနေသည့် အခြားနိုင်ငံများကို သတိပေးခဲ့ပြီး အမေရိကန်အား အလျှော့ပေးခြင်းဖြင့် တရုတ်၏ အကျိုးစီးပွား ကို ထိခိုက်စေမည့် သဘောတူညီချက်များအား လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အညံ့ခံတာဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်း မပေးနိုင်ပါဘူး။ အလျှော့ပေးတာကလည်း လေးစားခံရမှာ မဟုတ်ပါဘူး”ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မိမိ၏ တစ်ကိုယ်ကောင်းဆန်သည့် အကျိုးစီးပွားများအတွက် အခြားတစ်ဦး၏ အကျိုးစီးပွားများကို ထိခိုက်အောင် လုပ်ဆောင်ခြင်းသည် ကျားတစ်ကောင်၏ သားရေကို ခွာယူရန် ကြိုးပမ်းသည့် အဓိပ္ပာယ်မျိုးဖြစ်ကြောင်း၊ ထိုသို့ ချဉ်းကပ်လုပ်ဆောင်မှုသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်ကြောင်း တရုတ်ကုန်သွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source: Reuters