CNI International News
ဒီမာပူရ၊ ဧပြီ ၂၁
အိန္ဒိယ-နာဂ နိုင်ငံရေးအခင်းအကျင်းတွင် သိသာထင်ရှားသည့် အပြောင်းအလဲ တစ်ခုအဖြစ် နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM) နှင့် အိန္ဒိယအစိုးရတို့သည် အပစ်အခတ်ရပ်စဲရေးကို ရှေးရှုသည့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု Eastern Mirror သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။
အပစ်အခတ်ရပ်စဲရေး ကြီးကြပ်ကွပ်ကဲမှုအဆင့်တွင် စတုတ္တအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို မတ်လ ၂၇ ရက်က နယူးဒေလီ (New Delhi)တွင် ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးမှုကို NSCN-K/AM အဖွဲ့၏ အတွင်းရေးမှူးချုပ် Kughalu Mülatonu က ဦးဆောင်တက်ရောက်ခဲ့ သည်ဟု NSCN-K/AM က ဧပြီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“နှစ်ဖက်စလုံးက ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး နည်းလမ်းတွေကို စိတ်အားထက်သန် စွာ ရှာဖွေနေကြပါတယ်။ မကြာခင်မှာ နောက်ထပ် အစည်းအဝေးတစ်ခုကို ကြားနေနိုင်ငံ တစ်နိုင်ငံမှာ ပြုလုပ်ဖို့ နားလည်မှုရရှိခဲ့ပါတယ်။ အာရှနိုင်ငံ တစ်နိုင်ငံမှာ ဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ နိုင်ငံမှာ မည်သည့် နိုင်ငံဖြစ်သည်ကိုတော့ ဖော်ပြထားခြင်းမရှိပါ။
ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့သည် အိန္ဒိယနှင့် နာဂလူမျိုးများ၏ အရေးကိစ္စများနှင့် အခြားကိစ္စရပ်များ ကို ဆွေးနွေးရန် အိန္ဒိယဗဟိုအစိုးရမှ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်မှစပြီး နာဂ NGO များနှင့် အိန္ဒိယအေဂျင်စီ အသီးသီးက လုပ်ဆောင်ခဲ့သော ချဉ်းကပ်ဆောင်ရွက်မှုများ အပြီးတွင် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ထိတွေ့ဆက်ဆံရန် ဆန္ဒရှိလာခဲ့သည်။
ထိုအခြေအနေသည် တည်ငြိမ်မှုရရှိပြီး တင်းမာမှုများ လျော့ကျလာသည့် လက္ခဏာဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် နေထိုင်သည့် နာဂလူမျိုးများသည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေပြီး လက်ရှိ အခြေအနေကို အနီးကပ်စောင့်ကြည့် နေကြသည်ဟုလည်း ဆိုသည်။
NSCN-K/AM သည် အိန္ဒိယနှင့် မြန်မာနိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“လက်ရှိအချိန်မှာတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေထဲက စစ်ကိုင်းတိုင်းဒေသကြီးမှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားပါတယ်။ ဒီအပစ်အခတ် ရပ်စဲရေးဟာ ၂၀၁၄ ခုနှစ်က SS Khaplang က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားတယ်လို့ မှတ်ယူနိုင်ပါတယ်။ အိန္ဒိယနဲ့ အလားတူ သဘောတူညီချက် ပြုလုပ်မှုဟာ ၂၀၀၁ ခုနှစ် မူဘောင်သဘောတူညီချက်ရဲ့ အနှစ်သာရကို ထိခိုက်စေမှာ မဟုတ်ဘူး” ဟု ဖော်ပြထားသည်။
အိန္ဒိယတွင် နောက်ထပ် အစည်းအဝေးများ ပြုလုပ်ရန် ဖြစ်နိုင်ခြေ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများနှင့် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် NSCN ၏ ထိပ်တန်းခေါင်းဆောင် ၃ ဦး၏ အိန္ဒိယသို့ သွားရောက်မည့် ခရီးစဉ်သည် မသေချာတော့ကြောင်း ထုတ်ပြန်ချက် ၌ ဖော်ပြခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရနဲ့ အတွင်းရေးမှူးချူပ် Kughalu Mulatonu က တခြား အဖွဲ့ဝင်တွေနဲ့အတူ သဘောတူညီချက်ကို အပြီးသတ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တွေဟာ အနာဂတ်မှာ အိန္ဒိယမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံ မှာပဲဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပါဝင်နိုင်ခြေရှိပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: Eastern Mirror