CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပရန် ကြိုးပမ်းနေသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ပြည်သူ လူထုက ပူးပေါင်းပါဝင်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှုတ်ခွန်းဆက်မင်္ဂလာ စကား ပြောကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ကျနော်တို့ အစိုးရက ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်သူလူထု လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်ပေးနိုင်ဖို့ လည်း လာမယ့် ဒီဇင်ဘာလအတွင်းမှာ လွတ်လပ်ပြီး တရားမျှတမှု အပြည့်ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို ကျင်းပပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် မိဘပြည်သူများအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ နိုင်ငံ တော်က ဆက်လက် လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီစနစ်မှာ နိုင်ငံသူ/သားများ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါဆို့လို ပြောကြားလိုပါတယ်”ဟု ပြောသည်။
နစကသည် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယအပတ်နှင့် စတုတ္တအပတ်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်နှင့် စတုတ္တအပတ်တွင်လည်းကောင်း ကျင်းပပြီးစီးရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
တခြားတစ်ဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်များ(EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် တက်ကြွလှုပ်ရှားသူများက နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ကြေညာထားသည်။
ဖက်ဒရယ်နှင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတချို့ကတော့ နိုင်ငံရေးသဘောတူညီချက် တစ်ခုကို ကြိုတင် ရယူ ထားပြီးမှ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ပိုမိုသင့်တော်ကြောင်း၊ သို့မဟုတ်ပါက ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း ပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက်မှာ ပိုမို အကျပ်အတည်းများဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ထောက်ပြလျက်ရှိသည်။