CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
အွန်လိုင်းငွေလိမ်လုပ်ငန်းများကြောင့် ဒုက္ခရောက်ပြီး ကူညီကယ်ထုတ်ခဲ့ရမှုများရှိသည့်အတွက် အိန္ဒိယနိုင်ငံသား များအနေဖြင့် အလုပ်ကမ်းလှမ်းမှုများကို သတိထားကြရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြဝတီမြို့(မြန်မာနိုင်ငံ)ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၃၂ ဦးအား မဲဆောက်(ထိုင်းနိုင်ငံ)မှတဆင့် ဧပြီ ၁၁ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသံရုံးက “ထိုကဲ့သို့သော အလုပ်ကမ်းလှမ်းမှုများကို ဆန့်ကျင်ကြရန် ကျွန်ုပ်တို့၏ အကြံပြုချက်ကို ထပ်မံအလေးထား ဖော်ပြအပ်ပါသည်။ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်လူဝင်မှုကြီးကြပ်ရေးမရှိဘဲ ဝင်/ထွက်ခြင်းများသည် တရားမဝင်ဖြစ်ပြီး အနာဂတ်တွင် ဝင်ခွင့်ကန့်သတ်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပေးပါသည်”ဟု ပြောသည်။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့တွင် ကျားဖြန် (ခေါ်) အွန်လိုင်းငွေလိမ်လည်လုပ် ငန်းများ၌ နိုင်ငံတကာမှ နိုင်ငံသားများကို စေခိုင်းလျက်ရှိသည်။
ထို့နောက် တရုတ်အစိုးရက ကျားဖြန့်လုပ်ငန်းသည် ၎င်းတို့၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားရေး ထိပါး သည်ဟုဆိုကာ မြန်မာနှင့်ထိုင်း အစိုးရများကို နှိမ်နင်းပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ကရင်ပြည်နယ်၊ မြဝတီ မြို့နှင့် ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းခဲ့သည်။
အဆိုပါ ကျားဖြန့် နှိမ်နင်းရေး စစ်ဆင်ရေးအတွင်း ပိတ်မိနေသော နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပေးလျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၄၀၀၀ ဝန်းကျင် သေဆုံးကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိပြီး လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ လမ်းတံတားများ၊ ဆက်သွယရေး ကွန်ရက် များ ပြိုကျပျက်စီး၍ လူသားချင်း စာနာထောက်ထားမှုများ အကြီးအကျယ် လိုအပ်နေသည်။
ထိုငလျင်ဘေးကြောင့် မြဝတီနှင့် ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့်နှိမ်နင်းရေးမှာ ပြည်သူလူထုနှင့် နိုင်ငံတကာ စာမျက်နှာမှာ မှေးမှိန်လျက်လာခဲ့သည်။
သို့သော် ကျားဖြန့်ဂိုဏ်းများသည် မြန်မာနိုင်ငံက ငလျင်ဘေးကို အခွင့်အကောင်းယူကာ ကျားဖြန့်လုပ်ငန်းများကို ပိုမို ရဲတင်းစွာလုပ်ကိုင်လာနေသည်ဟု မြန်မာနိုင်ငံသူ/သားများက ၎င်းတို့၏ တယ်လီဖုန်းမက်ဆေ့စ်များသို့ ရောက်ရှိလာသော စာများကို ပြ၍ ပြောလာကြသည်။