CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် နစကသည် ရွေးကောက်ပွဲကို ယခင်က စီစဉ်ထားသည့်ထက် အသုတ်လိုက်ခွဲ၍ ကျင်းပနိုင်ခြေရှိသည်ဟု နိုင်ငံရေးပါတီများက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲအား ၄ သုတ်ခွဲ၍ ကျင်းပမည်ဟု ရည်ရွယ်ထားသော်လည်း ယခုတွင် ငလျင်ဘေး ထပ်မံပေါ်ပေါက် လာသည့်အတွက် ၄ သုတ်ဖြင့်ခွဲ၍ ကျင်းပရန် မလုံလောက်ပါက ၅ သုတ်ခွဲကာ ကျင်းပနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီရွေးကောက်ပွဲ ‌‌ရွှေ့ဖို့ကတော့ အခုလက်ရှိ အနေအထားပေါ့နော် လက်ရှိ အနေအထားအရက တော်တော် လည်း အခြေအနေက ဆိုးသွားတဲ့ အခါကျတော့ ဒါမျိုးများ ဖြစ်မလားပေါ့၊ သို့ပေမယ့် ဒါအစိုးရဘက်က လုံးဝမရွှေ့ ဘူး ဆက်လုပ်သွားမယ်ဆိုတာ ကြားရတယ်ပေါ့နော်၊ ဒီအတောအတွင်းမှာ ကျနော်တို့ ၂၀၂၅ ရဲ့ ဒီဇင်ဘာလောက် ဆိုလို့ရှိရင် ကျနော်တို့ Recover တော်တော်များ ဖြစ်နိုင်မလား၊ ဒါကိုဖြစ်အောင်လည်း ကျနော်တို့ ကြိုးစားရမှာပေါ့ နော်၊ လုံးလုံးမဖြစ်ဘူး ဆိုရင်တော့လည်း ရွှေ့သင့်ရင်တော့လည်း ‌ရွှေ့ရမှာပေါ့လေ၊ ရွေးကောက်ပွဲ တကယ့်ကို လုပ်ရခက်နေတဲ့ဟာမျိုးကတော့ ရွှေ့ကိုရွှေ့ရမှာပေါ့နော်၊ ဒီဇင်ဘာ တတိယ အပတ်ရယ်၊ စတုတ္ထအပတ်ရယ်၊ ဇန်နဝါရီ ပထမအပတ်ရယ်၊ ဒုတိယအပတ်ရယ် ၄ သုတ်လောက်ခွဲပြီး ကျင်းပမယ်လို့ နဂိုကတည်းက ရည်ရွယ်ထား တာကိုး၊ နဂိုကတည်းက ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရှေ့မှာတုန်းကတော့ ကျနော်တို့ရဲ့ နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေ ပြည်တွင်းရဲ့ အခြေအနေအရ ဒီလို သုံးသပ်တာပေါ့နော်၊ ဒီလိုသွားမယ် လို့ ပြောထားခဲ့တာကိုး၊ အခုက ငလျင်ဘေးတစ်ခု ထပ်ပေါ်လာတဲ့ အတွက်ကြောင့်မို့လို့ ဒီငလျင်ဘေးသည်လည်း ခုနလိုပဲ ၄ သုတ်ခွဲတာနဲ့ မလောက်ရင်လည်း ၅ သုတ်ခွဲပေါ့” ဟု ပြောသည်။

 နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက် တွင် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ ၉ ရက် နောက်ဆုံးထား လျှောက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) က ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲအား အကြိမ်ကြိမ် ကျင်းပနိုင်ပြီး ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ် ကျ‌ရောက်သည့် နေရာ များအားရှောင်ပြီး တည်ငြိမ်အေးချမ်းမှုရှိသည့် ဧရိယာများအား ဦးစားပေး ကျင်းပနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွေးကောက်ပွဲကြီးတစ်ရပ် ပေါ်ထွန်းအောင်လုပ်ရင် အဲဒီရွေးကောက်ပွဲလည်း တစ်ကြိမ်တည်းနဲ့ ပြီးပြတ် ရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ မရှိဘူး၊ အကြိမ်ကြိမ် အလီလီ ကျင်းပမယ်၊ ကျင်းပတဲ့အခါမှာ free and fair ဖြစ်တဲ့ တစ်နည်းအားဖြင့် တရားမျှတ လွတ်လပ်တဲ့ ‌ရွေးကောက်ပွဲကို လုံလုံခြုံခြုံ‌ပေါ့ဗျာ ၁၀၀ ရာခိုင်နှုန်း ကျင်းပနိုင်မယ့် ဧရိယာတွေကို ဦးစား‌ပေး ကျင်းပပေးမှာပေါ့၊ အဲဒီတော့ ဒုတိယ၊ တတိယ၊ စတုတ္ထ စသည်ဖြင့် ဦးစားပေး အဆင့်ဆင့်ကတော့ သူ့မှာလာမှာပေါ့၊ အဲဒီလိုလုပ်တဲ့ ရွေးကောက်ပွဲတိုင်းက တက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အ‌ရေအတွက်သည် ခုနက လွှတ်တော်အထမြောက်တဲ့ အရေအတွက်ကို ရသွားရင် အစိုးရဖွဲ့ နိုင်ပြီပေါ့၊ ရွေးကောက်ပွဲ အလီလီ လုပ်နိုင်တယ် ဆိုတာလေးက လူထုရဲ့ ပဋိပက္ခ၊ အခုသဘာဝ ဘေးအန္တရာယ် ရှိတာပေါ့၊ အဲဒီ ၂ ခုကို ရှောင်ပြီးတော့ တည်ငြိမ်အေးချမ်းမှု၊ စစ်မှုထမ်းမရှိတဲ့ ဧရိယာတွေကို ဦးစားပေး ကျင်းပ မယ်ဆိုတာ ဖြစ်နိုင်ခြေများတာပေါ့၊ ဒါပေမယ့် ရွေးကောက်ပွဲ အထမြောက်အောင် လုပ်နိုင်ပါတယ်” ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချင်းအမျိုးသားနေ့ကို ပေးပို့သည့် သဝဏ်လွှာပါ ပြောစကားကို တွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် စစ်ဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေသကဲ့သို့ စီးပွားရေး ကျဆင်းမှု ပြန်လည်ဦးမော့ရေး ကြိုးပမ်းရန်လည်း လိုအပ် နေခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရန်မှာ မလွယ်ကူတော့ကြောင်း ထောက်ပြကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ရန် လျာထားပြီး ရွေးကောက်ပွဲ အထမြောက်သည့် အဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် နစကကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး လက်နက်ကိုင် အင်အားစုများက ကြိုးပမ်း နေသလို နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျ‌ရောက်သည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ ကို ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။