CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၌ နစကဘက်မှ အုပ်ချုပ်ရေးယန္တရားများ မရှိသည့်အတွက် မွတ်ဆလင်ဒုက္ခသည် များ နေရပ်ပြန်နိုင်ရေးအား နစကအနေဖြင့် လက်ခံရေး လုပ်ငန်းစဉ်များ မလုပ်ဆောင်နိုင်သေးကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြီးခဲ့သည့် ဘန်ကောက်ခရီးစဉ်တွင် မွတ်ဆလင် ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်၏ အဆင့်မြင့်ကိုယ်စားလှယ် ဒေါက်တာခါလီလာရာမန်တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် ငလျင်ကြောင့် ပြန်လည်ထူထောင်နိုင်ရေး လုံလောက်သည့် ငွေကြေး မရှိနေသည့်အပြင် ရခိုင် မြောက်ပိုင်းကို အာရက္ခတပ်တော်(AA)က အုပ်ချုပ်ထားသဖြင့် မွတ်ဆင်လင် ဒုက္ခသည်များ နေရပ်ပြန်ရေး နစက အနေဖြင့် မလုပ်ဆောင်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မလုပ်ဆောင်နိုင်ဘူး။ အခု သူပြန်လက်ခံမယ့်နယ်မြေ ဘယ်သူ့လက်ထဲမှာရှိလဲ နံပါတ်တစ်၊ ကုန်ကျစရိတ် ဘယ်သူထုတ်မလဲ နံပါတ်နှစ်၊ သူကလက်ခံဖို့ အာသီသ ရှိတယ်ဆိုပေမယ့် လက်တွေ့လုပ်ဖို့က မေးခွန်းတွေက ရှိတယ်။ အခုငလျင်ဒဏ်တောင် ပြန်လည်ထူထောင်ဖို့ ငွေမှမရှိဘဲ။ အဲဒီလူ ၁၈၀,၀၀၀ ကို ပြန်လက်ခံဖို့ ငွေက လည်း နည်းတဲ့ထုထည်မှ မဟုတ်ဘဲ။ အဲဒါကို ဘယ်သူထုတ်မလဲ။ အဲဒါ အဲဒီပြဿနာရှိတာပေါ့။ နောက်ပြီးတော့ ပြန်လည်သယ်ဆောင်ပြီး ပြန်လည်ချထားတာကိုလည်း တတိယအင်အားစုက ကြီးကြပ်မှရတယ်။ ကျနော်တို့ ကိုယ့်ဘာသာ သွားသယ်လို့လည်း မရဘူး။ အခုရှိနေတဲ့ အုပ်ချုပ်နယ်မြေ ထိန်းသိမ်းထားတဲ့ အဖွဲ့အစည်းတွေ ကလည်း လုပ်လို့မရဘူး။ ပြန်သွားတဲ့သူတွေက နံပါတ်တစ် ဂုဏ်သိက္ခာရှိရမယ်၊ နံပါတ်နှစ် နေရာတကျ ပြန်နေ ထိုင်နိုင်ရမယ်၊ နံပါတ်သုံး ဘဝရှင်သန်နိုင်ရမယ်။ ဒါမှ ပြန်သွားတယ်လို့ ခေါ်တာကို။ အားလုံးလုပ်ပေးမှ ပြန်လည် နေရာ ချထားတယ်လို့ခေါ်တာ။ အဲဒါတွေမပါဘဲနဲ့ ဟိုပြေးလိုက်ဒီပြေးလိုက် အထုပ်ခေါင်းပေါ်ရွက် ပြီးတော့သွား နေတာ အဲဒါနိုင်ငံတကာပုံစံမှ မဟုတ်ဘဲ။ မလုပ်နိုင်ကြပါဘူး။ အခုအခြေအနေမှာ အပြောပဲဖြစ်တယ် သဘောတူ တယ်ဆိုတာ။ ဘင်္ဂလားဒေ့ရှ်အစိုးရလည်း မလုပ်နိုင်ဘူး။ လက်ရှိ ရခိုင်အဖွဲ့အစည်းလည်း မလုပ်နိုင်ဘူး။ ကျနော် ထင်တယ် SAC လည်း လုပ်နိုင်မယ့် အလားအလာ မရှိပါဘူး” ဟု ပြောသည်။
BIMSTEC အစည်းအဝေး တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်များကို တွေ့ရစဉ်
နစကနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ဆွေးနွေးမှုတွင် ထွက်ပြေးတိမ်းရှောင်သွားသည့် မွတ်ဆလင် ဒုက္ခသည်များ ထဲမှ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုထားနိုင်သည့် အရေအတွက်ပေါင်း ၁၈၀,၀၀၀ ရှိသည်ဟု မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကို အသိပေးခဲ့သည်။
ထိုပမာဏသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ မြန်မာသို့ အုပ်စု ၆ သုတ်ခွဲပြီး တင်ပြ ခဲ့သည့် မွတ်ဆလင် ၈ သိန်းထဲမှာ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
နောက်ထပ် လူဦးရေ ၇ သောင်းကိုလည်း အပြီးသတ် စိစစ်နေဆဲဖြစ်ကြောင်း၊ ဓါတ်ပုံများနှင့် အထောက်အထား အသေးစိတ် အချက်လက်များကို ပြန်လည်သုံးသပ်ရန် ကျန်နေသေးကြောင်း သိရသည်။
ထို့ကြောင့် နေရပ်ပြန်ပို့ရေး အမှန်တကယ် လုပ်ဆောင်ခဲ့သည်ရှိသော် တရားဝင် စိစစ်အတည်ပြုရသေးသည့် ပမာဏ ၁၈၀,၀၀၀ ကိုသာ မြန်မာဘက်မှ ဦးစွာလက်ခံမည့် အနေအထားဖြစ်သည်။
ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည် စခန်းကို ရောက်လာစဉ်
ထိုသို့ မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ရေးအတွက် လူဦးရေ အတည်ပြုခဲ့ကြခြင်းသည် နိုင်ငံရေးအရ သဘောတူညီမှု တစ်ခုဟုသာ သုံးသပ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦး က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီအပိုင်းကတော့ နိုင်ငံရေးအရ သဘောတူညီမှု တစ်ခုလို့ပဲ ကျနော်တို့ သုံးသပ်တယ်။ လက်ရှိ အနေအထားအရ လက်ခံမယ်ဆိုရင် ဘယ်ဖက်၊ ဘယ်နေရာကနေ လက်ခံမှာလဲပေါ့။ အဲဒီအပိုင်းကတော့ ဒီသတင်းကနေ နောက်ထပ် အသေးစိတ် သတင်းထုတ်ပြန်တာကို စောင့်ရမယ့်သဘောပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပဋိပက္ခများကြောင့် ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင် ဒုက္ခသည်များ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရပြီးနောက် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ နေရပ်ပြန်နိုင်ရေးကို တိုက်တွန်းနေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လအတွင်း ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆင်လင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကတော့ ၎င်းတို့နေရပ် ပြန်နိုင်ရေးအတွက် AA နှင့် တွေ့ဆုံဆွေးနွေး စကားပြောရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။