CNI International News
ဘရပ်ဆဲလ်၊ ဧပြီ ၁၁
ရုရှားနှင့် ယူကရိန်းအကြား ဖြစ်နိုင်ခြေရှိသည့် အနာဂတ်ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထိန်းသိမ်းကြပ်မတ် ရန် ယူကရိန်းတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရေး အစီအစဉ်များနှင့်အတူ ဥရောပခေါင်းဆောင်များ ဆွေးနွေး ခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံအတွင်း တပ်ဖွဲ့များ ဖြန့်ကြက်ချထားရေးနှင့် ပတ်သပ်ပြီး ဗြိတိန်နှင့်ပြင်သစ်တို့သည် နိုင်ငံပေါင်း ၃၀ ခန့်မှ ကာကွယ်ရေးဝန်ကြီးများ တက်ရောက်သည့် အစည်းအဝေးကို ဧပြီ ၁၀ ရက်က ခေါ်ယူကျင်းပခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဗြိတိန်နှင့်ပြင်သစ် ထိပ်သီးစစ်ဘက်အရာရှိများသည် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် (Kyiv) မြို့တော်သို့ သွားရောက်ခဲ့ပြီးနောက် နေတိုးဌာနချုပ်တွင် ထိုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဥရောပခေါင်းဆောင်များ၏ ယခင်ပြုလုပ်နေကျ ပုံမှန် အစည်းအဝေးများကဲ့သို့ပင် အမေရိကန်သည် အစည်း အဝေးတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း ယူကရိန်းနှင့်သက်ဆိုင်သည့် ရည်မှန်းချက်များသည် အမေရိကန်၏ အထောက်အပံ့အပေါ်၌ မှီခိုနေရသည်။
ဥရောပနိုင်ငံခြားရေးမူဝါဒကော်မတီဥက္ကဋ္ဌကို တွေ့ရစဉ်
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့ကမူ ယူကရိန်းနှင့်ပတ်သက်သည့် အထောက်အပံ့ အစီအစဉ်များကို လူသိရှင်ကြား ကတိပြု ပြောကြားခဲ့ခြင်း မရှိသေးပေ။
ဥရောပအနေဖြင့် မိမိ၏ လုံခြုံရေးကို မိမိကိုယ်တိုင် တာဝန်ယူရမည်ဟု အမေရိကန်က သတိပေးခဲ့ပြီးနောက် ဥရောပနိုင်ငံများသည် တပ်ပေါင်းစုဖွဲ့စည်းရန် အစီအစဉ်ကို အလေးအနက်ထားပြီး ဆွေးနွေးခဲ့ကြသည်။
ဥရောပနိုင်ငံများ စုပေါင်းဖွဲ့စည်းမည့် တပ်ပေါင်းစုသည် ဥရောပတိုက်၏ အကျိုးစီးပွားကို ကာကွယ်ရန် ပထမဆုံး စမ်းသပ်ချက်တစ်ခုအဖြစ် ရှုမြင်ခံရမည်ဖြစ်သည်။
တပ်ပေါင်းစု ဖွဲ့စည်းမည့်ပုံစံသည် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်၏ သဘောသဘာဝအပေါ် မူတည်လိမ့်မည်ဖြစ်သည်။
သို့သော် ဥရောပတပ်ပေါင်းစုသည် ယူကရိန်းနှင့်ရုရှား နယ်စပ်အနီးတွင် စခန်းချဖွယ်မရှိဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ သတ်မှတ်ထားသောနေရာနှင့် ဝေးကွာသည့်နေရာ သို့မဟုတ် ယူကရိန်းနိုင်ငံ အပြင်ဘက် တွင် စခန်းချဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဗြိတိန်အရာရှိများကမူ ဥရောပတပ်ပေါင်းစုတွင် ပါဝင်မည့် စစ်သားအင်အားကို ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း ဥရောပနိုင်ငံများသည် အမေရိကန်၏ အကူအညီမပါဘဲ ၎င်းတို့၏ စစ်သားများကို စေလွှတ်ရန် တွန့်ဆုတ်နေကြသည်။
Source: အေပီ