CNI International News
ဝါရှင်တန်၊ ဧပြီ ၉
အမေရိကန်သည် အီရန်နှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
“ကျနော်တို့ ဧပြီ ၁၂ ရက်မှာ အရမ်းကြီးမားတဲ့ အစည်းအဝေးတစ်ခု ပြုလုပ်မှာဖြစ်ပြီး သူတို့နဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲသည် အမြင့်ဆုံးအဆင့် အစည်းအဝေး ဖြစ်နိုင်သည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi ) ကလည်း အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အတည်ပြုခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများသည် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်ပြီး ပြုလုပ်သည့် အဆင့်မြင့် ဆွေးနွေးပွဲများဖြစ်ကာ အိုမန်နိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ အခွင့်အလမ်းတစ်ခုလို့ ပြောလို့ရသလို စမ်းသပ်မှု တစ်ခုလို့လည်း ပြောလို့ရပါတယ်။ အမေရိကန်အပေါ်မှာ ပဲ မူတည်ပါတယ်” ဟု အာရက်ချီက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
အီရန်ခေါင်းဆောင်ကိုတွေ့ရစဉ်
ယခုလ အစောပိုင်းကမူ အီရန်၏ နျူကလီးယား စီမံကိန်းနှင့်ပတ်သက်ပြီး တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် ထရမ့်၏ ကမ်းလှမ်းမှုကို အီရန်က ငြင်းဆိုခဲ့သည်။
သို့သော် လက်ရှိတွင် အီရန်က သွယ်ဝိုက်ပြုလုပ်သည့် အဆင့်မြင့် ဆွေးနွေးပွဲများကို လက်ခံခဲ့ဖွယ်ရှိသည်။
ထရမ့်ကမူ ဆွေးနွေးပွဲများ အောင်မြင်ခြင်းမရှိပါက အီရန်သည် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
“အီရန် အနေနဲ့ နျူကလီးယား လက်နက်တွေ ပိုင်လို့မရပါဘူး။ ဆွေးနွေးပွဲတွေသာ မအောင်မြင်ဘူးဆိုရင် အီရန် အတွက် အရမ်းဆိုးတဲ့နေ့ရက် ဖြစ်သွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်တွင် အမေရိကန်နှင့် အီရန်အကြား သွယ်ဝိုက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း တိုးတက်မှုအနည်းငယ်သာ ရရှိခဲ့သည်။
Source: DW