CNI International News

ဘဂ္ဂဒက်၊ ဧပြီ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)အစိုးရ၏ ခြိမ်းခြောက်မှုကြောင့် အီရတ်ရှိ အီရန် ကျောထောက် နောက်ခံပြု အင်အားကြီး ပြည်သူ့စစ်အဖွဲ့များက ပထမဆုံးကြိမ်အဖြစ် လက်နက်ချရန် ပြင်ဆင်နေသည်ဟု အကြီးတန်းတပ်မှူး ၁၀ ဦးနှင့် အီရတ်တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဇန်နဝါရီလကတည်းက အမေရိကန် တာဝန်ရှိသူများသည် အီရတ်အစိုးရကို သီးသန့်သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်း နေကြခြင်းဖြစ်သည်ဟု အဓိကပြည်သူ့စစ်တပ်ဖွဲ့လေးဖွဲ့မှ ဒေသခံတပ်မှူး ၆ ဦး အပါအဝင် သတင်းအရင်းအမြစ် များက ပြောကြားခဲ့သည်။

အီရတ်မြေပေါ်တွင် ပြည်သူ့စစ်များအနေဖြင့် လက်နက်မချလျှင် အမေရိကန်က ထိုအဖွဲ့များကို လေကြောင်း တိုက်ခိုက်ရန် ပစ်မှတ်ထားနိုင်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ် 

အီရတ်ဝန်ကြီးချုပ် မိုဟာမယ် ရှီရာ အယ် ဆူဒါနီ(Mohammed Shia al-Sudani)နှင့် ပြည်သူ့စစ်ခေါင်းဆောင် အများအပြားက အသေးစိတ် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အီရတ်၏ အာဏာရ မဟာမိတ်အဖွဲ့နှင့် နီးစပ်သည့် အကြီးတန်း ရှီးယားနိုင်ငံရေးသမား တစ်ဦးဖြစ်သူ အစ်ဇ်ဇက် အယ် ရှားဘန်ဒါ(Izzat al-Shahbndar) က ရိုက်တာသတင်းကို ပြောပြခဲ့သည်။

လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့များ အနေဖြင့် လက်နက်ချရန် အမေရိကန်၏ တောင်းဆိုချက်အတိုင်း လိုက်လျော ရန် အဆင်သင့် ရှိနေသည်ဟု ၎င်းက ဆိုသည်။

“ဒီအဖွဲ့တွေက ခေါင်းမာတဲ့ အပြုအမူမျိုး ဒါမှမဟုတ် လက်ရှိ အနေအထားကို ဆက်လက်ထားရှိဖို့ ငြင်းဆန်တာမျိုး မရှိပါဘူး’ဟု ၎င်းက ဆိုသည်။

အီရတ်နိုင်ငံအတွင်းက ပြည်သူ့စစ်ရဲဘော် ၂ ဦးကို တွေ့ရစဉ်

ပြည်သူ့စစ်အဖွဲ့များသည် အမေရိကန်၏ ပစ်မှတ်ထားလာနိုင်သည့် အခြေအနေကို အပြည့်အဝ နားလည် လက်ခံ ထားသည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ထိုအခြေအနေကို ဆွေးနွေးရန် ဘဂ္ဂဒတ်မြို့တော်နှင့် တောင်ပိုင်းပြည်နယ်တစ်ခုမှ အမည်မဖော်လိုသည့် ပြည်သူ့စစ်တပ်မှူး ၆ ဦးကို အင်တာဗျူးခဲ့ခြင်းဖြစ်ကာ ၎င်းတို့သည်  ကာ့ဒ်တိုင် ဟစ်ဘိုလာ(Kataib Hezbollah)၊ နုဂျာဘာစ်(Nujabaa)၊ ကာ့ဒ်တိုင် ဆေရိဒ့် အယ်စ် ရှားဟဒါ (Kataib Sayyed al-Shuhada) နှင့် အန်ဆာအူလာ အယ်စ် အာဝီဖီရာ (Ansarullah al-Awfiyaa)အဖွဲ့များမှ တပ်မှူးများဖြစ်သည်။

“ထရမ့်က အဆိုးဆုံး အခြေအနေအထိ စစ်ပွဲဖြစ်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ကျနော်တို့ သိထားပါတယ်။ ဒီအခြေအနေကို ရှောင်လွှဲချင်ပါတယ်”ဟု အင်အားကြီး ရှီးယားပြည်သူ့စစ် အဖွဲ့ဖြစ်သည့် ကာ့ဒ်တိုင် ဟစ်ဘိုလာ( Kataib Hezbollah)မှ တပ်မှူးတစ်ဦးက ပြောကြားခဲ့သည်။

Source: ရိုက်တာ