CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၇
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် BIMSTEC အစည်းအဝေးသည် အထောက်အကူ ဖြစ်စေကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်္ဂလားပင်လယ်အော် အစီအစဥ် (BIMSTEC) ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့ သည်။
ထိုအစည်းအဝေးတွင် ပါဝင်သည့် နိုင်ငံများကလည်း မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့် ဒေသများ၌ သိသိသာသာ ဝင်ရောက် ကူညီနေခြင်းဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အထောက်အကူဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်က ကျင်းပသည့် BIMSTEC အစည်းအဝေးကို တွေ့ရစဉ်
၎င်းက “ဒီတစ်ခေါက်က ငလျင်ဘေးဆိုတဲ့ အခါကျတော့ လူတွေအများကြီး ထိခိုက်နစ်နာဆုံးရှုံး ပျက်စီးသွားတယ် ဆိုတော့ လူသားဆန်သော လူတွေမှန်သမျှက ဒါဘယ်သူ အုပ်ချုပ်နေပါသည် ဖြစ်စေပေါ့နော် ဒီဟာကို က ကူညီပေးရမယ်ဆိုတဲ့ဟာမျိုး ရှိတာကိုး၊ ဒီအတွက်ကြောင့်မို့လို့ BIMSTEC ဒါနဲ့ ချိန်ကိုက် အားလျော်စွာ BIMSTEC အစည်းအဝေးကလည်း ဖြစ်သွားတဲ့ အခါကျတော့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သွားတက်တဲ့ အခါမှာ အကုန်လုံးက ဒီငလျင်ဘေးကို အဓိက ဂရုစိုက်ပြီး ပြောကြတယ်၊ အားလုံးက ဝိုင်းကူညီမယ် ဆိုတဲ့ဟာမျိုး ဖြစ်တယ်ဆိုတဲ့ အခါကျတော့ ဒါတော်တော်လေးကို ပြန်လည် ထူထောင်ရေး အတွက်ကတော့ ဒီ BIMSTEC ၅ နိုင်ငံစလုံးကလည်း အခုတော်တော်ကို သိသိသာသာလည်း ဝင်ပြီး ကူညီနေတာ ဖြစ်တော့လေ အများကြီးတော့ အထောက်အကူ ဖြစ်ပါတယ်၊ ပြီးတော့ ဒီဥစ္စာကလည်း အခုဆိုရင်ပဲ ကျနော်တို့ ကြားသိရသလောက် ဆိုလို့ရှိရင် အမေရိကန်တို့ ဘာတို့လည်း တော်တော်လေး ထဲထဲဝင်ဝင် ကူညီမယ်ဆိုတဲ့ အတိုင်းအတာမျိုးလေးတွေ ကြားလာ ရတာပေါ့၊ အဲအပေါ်မှာကတော့ ပြည်သူတွေအတွက် အားလုံးကမ္ဘာ့နိုင်ငံ အသီးသီးက ကျနော်တို့ မြန်မာပြည်သူ လူထုကို ပြစ်မထားဘူးပေါ့နော်၊ အားလုံးသေချာ ဝိုင်းပြီးတော့မှ ကူညီစောင့်ရှောက်ကြတာကိုး မြင်ရတော့လည်း ဝမ်းသာရပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ထိုအစည်းအဝေးတွင် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာ စသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံကတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည်။
BIMSTEC အစည်းအဝေးမှတဆင့် အိမ်နီးချင်း နိုင်ငံများနှင့် နစကသည် အဆက်အသွယ်တစ်ခု ရရှိခဲ့ကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ သေချာပေါက် ပေးလာနိုင်မည်ဖြစ်ပြီး ယခုလည်း ပေးနေကြပြီဖြစ် ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေးစဉ်
၎င်းက “ဘာပဲဖြစ်ဖြစ် အဲဒီအိမ်နီးချင်း နိုင်ငံတွေနဲ့တော့ သူတို့ကတော့ အဆက်အသွယ်တစ်ခုတော့ ရခဲ့တာပေါ့ဗျာ၊ သံတမန်ရေးရာ ကိစ္စတွေလည်း အပါအဝင်ပေါ့လေ၊ အဓိက ကျနော်တို့နိုင်ငံမှာက အာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ ပြည်တွင်းစစ်ဟာ နက်နက်ရှိုင်းရှိုင်း ဖြစ်လာတယ်၊ အကုန်လုံးက ပြည်တွင်းစစ်ဒဏ်ကို ခံကြရတယ်၊ စစ်ဘေးရှောင်တွေ အများကြီးဖြစ်တယ်၊ နောက်မကြာခင် ပြီးခဲ့တဲ့လ ၂၈ က စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ကို အဓိက မြို့ကြီးတွေမှာ လှုပ်သွားတဲ့ ငလျင်ကလည်း ကျနော်တို့ ဒီဖက် ရာစုနှစ်မှာဆိုရင် အဆိုးရွားဆုံး အခြေအနေ ဖြစ်တယ်၊ ဒီဟာတွေအတွက်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့ဆိုတဲ့ ဟာမျိုးတော့ နိုင်ငံတကာကလည်း ပေးနိုင်တယ်၊ ဒီအဖွဲ့အစည်းတွေ ထဲကလည်း ပေးလာလိမ့်မယ်လို့တော့ မြင်ရပါတယ်၊ သေချာပေါက် ပေးလာမယ့် သဘောဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလည်း ပေးနေကြတာပဲ၊ မပေးလို့မှ မရတာလေ။ အဲတော့ ကမ္ဘာ့အဝန်းအဝိုင်းထဲမှာ ဒီနိုင်ငံကလည်း ရှိတယ်ဆိုတဲ့ အနေအထားမျိုးကြောင့် ပေးရတယ် လို့ မြင်တယ်ပေါ့နော်” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် BIMSTEC အစည်းအဝေးအား တက်ရောက်ရန် ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်က ဘန်ကောက်မြို့(ထိုင်းနိုင်ငံ) သို့ ရောက်ရှိလာခဲ့ပြီး နီပေါဝန်ကြီးချုပ်နှင့် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ သည်။
ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့ဖြင့်လည်း ဧပြီ ၄ ရက်က သီးသန့်စီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ မြန်မာနိုင်ငံအတွက် လိုအပ်သည့် အကူအညီများကို မိမိတို့အနေဖြင့် ဆက်လက် ပေးအပ်သွားမည်ဟု နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သလို ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကလည်း မြန်မာငလျင်ဘေးသင့် ပြည်သူများကို အကူအညီများ ဆက်လက်ပေးမည်ဟု ပြောကြားခဲ့သည်။
BIMSTEC အဖွဲ့ထဲတွင် ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနှင့် ဘူတန်နိုင်ငံတို့ ပါဝင်ပြီး အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အစည်းအဝေး များ ပြုလုပ်လေ့ရှိသည်။