CNI International News

ကိယက်ဗ်၊ မတ်လ ၂၇

ပင်လယ်နက်အတွင်း တိုက်ခိုက်မှုများနှင့် စွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်မှုများအား ရပ်တန့်ရန် ယူကရိန်း၊ ရုရှားတို့နှင့် မတ်လ ၂၅ ရက်တွင် အမေရိကန်က သဘောတူညီချက်များ ရရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ပူတင်(Vladimir Putin)က ကာလကြာရှည် ကြိုးပမ်းနေသည့် ရုရှားအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်အတွက် ထရမ့်အစိုးရက အကူအညီပေးရန် သဘောတူခဲ့သောကြောင့် ရုရှားနှင့် အမေရိကန်တို့၏ သဘောတူညီချက်သည် ယူကရိန်းနှင့် ရုရှား၏ သဘောတူညီချက်ထက် ပိုမိုသာလွန်လျက် ရှိသည်။

ထိုသီးခြား သဘောတူညီချက်များသည်  ဒေါ်နယ်ထရမ့် (Donald Trump)က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ပြီးနောက်ပိုင်း ရန်လိုနေသော နှစ်ဘက်စလုံးဖြင့် ပထမဆုံးအကြိမ် တရားဝင် ကတိကဝတ်များ ဖြစ်လာသည်။

ထရမ့်သည် စစ်ပွဲအဆုံးသတ်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် ရုရှားအစိုးရနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေပြီး အဆိုပါကိစ္စရပ်အား ယူကရိန်းအစိုးရနှင့် ဥရောပနိုင်ငံများက သတိထားလျက်ရှိသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

“ကျနော်တို့ ရုရှားနဲ့ ယူကရိန်းတို့နဲ့ အလေးအနက် ဆွေးနွေးနေပါတယ်။ ဒါက အရမ်းအဆင်ပြေနေတယ်လို့ ပြောချင်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

ရုရှားဘဏ် အချို့နှင့် နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တို့ကြား ချိတ်ဆက်မှု ပြန်လည်မရရှိပါက ပင်လယ်နက် သဘောတူညီချက် အသက်ဝင်လာလိမ့်မည် မဟုတ်ကြောင်း ရုရှားအစိုးရက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy)ကမူ ထိုလုပ်ဆောင်ချက်သည် မမှန်ကန်ကြောင်းနှင့် သဘောတူညီချက်များ အသက်ဝင်လာစေရန်အတွက် ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ပေးရန် မလိုအပ် ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနှင့်ရုရှား အစိုးရနှစ်ဘက်စလုံးက သဘောတူညီချက်များ အသက်ဝင်ရန် အမေရိကန်အစိုးရအပေါ် မှီခိုအားထားနေရကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ