CNI News

၂၀၂၅ ခုနှစ်၊ မတ် ၂၄

မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများကြား အချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် နိုင်ငံခြားက တိုက်တွန်းမှုများသည် အလုပ်မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာပြည်၏ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်စနစ် လုပ်ငန်းစဥ်များအား ပံ့ပိုးကူညီရန်နှင့် တော်လှန်ရေး အဖွဲ့အစည်းများအကြား နိုင်ငံရေးဆွေးနွေးမှုများ လုပ်နိုင်ရန်လည်း အိမ်နီးချင်းနိုင်ငံများက ပံ့ပိုးရန် လိုအပ် ကြောင်း Forum of Federations ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဝင်းမင်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်‌တော်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂- ၂၃ ရက်များက ပြုလုပ်သည့် မြန်မာ့အရေး ဒုတိယနေ့ ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးချိန် ၎င်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးနိုင်ရန် နိုင်ငံခြားတိုက်တွန်းမှုများအား ကြိုဆိုရမည် ဖြစ်သော်လည်း လက်တွေ့တွင် အလုပ်မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော့်အမြင် ပြောရလို့ရှိရင်တော့ အဲလိုကိစ္စတွေကို ကျနော်တို့ ကြိုဆိုရမှာပါ၊ ဒါပေမယ့် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး၊ အလုပ်ဖြစ်မယ်လို့ ကျနော်က မယူဆပါဘူး၊ မယုံကြည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်တွင်းမှာ အတူတူရပ်တည်နေတဲ့ အဖွဲ့အစည်း အချင်းချင်းတောင် ပြောလို့မရတာ နိုင်ငံခြားက အဲဒါတွေလုပ် ဖို့ တိုက်တွန်းတယ်ဆိုတဲ့ကိစ္စက လက်တွေ့မှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်၊ အခု ဖြစ်နေတဲ့ ပဋိပက္ခလေးတွေကတော့ အခြေခံကျကျ ဖြေရှင်းချင်တယ် ဆိုလို့ရှိရင် စစ်ကောင်စီ ပြုတ်ကျသွား ပြီးတဲ့နောက်မှာ အခြေခံကျကျ ဖြေရှင်းလို့ရမှာပါ၊ အဲဒီမတိုင်ခင်တော့ ရှိနေဦးမှာပါပဲ။ သို့သော်ငြားလည်း အဲဒီကိစ္စ က လက်နက်ကိုင်ပဋိပက္ခအထိတော့ ဒီနေ့ဖြစ်လာတာ မတွေ့သေးပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ ဗဟိုကော်မတီအဆင့် အချင်းချင်းကတော့ အပြန်အလှန် နားလည်မှုတွေ ရှိနေကြသေးလို့ပါပဲ၊ ဖြစ်နိုင်ရင် ဗဟိုကော်မတီတွေ ကိုယ်တိုင်အနေနဲ့ လမ်းညွှန်ချက်လောက် ပေးရုံမဟုတ်ဘဲနဲ့ နယ်မြေတွင်းမှာ ဆင်းပြီးတော့ ပညာပေးတာ၊ ဆွေးနွေးတာတွေ လက်တွေ့လုပ်နိုင်ရင်တော့ တစ်စုံတစ်ရာ သက်သာပါလိမ့်မယ်၊ ဒါပေမယ့် လုံးဝ ကင်းရှင်းသွားမယ်လို့တော့ မထင်ပါဘူး” ဟု ပြောသည်။

KIA – PDF ကို တွေ့ရစဉ်

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေ စိုးမိုးမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ အငြင်းပွားမှု ပြဿနာများမှာလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြမှု များရှိနေသည်။

အကျိုးစီးပွားများ မတူသည့်အတွက် တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခများ ရှေ့လျှောက်တွင်လည်း ရှိနေနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မှန်ပါတယ် ပဋိပက္ခတွေ များတယ်ဆိုတာ အဲဒီပဋိပက္ခတွေက ရှေ့လျှောက်လည်း ရှိနိုင်တယ်၊ ဘာဖြစ်လို့ လဲဆိုတော့ အကျိုးစီးပွားတွေ မတူလို့ တိုင်းရင်းသားဒေသ အချင်းချင်းမှာလည်း ရှိနိုင်တယ်၊ ပြည်မက ဟိုနင်း (အင်အားစု) တွေလည်း ရှိနိုင်တယ်၊ ကျမတို့ သတိထားရမှာက ဒီစစ်အာဏာရှင်စနစ် ဒီလောက် သက်ဆိုးရှည်နေ တာဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ အဲလိုကွဲနေလို့၊ အဲလို ပဋိပက္ခတွေ ဖြစ်နေလို့ ဖြစ်တယ်ဆိုတာကို ကျမတို့ သိဖို့လိုတယ်၊ ဒါကိုလည်း စစ်အုပ်စုက အသုံးချနေပုံရတယ်၊ ဒါပေမယ့် အခုတခြားဟာမကြည့်နဲ့ သူတို့ လူမျိုးချင်းချင်းပဲဖြစ်ဖြစ်၊ တစ်ဒေသနဲ့ တစ်ဒေသပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်တဲ့အခါမှာ တတ်နိုင်သမျှ လက်နက်နဲ့ မဖြေရှင်းဘူး၊ စေ့စပ်ဆွေးနွေး အဖြေရှာမယ်ဆိုတဲ့ အဖြေတစ်ခုကို ရထားကြတယ်၊ အဲလို သဘောတူညီမှု ရထား တာဟာ တော်လှန်ရေးကို ‌ရှေ့တစ်ဆင့်တက်တာပဲ၊ အဲနည်းတွေနဲ့သာ ကျမတို့က ကိုယ့်တော်လှန်ရေးကို ကိုယ် အောင်အောင် လုပ်နိုင်မှာဗျ” ဟု ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်တွင် KIA နှင့် TNLA ကြားလည်းကောင်း၊ KIA နှင့် MNDAA ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း၊ RCSS နှင့် SSPP ကြားလည်းကောင်း၊ PNO နှင့် PNLO ကြားလည်းကောင်း နယ်မြေ အငြင်းပွား၍ ပွတ်တိုက်မှုများ ဖြစ်ပွားနေသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အတွင်းတွင် NMSP နှင့် KNU ကြားလည်းကောင်း၊ KNU နှင့် KTLA ကြားလည်းကောင်း နယ်မြေအငြင်းပွားမှုများ ရှိနေသည်။