CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၀
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)မှ ဦးဆောင်၍ Peace Talk 2025 (ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅) ခေါင်းစဥ်ဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄-၂၅-၂၆ ရက်များတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ခေါင်းစဉ်ကွဲ ၂ ခုဖြင့် အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်း၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ အဖွဲ့ (၁) အနေဖြင့် နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ၊ အဖွဲ့ (၂) အနေဖြင့် စီးပွားရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဟူ၍ ဖွဲ့စည်း ကာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သည့် အနေအထားရှိသောကြောင့် ယခုဆွေးနွေးပွဲ ပြီးပါက မြန်မာ့ငြိမ်းချမ်းရေး အတွက် ရှေ့ရောက်လာမည့် အလားအလာရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
NSPNC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးနေစဉ်
၎င်းက “ပါဝင်တဲ့ (ဒီ)ကျနော်တို့ ဖိတ်ကြားထားတဲ့ ဟာတွေကလည်း တကယ့်တော်တော်ကို လူတော်တော်စုံတဲ့ အနေအထား ရှိတာပေါ့၊ တော်တော်စုံတယ်ဆိုတဲ့ အနေအထားရှိတယ် ခေါင်းစဥ်တွေကလည်း လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်နဲ့ အနာဂတ် အလားအလာတို့၊ ပြီးရင် ပဋိပက္ခလျှော့ချရေးနဲ့ ပဋိပက္ခလျှော့ချနေတဲ့ ကာလအတွင်းမှာ စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုကို ကြိုးပမ်းတဲ့နေရာမှာ ဆက်စပ်တဲ့ကဏ္ဍတွေပေါ့ ထည့်သွင်းစဥ်းစား တာတွေ ဘာတွေဖြစ်မလဲ ဆိုတာပေါ့နော်၊ ဒီတစ်ခါတော့ တော်တော် ကျယ်ကျယ်ပြန့်ပြန့်လုပ်တဲ့ အနေအထား ရှိတော့လေ၊ ပါဝင်မယ့်လူတွေလည်း စီးပွားရေးဖက်ကရော၊ လုံခြုံရေးဖက်က ဆိုလို့ရှိရင်လည်း တပ်မတော် အငြိမ်းစား အရာရှိတွေရော၊ ဒီ EAO ကိုယ်စားလှယ်တွေရော ဘာတွေရောဆိုတဲ့ အခါကျတော့ ကျနော်တို့ ဒီတစ်ပွဲ ပြီးရင်တော့ တော်တော်လေးကို မြန်မာ့ငြိမ်းချမ်းရေး အတွက်ကိုက တော်တော်ရှေ့ရောက်လာမယ့် အလားအလာ ရှိတယ်ပေါ့နော်၊ တော်တော်လေး ထိထိရောက်ရောက်တော့ ဖြစ်မယ်လို့တော့ ထင်ပါတယ်”ဟု ပြောသည်။
ထိုတွေ့ဆုံ ဆွေးနွေးပွဲတွင် NSPNC မှ ကော်မတီဝင်များ၊ တပ်မတော်မှ အငြိမ်းစားအရာရှိကြီးများ၊ JMC ကိုယ်စား လှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွင် ပါဝင်ဆောင်ရွက်နေကြသူများ၊ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် လေ့လာသူများ စသည်တို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲမှတဆင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်များနှင့်ပတ်သက်၍ ကောင်းသည့်ဖက်အား သွားနိုင် ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်က အိန္ဒိယစင်တာမှာ မြန်မာကိုယ်စားလှယ်တွေနဲ့ အိန္ဒိယပညာရှင်တို့ ဖက်ဒရယ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြစဉ်
၎င်းက “ဒီတွေ့ဆုံဆွေးနွေးပွဲကနေ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ တစ်စုံတစ်ခု တိုင်းတာပြီးတော့ ကောင်းတဲ့ဖက်ကို သွားနိုင်တာပေါ့၊ မြန်မာ့ငြိမ်းချမ်းရေး၊ လက်ရှိနိုင်ငံရေး ဖြစ်ပျက်နေမှုတွေ၊ တည်ငြိမ်မှု လိုအပ် ချက်တွေ၊ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲအပြီး အစိုးရဆိုတာတစ်ခု ဖြစ်လာနိုင်တယ်၊ နောက် မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ လူမှုဘဝတွေရယ်၊ ပြည်တွင်းစစ်ကြီးရယ်ပေါ့ဗျာ ဒါတွေအားလုံးကို ခြုံငုံပြီးမှ ဆွေးနွေးကြမယ် ထင်တယ်၊ ဆိုတော့ အဖြေတစ်ခုကတော့ လူထုကိုလည်း ဆွေးနွေးပွဲပြီးရင် ပေးလာနိုင်တယ်၊ အဲသလိုပဲ အစိုးရဆီ လည်း ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရလဒ်တွေကို တင်ပြပြီးမှ ရှေ့ဆက်သွားမယ့် ပုံသဏ္ဍာန်လေးတွေကို အဖြေ ထုတ်နိုင်တာပေါ့၊ ဘာလို့ဆို သူတို့သတ်မှတ်ထားပြီးပြီလေ ရွေးကောက်ပွဲက ၂၀၂၅ ဒီဇင်ဘာအကုန် သို့မဟုတ် ၂၀၂၆ ဇန်နဝါရီ စသဖြင့်ပေါ့၊ အဲဒီဖြစ်စဥ်ပြီးရင် ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ အစိုးရတစ်ရပ်ကို အာဏာ လွှဲပြောင်းမှု အဲဒီဖြစ်စဥ် ပေါ်လာမှာပေါ့၊ ဆိုတော့ အဲဒီဖြစ်စဥ်တွေ မပေါ်ခင် အခုကာလက စပြီးတော့ အစိုးရကို ရော၊ ပြည်သူကိုရော ခုနက ပြောတဲ့ဥစ္စာတွေပေါ်မှာ အဖြေထုတ်ကြတဲ့ အဖြေတစ်ခုခုကို ပေးနိုင်တယ်” ဟု ပြော သည်။
နေပြည်တော်၌ ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲသည် ရွေးကောက်ပွဲမတိုင်ခင် ကြားကာလတွင် ပြည်တွင်း နိုင်ငံရေး ပြေလည်မှုရရှိရန်၊ အမျိုးသားပြန်လည် ရင်ကြားစေ့နိုင်ရန်၊ တည်ငြိမ်သည့် ရွေးကောက်ပွဲကြီး တစ်ခုအား အတူပူးပေါင်းပါဝင်၍ အခြေခံဥပဒေအရ လက်တွဲဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ၏ အနာဂတ် အတွက် ကောင်းမွန်သည့် အစီအမံများအား တည်ဆောက်နိုင်ရန် စသည့် ကိစ္စရပ်များအတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်သူ သန်း ၂၀ နီးပါးရှိနေကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအတွက် ဒေါ်လာ (၁) ဘီလျံကျော် လိုအပ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒေသခံတိုင်းရင်းသားများအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများအား နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း အဖြေရှာရေး အားပေးရန် မေတ္တာရပ်ခံကြောင်း တိုက်တွန်းထားသည်။