CNI International News

ဂါဇာစီးတီး၊ မတ်လ ၂၀

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးအနေဖြင့် ဂါဇာအပစ်အခတ်ရပ်စဲရေး ကို အကောင်အထည်ဖော်ရန် ဟားမာ့စ်အဖွဲ့က မတ်လ ၁၉ ရက်တွင် တိုက်တွန်းခဲ့ပြီး ဆွေးနွေးညှိနှိုင်းရေး လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့သည် ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အစ္စရေးသည် မတ်လ ၁၉ ရက်က ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့သဖြင့် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာပြည်သူ့ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများသည် ကနဦး အဆင့်သာရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့ပြီးနောက် အစ္စရေးလေတပ်၏ စစ်ဆင်ရေးများ စတင်ခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂနှင့် ပြည်ပနိုင်ငံများကမူ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများတွင် အရပ်သား သေဆုံးမှု များပြားခဲ့ သည့်အတွက် ဝေဖန်ရှုတ်ချခဲ့သည်။

ထို့နောက် အပစ်အခတ်ရပ်စဲရေး ကျိုးပျက်ခဲ့ပြီးနောက် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံး သူ ၄၀၀ ကျော် ရှိလာခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂါဇာဒေသခံများ စစ်ပွဲဒဏ်ကို ခံစားရသည်ကို မြင်တွေ့ရစဉ်

ဟားမာ့စ်အဖွဲ့ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသစ်ကို ပြန်လည်ဖော်ဆောင်ရန် ဆွေးနွေးမှုများ လမ်းဖွင့်ထားသော်လည်း ဇန်နဝါရီ ၁၉ ရက်တွင် စတင် အသက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို သက်တမ်းတိုးရန် ငြင်းဆိုခဲ့သည်။

“ကျနော်တို့မှာ သတ်မှတ်ချက်တွေ မရှိပါဘူး။ ဒါပေမယ့် အစ္စရေးရဲ့ နယ်မြေသိမ်းပိုက်မှုနဲ့ စစ်ဆင်ရေးတွေကို ချက်ချင်း ရပ်တန့်စေလိုပြီး စေ့စပ်ညှိနှိုင်းမှု ဒုတိယအဆင့်ကို စတင်ဖို့ တောင်းဆိုထားပါတယ်” ဟု ဟားမာ့စ် အဖွဲ့က ထုတ်ပြန်ခဲ့သည်။

မတ်လ အစောပိုင်းက သက်တမ်းကုန်သွားခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့်အပြီး ဒုတိယအဆင့်ကို ဆက်လက် ဖော်ဆောင်ရန် ဆွေးနွေးညှိနှိုင်းမှုများတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား သဘောထားချင်း ကွဲလွဲနေသဖြင့် ဆွေးနွေးမှုများမှာ ရပ်တန့်နေခဲ့သည်။

အစ္စရေးနှင့် အမေရိကန်ကမူ ပထမအဆင့် သဘောတူညီချက်တွင် ပါဝင်သည့် သတ်မှတ်ချက်များကို ပြောင်းလဲ ရန် ကြိုးပမ်းနေသဖြင့် ဒုတိယအဆင့် ဆက်လက် ဖော်ဆောင်ရေးအတွက် နှောင့်နှေးကြန့်ကြာခဲ့ရခြင်းဖြစ်သည်။

ဟားမာ့စ်အဖွဲ့ကမူ ကနဦး သဘောတူညီချက်ကို ပြောင်းလဲမည့် အစ္စရေး၏ အဆိုပြုချက်အား ငြင်းဆိုခဲ့ပြီး မူလ သဘောတူညီချက် အတိုင်းသာ အပြည့်အဝ အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

Source: ဘန်ကောက်ပို့စ်