CNI International News

လူအန်ဒါ၊ မတ်လ ၁၉

ရဝမ်ဒါနိုင်ငံက ကျောထောက်နောက်ခံ ပေးထားသည့် M23 သူပုန်အဖွဲ့က ၎င်းတို့သည် အန်ဂိုလာနိုင်ငံတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ နုတ်ထွက်ကြောင်း မတ်လ ၁၇ ရက်၌ ပြောကြားခဲ့သည်ဟု DW သတင်းမှ ဖော်ပြခဲ့သည်။

M23 သူပုန်များသည် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန် ကွန်ဂိုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် M23 အဖွဲ့ ပါဝင်သည့် ကွန်ဂိုမြစ် မဟာမိတ် ညွန့်ပေါင်းသူပုန်အဖွဲ့ကမူ M23 အဖွဲ့နှင့် ရဝမ်ဒါအရာရှိများကို ဥရောပသမဂ္ဂက ပိတ်ဆို့မှုများ ချမှတ်ခဲ့သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှ နုတ်ထွက်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် အများအပြားက မျှော်လင့်အားထားခဲ့ကြသည့် ဆွေးနွေးမှုများကို အဟန့်အတားဖြစ်စေခဲ့ကြောင်း သူပုန်ညွန့်ပေါင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ရဝမ်ဒါနိုင်ငံကလည်း ၎င်းအား ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့ဖူးသည့် ဘယ်လ်ဂျီယံနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြောင်း မတ်လ ၁၇ ရက်က ပြောကြားခဲ့သည်။

M23 သူပုန်များကို တွေ့ရစဉ်

ထို့နောက် ဘယ်လ်ဂျီယံအစိုးရသည် ခေတ်သစ် ကိုလိုနီစနစ်ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။

ကွန်ဂိုသမ္မတ ဖီးလစ် ရှီဆက်ကီဒီ (Felix Tshisekedi) သည် အစိုးရနှင့် ဆယ်စုနှစ် တစ်စုကျော်ကြာ တိုက်ခိုက် လာခဲ့သည့် M23 သူပုန်များနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် အစောပိုင်းက ငြင်းဆိုခဲ့သည်။

သို့သော်  ရှီဆက်ကီဒီသည် ပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေပေးနေသည့် ၎င်း၏မဟာမိတ် အင်ဂိုလာနိုင်ငံနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် M23 အဖွဲ့နှင့် တွေ့ဆုံရန် အဆင်သင့် ဖြစ်နေပြီဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

လက်ရှိတွင် M23 သူပုန်များက ဆွေးနွေးပွဲမှ နုတ်ထွက်သွားသည့်တိုင် အစိုးရကိုယ်စားလှယ်အဖွဲ့သည် အင်ဂိုလာ နိုင်ငံ လူအန်ဒါ (Luanda) မြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ရှီဆက်ကီဒီ၏ ပြောရေးဆိုခွင့်ရှိသူ တီနာ ဆလာမာ (Tina Salama) က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း M23 သူပုန်အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ရဝမ်ဒါနိုင်ငံသည် M23 သူပုန်အဖွဲ့ကို ထောက်ပံ့ပေးနေကြောင်း အမေရိကန်နှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောကြားခဲ့သည့်တိုင် ရဝမ်ဒါအစိုးရ က M23 သူပုန်များကို ထောက်ပံ့ပေးနေခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

Source: DW