CNI International News
ဂျေရုဆလင်၊ မတ်လ ၁၉
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက မတ်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် အစ္စရေးနှင့် ဟားမာ့စ်အကြား ၂ လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကျိုးပျက်သွားခဲ့သည်။
အစ္စရေးကမူ ဂါဇာတွင် ဖမ်းဆီးခံထားရဆဲဖြစ်သည့် ကျန်ရှိနေသော ဓားစာခံများကို လွတ်မြောက်စေရန် အင်အား အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။
ဂါဇာဒေသ လေကြောင်းတိုက်ခိုက်ခံထားရသည်ကို တွေ့ရစဉ်
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကမူ ဓားစာခံများကို ပြန်လည်လွှတ်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များကို ငြင်းဆိုခဲ့သည့် ဟားမာ့စ်အဖွဲ့အား ပြင်းထန်စွာ ကိုင်တွယ်သွားရန် စစ်တပ်ကို ညွှန်ကြားထားသည်ဟု ပြောသည်။
“အခုကစပြီး အစ္စရေးဟာ ဟားမာ့စ်အဖွဲ့ကို စစ်အင်အားတိုးမြှင့်ပြီး အရေးယူသွားတော့မှာ ဖြစ်ပါတယ်” ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့ကမူ အစ္စရေးသည် ဇန်နဝါရီလက သဘောတူခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပယ်ဖျက်နေကြောင်း စွပ်စွဲခဲ့သည်။
ထို့နောက် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ဓားစာခံ ၅၉ ဦး၏ အနာဂတ်မှာ မသေချာ မရေရာမှုများ ပေါ်ပေါက် လာစေခဲ့သည်။
ယခုနောက်ဆုံးအကြိမ် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများသည် နေရာဒေ သအများအပြားကို ထိမှန်ခဲ့ပြီး သေဆုံးသူ အများစုသည် ကလေးများဖြစ်သည်ဟု ဟားမာ့စ်တို့ အုပ်ချုပ်ထားသည့် ဂါဇာကျန်းမာရေးဝန်ကြီးဌာန မှ အရာရှိများက ပြောကြားခဲ့သည်။
ဂါဇာဒေသ လေကြောင်းတိုက်ခိုက်ခံထားရသည်ကို တွေ့ရစဉ်
အစ္စရေး စစ်တပ်ကမူ ၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှုသည် ဒါဇင်နှင့်ချီသည့် ပစ်မှတ်များကို ထိမှန်ခဲ့ပြီး လိုအပ်သော အချိန်အထိ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်သဖြင့် အစ္စရေးမြေပြင် တပ်ဖွဲ့များသည် ဂါဇာတွင် စစ်ဆင်ရေးများ ပြန်လည် စတင်ဖွယ်ရှိနေသည်။
ကုလသမဂ္ဂ၏ ပါလက်စတိုင်း နယ်နိမိတ်ရေးရာ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းဆောင်ရွက်ရေးရုံးကမူ ဂါဇာတွင် အပစ်အခတ်ရပ်စဲမှုကို ပြန်လည်စတင်ရန် တိုက်တွန်းခဲ့သည်။
အစ္စရေးနိုင်ငံကလည်း ဟားမာ့စ်အဖွဲ့ သို့မဟုတ် ယီမင်နိုင်ငံ၏ တုန့်ပြန်တိုက်ခိုက်မှုများ ဖြစ်လာနိုင်ခြေရှိသည့် အတွက် စီးပွားရေးမြို့တော်ဖြစ်သော တဲလ်အဗစ် (Tel Aviv) မြို့တွင် ခိုလှုံရေးစခန်းများ ဖွင့်လှစ်ထားကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။
Source: ရိုက်တာ