CNI International News
ဂူဝါဟတီ၊ မတ်လ ၁၈
မီဇိုရမ်ပြည်နယ်အစိုးရသည် ဗဟိုအစိုးရထံမှ ငြိမ်းချမ်းရေးအပိုဆု ရရှိရန် မတ်လ ၁၆ ရက်က ကြိုးပမ်းခဲ့ကြောင်း The New Indian Express သတင်းမှ ဖော်ပြခဲ့သည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) သည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစည်းအဝေး ပြုလုပ်သည်။
ဝန်ကြီး အမစ်ရှားသည် ဒေသတွင်း ပြစ်မှုဆိုင်ရာဥပဒေသစ်များ ပြဋ္ဌာန်းရေးအတွက် လုပ်ငန်းစဉ်များကို စဉ်းစား သုံးသပ်ရန် ဂူဝါဟတီ (Guwahati) မြို့တွင် အစည်းအဝေး ခေါ်ယူခဲ့သည်ဟု မီဇိုရမ် (Mizoram)ပြည်နယ်ဝန်ကြီး ချုပ် လာဒူဟိုမာ (Lalduhoma) က မီဒီယာများကို ပြောကြားခဲ့သည်။
ထို့ပြင် မီဇိုရမ်ပြည်နယ်သည် ငြိမ်းချမ်းနေသည့်အတွက် လုံခြုံရေးနှင့်ဆက်နွှယ်သည့် အသုံးစရိတ်များ ရရှိခဲ့ခြင်း မရှိကြောင်းလည်း လာဒူဟိုမာက ပြောသည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာကို တွေ့ရစဉ်
“ကျန်တဲ့ပြည်နယ်တွေ အကုန်လုံးက လုံခြုံရေးနဲ့ဆက်နွှယ်တဲ့ အသုံးစရိတ်တွေ ရရှိခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ် ကတော့ မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပြည်နယ်ဟာ အိန္ဒိယမှာ အငြိမ်းချမ်းဆုံး ပြည်နယ်ဖြစ်နေလို့ ပါပဲ။ အဲဒါကြောင့် အငြိမ်းချမ်းဆုံး ပြည်နယ်ဖြစ်နေတာက အရှုံးသမားတစ်ယောက် ဖြစ်နေတဲ့ အဓိပ္ပာယ်ပါပဲ။ ငြိမ်းချမ်းရေးဟာ ပိုက်ဆံမရပါဘူး။ ငြိမ်းချမ်းမှုကနေ ဝင်ငွေတွေ မရပါဘူး”ဟု ပြောကြားခဲ့သည်။
ဗဟိုအစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်အတွက် လုံခြုံရေးနှင့်ပတ်သက်သည့် အသုံးစရိတ်ကို ပေးအပ်ခြင်းမပြုပါက မီဇိုရမ်ပြည်နယ်အတွက် ငြိမ်းချမ်းရေး အပိုဆုကြေး ပေးသင့်ကြောင်း၊ ထိုငြိမ်းချမ်းရေး အပိုဆုကြေးသည် ငြိမ်းချမ်းရေးအတွက် အသုံးပြုသည့် ငွေကြေးများ၏ သာဓကတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း လာဒူဟိုမာက ပြောသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရပြည်နယ်(အိန္ဒိယ)တို့မှ အိမ်ပစ်ရာပစ် ထွက်ပြေး တိမ်းရှောင်လာသည့် လူပေါင်း ၄၁,၀၀၀ ခန့်ကို လက်ခံထားရကြောင်းလည်း ၎င်းက ပြောသည်။
“ကျနော်တို့က သူတို့ကို ကျွေးမွေးစောင့်ရှောက် ထားရပါတယ်။ သူတို့ကလေးတွေကိုလည်း ပညာသင် ပေးနေ ရပါတယ်။ ဒါဟာ ကျနော်တို့ ပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေပါတယ်။ အဲဒါကြောင့် ဗဟိုအစိုးရ ဆီကနေ ထောက်ပံ့မှုတွေ လိုအပ်ပါတယ်”ဟု လာဒူဟိုမာက ပြောကြားခဲ့သည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားနဲ့ အရှေ့မြောက်ဒေသက ဝန်ကြီးချုပ်များတွေ့ဆုံ ဆွေးနွေးကြစဉ်
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်နေသည့် မီဇိုရမ်ပြည်နယ်(အိန္ဒိယ)၏ နယ်စပ်ဒေသကို လာဒူဟိုမာက ထောက်ပြခဲ့ပြီး မီဇိုရမ်ပြည်နယ်သည် နယ်စပ်များတွင် လူဝင်မှုစစ်ဆေးရေးဂိတ်များ ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ရဲဌာနတွင်လည်း ဝန်ထမ်းအင်အား လိုအပ်ချက် များပြားနေခြင်းသည် စွမ်းဆောင်ရည် ညံ့ဖျင်းနေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။
မီဇိုရမ်ပြည်နယ်အတွက် ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ အင်တာနက် ဆက်သွယ်ရေးဖြစ်ပြီး ဆက်သွယ် ရေးနှင့်နည်းပညာ ဝန်ကြီးဌာနအနေဖြင့် ထိုပြဿနာကို ဖြေရှင်းပေးရန် လာဒူဟိုမာက တိုက်တွန်းခဲ့သည်။
Source: The New Indian Express