CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ကူကီး(ဇို)လူမျိုးနှင့် ကသည်းလူမျိုးများကြား ပဋိပက္ခများ ဖြစ်ပွားနေခြင်း ကြောင့် ကူကီး(ဇို)လူမျိုးများအတွက် သီးခြားအုပ်ချုပ်မှုတစ်ခု ဖန်တီးပေးရန် မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO)က အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကို တွေ့ဆုံ၍ တောင်းဆိုခဲ့သည်။

ဝန်ကြီး အမစ်ရှားသည် မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာစဉ် အိုင်ဇောလ်မြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ယာ Raj Bhavan မှာ မတ်လ ၁၅ ရက်က ZORO အဖွဲ့ဖြင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြပြီးနောက် ZORO အဖွဲ့က ကူကီး(ဇို)များ ကို သီးခြားအုပ်ချုပ်ရေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

မဏိပူရပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ကူးကီး(ဇို) လူမျိုးများ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရ ကြောင်း၊ မဏိပူရပြည်နယ်ထဲမှာ ကူကီး(ဇို) လူမျိုးများနှင့် ကသည်း(Meitei) လူမျိုးများသည် အုပ်ချုပ်မှုတစ်ခု အောက်တွင် အတူနေထိုင်ရန် အဆင်မပြေတော့ကြောင်း၊ ထို့ကြောင့် ကူကီး(ဇို)လူမျိုးများအတွက် သီးခြား အုပ်ချုပ်မှုတစ်ခု ဖန်တီးပေးရန် ZORO အဖွဲ့က တောင်းဆိုခဲ့သည်။

 ချင်းသူပုန် ၂ ဖွဲ့ ပေါင်းစည်းရေး သဘောတူညီချက်ရပြီးနောက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ တွေ့ရစဉ်

ထို့ပြင် မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization (ZORO) က အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားထံ အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာသွားလာခွင့်စနစ်(FMR)ကို ပြန်လည်ခွင့်ပြုရန်လည်း တောင်းဆို ခဲ့သည်။ 

ကူကီး(ဇို)လူမျိုးများသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ စသည့် သုံးနိုင်ငံတွင် နေထိုင်လျက်ရှိပြီး ကူကီးလူမျိုး များ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး တစ်ရပ်ကိုလည်း ဆင်နွှဲလျက်ရှိသည်။

မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် ကာဗန်လာဗန်နာ(K.Vanlalvena)သည် မြန်မာနိုင်ငံအတွင်းက ချင်းလက်နက် ကိုင်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF/CNA)ဌာနချုပ်သို့ မတ်လ ပထမပတ်အတွင်းက သွားရောက်၍ ချင်း ပြည်နယ်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ပေါင်းစည်းရန် ဆွေးနွေးခဲ့သည်။

ထို့နောက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် မစ္စတာလာဒူဟိုမာကလည်း ချင်းသူပုန် ၂ ဖွဲ့ဖြစ်သည့် ချင်းပြည်ကောင်စီ (Chinland Council-CC)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ပေါင်းစည်းရေး သဘောတူညီချက် လက်မှတ်ထိုးစဉ်မှာ သဘာပဓိအဖြစ် ပါဝင်ခဲ့သည်။

မဏိပူရပြည်နယ် လွှတ်တော်အမတ်တစ်ဦးကလည်း မဏိပူရပြည်နယ်လွှတ်တော်ထဲမှာ တမူး-ကဘော်ချိုင့်ဝှမ်းကို မဏိပူရပြည်နယ်ထဲ ပြန်လည် ထည့်သွင်းနိုင်ရေး ဆောင်ရွက်ရန် အိန္ဒိယအစိုးရကို တိုက်တွန်း ဆွေးနွေးခဲ့သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကူကီး(ဇို)လူမျိုး အခြေပြု အဖွဲ့အစည်းများသည် နယ်စပ်ဖြတ်ကျော် ပေါင်းစည်းရေးကို ကြိုးပမ်းနေကြောင်း အိန္ဒိယအခြေစိုက် Deccan Herald သတင်းဌာနက ဖော်ပြခဲ့သည်။