CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၅

စပါးအသင်းကွင်းလယ် တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကူလူဆက်ဗ်စကီးဟာ စပါးအသင်းက ပဲလေ့စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲချိန် ၁၉ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။

ကူလူဆက်ဗ်စကီးဟာ လက်ရှိအချိန်မှာ သူ့ရဲ့ညာဘက်ဒူးကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ဒီရာသီ စပါးအသင်းရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်သွားခဲ့ပါတယ်။ 

အသက် ၂၅ နှစ်အရွယ်ရှိ ကူလူဆက်ဗ်စကီးဟာ ဒီရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၅၀ ပါဝင် ကစားထားပြီး ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားတာပါ။ 

စပါးအသင်းဟာ ကူလူဆက်ဗ်စကီး မတိုင်မီက ကွင်းလယ်လူတွေဖြစ်တဲ့ မက်ဒီဆန်နဲ့ ဘာ့ဂ်ဗောလ်ကို ဒဏ်ရာတွေ ကြောင့် ရာသီကုန်အထိ အနားပေးခဲ့ရတာ ဖြစ်ပါတယ်။

စပါးအသင်းအတွက်တော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ အဓိက ကစားသမားတွေကို ဆုံးရှုံးနေရတာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။ 

ကူလူဆက်ဗ်စကီးကို တွေ့ရစဉ်

ယူနိုက်တက်အသင်းကလည်း နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ ယိုရို ဒဏ်ရာတွေကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်မယ့်အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ 

စပါးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ အလွန်ဆိုးရွားနေပြီး စပါးအသင်း က အမှတ်ပေးဇယားအဆင့် ၁၇၊ ယူနိုက်တက်အသင်းက အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာပါ။ 

ဒါပေမယ့် နှစ်သင်းစလုံးဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲရင် ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်မယ့် မျှော်လင့်ချက် အတွက် ဗိုလ်လုပွဲကို အပြည့်အဝ အာရုံစိုက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ 

ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်မီ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းက အက်စတွန်ဗီလာ၊ ယူနိုက်တက်အသင်းက ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: bbc