CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၅

ရီးရယ်လ်အသင်းက မာယော့ကာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ၁ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးဘတ်ပီဟာ အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၄၀ ပြည့်သွားခဲ့ပါတယ်။

အဲဒါကြောင့် ဘတ်ပီဟာ ပွဲဦးထွက်ရာသီမှာ သွင်းဂိုး ၄၀ သွင်းယူနိုင်တဲ့ ပထမဆုံး ရီးရယ်လ်အသင်း ကစားသမား အဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာပါ။

ဒါအပြင် ဘတ်ပီဟာ ကလပ်အသင်းဂန္ထဝင် ဒီစတီဖာနို တင်ရှိထားတဲ့ လွန်ခဲ့တဲ့ ၇၁ နှစ်က စံချိန်တစ်ခုကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

ဒီစတီဖာနိုဟာ ရီးရယ်လ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ လာလီဂါသွင်းဂိုး ၂၇ ဂိုး သွင်းယူခဲ့တာကို ဘတ်ပီက ၁ ဂိုးအသာ သွင်းဂိုး ၂၈ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။ 

ဘတ်ပီဟာ ပွဲဦးထွက်ရာသီမှာ ရီးရယ်လ်အသင်းအတွက် လာလီဂါသွင်းဂိုး အများဆုံး သွင်းယူနိုင်တဲ့သူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်း ခေါင်းဆောင်ဟာ ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ် ဂိုးသွင်းယူပြီးနောက် ဇာမိုရာနိုရဲ့ ၃၂ နှစ်ကြာစံချိန်ကို ချိုးဖျက်ပြီး ပွဲဦးထွက်ရာသီမှာ ရီးရယ်လ် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ် 

ရီးရယ်လ်အသင်းဟာ မာယော့ကာအသင်းကို ရာမွန်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဘာစီလိုနာ အသင်းကို လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွင့် စောင့်ဆိုင်းစေခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အက်စ်ပန်ညိုအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့ရင် ဒီရာသီလာလီဂါ ချန်ပီယံအဖြစ် အောင်ပွဲခံလို့ရပြီ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ မာယော့ကာအသင်းနဲ့ ပွဲစဉ်မတိုင်မီမှာ ကစားသမား ၁၂ ဦးအထိ ဒဏ်ရာရရှိနေပေမယ့် အနိုင်ရလဒ်ရရှိအောင် ကစားနိုင်ခဲ့တာပါ။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လာလီဂါချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုဟာ ဘာမဆို ဖြစ်သွား နိုင်သေးတဲ့ အတွက် သူတို့ဆက်ပြီး တိုက်ပွဲဝင်နေမှာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် မေလ ၁၈ ရက်မှာ ဆီဗီလာအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: talksport