CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၄
နွေရာသီမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းကနေ ထွက်ခွာမယ့် လီဗာပူးလ်အသင်း ကစားသမား ဟောင်း ဖာမီနိုဟာ မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးလ်ထံ ပြန်ဖို့ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဖာမီနိုဟာ အယ်လ်အာလီအသင်းကို အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် ဒုတိယရာသီဝက်မှာ သူ့ကိုအသင်းလူစာရင်းထဲ ထည့်မသွင်းခဲ့တာကြောင့် အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေ အများအပြား ထွက်ပေါ်ခဲ့တာပါ။
ဖာမီနိုနဲ့ အယ်လ်အာလီအသင်းတို့ရဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
အယ်လ်အာလီအသင်း အကြီးအကဲက အသင်းမှာ ၂ နှစ်ကြာရှိခဲ့တဲ့ ဖာမီနိုကို နွေရာသီမှာ ထွက်ခွာခွင့်ပြုဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ဆော်ဒီမီဒီယာကို ပြောထားတာပါ။
ဖာမီနိုဟာ ဆော်ဒီပရိုလိဂ်မှာ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှု မရခဲ့ပေမယ့် အာရှချန်ပီယံလိဂ် အောင်မြင်မှု မှာ အရေးပါခဲ့တာ ဖြစ်ပါတယ်။
ဖာမီနိုဟာ အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာ အပါအဝင် ဒီပြိုင်ပွဲမှာ အာရှချန်ပီယံအသင်းအတွက် ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ခဲ့တာပါ။
ဖာမီနိုကို တွေ့ရစဉ်
ဖာမီနိုဟာ အယ်လ်အာလီအသင်းအတွက် ကစားခဲ့တဲ့ နှစ်ရာသီမှာ ပြိုင်ပွဲစုံ ၆၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။
ဖာမီနိုဟာ လက်ရှိအချိန်မှာ အသင်းသစ်ကို ရှာဖွေနေပြီး ဘရာဇီးလ်ထံ ပြန်သွားဖို့ ဆန္ဒပြင်းပြနေတဲ့ သူ့ကို ဖလာမင်ဂိုအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ ဖာမီနိုဟာ ဘရာဇီးလ်ကလပ် ဖီဂူရန်ဆီအသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး ဂျာမန် ကလပ် ဟော်ဖန်ဟိမ်းအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ဘရာဇီးလ် ကစားသမားဟာ ဟော်ဖန်ဟိမ်းအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီးနောက် လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဖာမီနိုဟာ လီဗာပူးလ်အသင်းမှာ ၈ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၇ ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Goal