CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၃ 

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို ဘရာဇီးလ် လက်ရွေးစင် အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ 

ရာသီကုန်မှာ ရီးရယ်လ်အသင်းက ထွက်ခွာမယ့် အန်ဆယ်လော့တီဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို လာလီဂါဘောလုံးရာသီအပြီး မေလ ၂၆ ရက်မှာ တရားဝင် စတင်ကိုင်တွယ်သွားမှာပါ။ 

အန်ဆယ်လော့တီဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ပထမဆုံး နိုင်ငံခြားသားနည်းပြ အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းကို နှစ်ကြိမ်ကိုင်တွယ်ခဲ့တာမှာ ဆုဖလားပေါင်း ၁၅ ခု ရယူပေးနိုင်ခဲ့တဲ့ အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ ဖြစ်လာ ခဲ့တာပါ။  

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က နည်းပြသစ် အန်ဆယ်လော့တီကို နွေးထွေးစွာကြိုဆိုပြီး သူ့ရဲ့ဦးဆောင်မှု အောက်မှာ အောင်မြင်မှု ခေတ်သစ်ကို မျှော်လင့်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ဘရာဇီးလ်အသင်းကို တွေ့ရစဉ်

ဒါအပြင် CBF က စာချုပ် ကျန်ရှိနေတဲ့ အန်ဆယ်လော့တီကို ထွက်ခွာဖို့ အဆင်ပြေအောင် ပြုလုပ်ပေးခဲ့တဲ့ ရီးရယ်လ်အသင်း အကြီးအကဲ ပီရက်ဇ်ကို ကျေးဇူးတင်ကြောင်းလည်း ပြောထားတာပါ။ 

အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့မတ်က ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဒိုရီဗယ်လ်ဂျူနီယာရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူသွားမှာပါ။

ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေပြီး ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။ 

အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်း နည်းပြသစ်အဖြစ် ဇွန်လထဲမှာကစားမယ့် ပါရာဂွေးနဲ့ အီကွေဒေါအသင်း တို့ ပွဲတွေကို သူ့ရဲ့ပထမဆုံးပွဲတွေအဖြစ် စတင်ကိုင်တွယ်မှာပါ။

အန်ဆယ်လော့တီဟာ သူ့ရဲ့နှစ်ပေါင်း ၃၀ ကြာ နည်းပြဘဝမှာ ရီးရယ်လ်အသင်း အပါအဝင် ဂျူဗင်တပ်စ်၊ အေစီမီလန်၊ PSG၊ ဘိုင်ယန်မြူးနစ်နဲ့ ဥရောပထိပ်တန်းအသင်းအချို့ကို ကိုင်တွယ်ကာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: BBC