CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၀
အာဆင်နယ်အသင်း ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားဟာ ချန်ပီယံရှစ်ကလပ် နော်ဝစ်ချ်အသင်းက သူ့ကို ယာယီနည်းပြအဖြစ်ကနေ အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာ ခဲ့ပါတယ်။
နော်ဝစ်ချ်အသင်းဟာ နည်းပြဖြစ်သူ ဂျိုဟာနက်စ်ကို ထုတ်ပယ်ခဲ့ပြီးနောက် အသင်းရဲ့ ဒီရာသီချန်ပီယံရှစ် နောက်ဆုံး ၂ ပွဲကို ကိုင်တွယ်ဖို့ ဝီလ်ရှိုင်းယားကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
ဝီလ်ရှိုင်းယားဟာ ဒီ ၂ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်ရရှိအောင် ကိုင်တွယ်ပေးခဲ့ပြီး နော်ဝစ်ချ်အသင်းကို အမှတ်ပေး ဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်ကာ ရာသီအဆုံးသတ်စေခဲ့ပါတယ်။
နော်ဝစ်ချ်အသင်း တာဝန်ရှိသူတွေဟာ အမြဲတမ်း နည်းပြသစ်တစ်ဦး ရှာဖွေခန့် အပ်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် ဝီလ်ရှိုင်းယားဟာ အသင်းကနေ ထွက်ခွာမယ်လို့ The Athletic က ဖော်ပြထားတာပါ။
အာဆင်နယ် ယူ-၁၈ အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ နော်ဝစ်ချ်အသင်းမှာ နည်းပြ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဝီလ်ရှိုင်းယားကို တွေ့ရစဉ်
ဝီလ်ရှိုင်းယားဟာ နော်ဝစ်ချ်အသင်း ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ၂ ပွဲမှာ မယ်ဒယ်ဘရော့အသင်းနဲ့ ဂိုးမရှိ သရေ၊ ကာဒစ်ဖ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၀၀ နီးပါး ပါဝင်ကစားခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ ကစားသမားဘဝမှာ ဘောလ်တန်၊ ဘုန်းမောက်၊ ဝက်စ်ဟမ်းနဲ့ AGF အသင်းတွေမှာ ကစားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၃၄ ပွဲကစားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ဝီလ်ရှိုင်းယားဟာ အသင်းဟောင်း အာဆင်နယ်အသင်းကို ပြန်ရောက်ရှိလာပြီး လူငယ်အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့တာပါ။
ဝီလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာ အသင်းတစ်သင်းကို အမြဲတမ်းနည်းပြအဖြစ် ကိုင်တွယ်နိုင်ဖို့ ရှာဖွေနေပြီး ဘယ်အသင်းကို ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: Dailymail