CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၉
ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက ဘက်တစ်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြပယ်လီဂရီနီနဲ့ ကွန်းဖရန့် လိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားတယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ပယ်လီဂရီနီကြောင့် ဘက်တစ်နဲ့ရင်ဆိုင်ရမှာကို ကျနော်ပျော်ရွှင်ပါတယ်။ သူက ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ်ဖခင်လိုပါပဲ။ အဲဒါကြောင့် ကျနော်တို့တွေ့ဆုံရမှာကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ပါတယ်။ သူနဲ့ ကျနော် ၄ နှစ်လက်တွဲခဲ့ပြီး ကစားသမားအဖြစ် ၂ နှစ်၊နည်းပြအဖြစ် ၂ နှစ်ပါ။ အဲဒါကြောင့် သူဟာ ကစားသမား တွေအပေါ် ဘယ်လိုထင်မြင်လဲဆိုတာကို ကျနော်အတိအကျသိပါတယ်။ အရေးကြီးဆုံးအရာက သူကရိုးသားပြီး လူကောင်းတစ်ဦးပါ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ယာဂါးဒန်းအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပထမအကျော့က ၄ ဂိုး-၁ ဂိုးနဲ့အနိုင်ရထားတဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၁ ဂိုးနဲ့အနိုင်ရပြီး ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ပယ်လီဂရီနီကိုင်တွယ်နေတဲ့ ဘက်တစ်အသင်းကလည်း ဖီအိုရင်တီးနားအသင်းကို ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်အချိန်ပိုမှာ ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရ ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးနဲ့ ဘက်တစ်အသင်းတို့ယှဉ်ပြိုင်ရမှာပါ။
မာရက်စ်ကာဟာ ပယ်လီဂရီနီကိုင်တွယ်ခဲ့တဲ့ မာလာဂါအသင်းမှာ ကစားသမားအဖြစ်ကစားခဲ့သလို နည်းပြအဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။
ဒါ့အပြင် မာရက်စ်ကာဟာ ပယ်လီဂရီနီ ဝက်စ်ဟမ်အသင်းနည်းပြဖြစ်လာချိန်မှာ လန်ဒန် ကလပ်ရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။
မာရက်စ်ကာဟာ ဘက်တစ်အသင်းရဲ့ ပြိုင်ဘက် ကြီးဖြစ်တဲ့ ဆီဗီလာအသင်းမှာ ကစားခဲ့ဖူးပြီး ယူရိုပါလိဂ် ၂ ကြိမ်နဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် ဥရောပဆုဖလား ၃ ခုစလုံး ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်မှာပါ။
ချယ်လ်ဆီးနဲ့ ဘက်တစ်အသင်းတို့ရဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကို မေ ၂၈ ရက်ကျရင် ပိုလန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Source: BBC